စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းပစ်သည့် စက်ရုံများကို ကျပ်နှစ်သိန်းအထိ ဒဏ်ရိုက်မည်

 

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်မြို့တွင်းရှိ စက်ရုံ ၃၄၀၀ ကျော်အနက် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ပစ်သည့်လုပ်ငန်းများမှာ အများဆုံး ကျပ်နှစ်သိန်းအထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် က ပြောကြားသည်။

လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များစွာပါဝင်သည့် မီးခိုးများစွန့်ပစ်ခြင်း၊ ရေမြောင်းများအတွင်း ရေဆိုးများစွန့်ထုတ်ခြင်း၊ စက်ရုံတွင်အမှိုက်မျိုးစုံကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများအတွက် ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရည်ရွက်ချက်က ပိုက်ဆံလိုချင်တာမဟုတ်ဘူး။ ဒဏ်ရိုက်ချင်တာမဟုတ်ဘူး။ လေထုထဲကို မီးခိုးမည်းမည်းတွေ မပစ်ဖို့။ Waste Water (ရေဆိုး)တွေ စွန့်ပစ်မယ်ဆိုရင် Treatment (ပြုပြင်ပြီး) တွေလုပ်ပြီး စွန့်ပစ်ဖို့၊ အမှိုက်တွေကိုစနစ် တကျခွဲပြီးစွန့်ပစ်ဖို့ အဲဒီသုံးခုကိုဖြစ်စေချင်လို့ လုပ်တာပါ” ဟု ၎င်းက The Voice သို့ ပြောကြားသည်။

အဆိုပါအစီအစဉ်အရ စက်ရုံများကို ယခု ဇူလိုင်လ ၁ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး စက်ရုံအမျိုးအစားအလိုက် ဒဏ်ကြေးငွေ ကျပ်ငါးသောင်း၊ တစ်သိန်းနှင့် နှစ်သိန်းအထိ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

“မီးခိုးခေါင်းတိုင်က မီးခိုးထွက်ရင် ဒဏ်ရိုက်မယ်ဆိုတော့ မီးခိုးထွက်တာနဲ့ ဘာလို့ဒဏ်ရိုက်မှာတုန်း။ စက်ရုံက အလုပ်လုပ်ရင်တော့ မီးခိုးထွက်မှာပဲလေ။ ဘာပါသလဲဆိုတာကို ကြည့်ရမယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က The Voice သို့ ပြောကြားသည်။

မီခိုးများတွင်ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏ၊ စက်ရုံ များကစွန့်ပစ်သည့် ပျော့ဖတ်များတွင် အက်ဆစ်များ ပါဝင်ခြင်းရှိမရှိ၊ အရက်ချက်စက်ရုံများက ရေဆိုးများကို သန့်စင်၍ စွန့်ပစ်ခြင်း ရှိ မရှိ စသည်တို့ကို စံနှုန်းများ၊ ဥပဒေများသတ်မှတ်၍ အရေးယူသင့်ကြောင်း ၎င်းကဆိုသည်။

YCDC သည် စက်ရုံများက ထွက်ရှိသည့်အမှိုက်များကို စီးပွားဖြစ် အမှိုက်များဟုသတ်မှတ်ကာ သိမ်းဆည်းပေးခြင်းမရှိသောကြောင့် ရွှေလင်ပန်း စက်မှုဇုန်သည် ပုဂ္ဂလိကအစီအစဉ်ဖြင့် အမှိုက်ပုံများထားပြီး YCDC ကို လောင်စာဆီဖိုးပေး၍ အမှိုက်သိမ်းခိုင်းနေရကြောင်း ၎င်းကဆိုသည်။

ဒဏ်ရိုက်ခံရသော စက်ရုံများစာရင်းကို တစ်လတစ်ခါ ထုတ်ပြန်မည်ဖြစ်သော်လည်း စက်ရုံ၏ဂုဏ်သိက္ခာကို ငဲ့ညာ၍ စက်ရုံနာမည်များကိုမကြေညာဘဲ ဒဏ်ရိုက်ခံရသည့် စက်ရုံအရည်အတွက်ကိုသာ ထုတ်ပြန်မည်ဟု ဒေါက်တာအောင်မြင့်မော် က ပြောကြားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၄ ဇုန် တွင် စက်ရုံပေါင်း ၃၄၇၄ ရုံရှိကြောင်း YCDC စာရင်းများအရသိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *