ရာသီဥတုဆိုင်ရာ ရပ်တည်ချက် တစ်စုံတစ်ရာပြောင်းလဲနိုင်ဟု အမေရိကန်သမ္မတပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၁၄

 

ပဲရစ် ရာသီဥတုဆိုင်ရာသဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ထားသော်လည်း ယင်းကဲ့သို့ ရပ်တည်ထားသည်ကို ပြောင်းလဲနိုင်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၂၀၁၅ ပဲရစ် သဘောတူညီချက်ကို ငြင်းပယ်ကာ အမေရိကန်ပထမကုန်သွယ်ရေးရပ်တည်ချက်ကို သမ္မတထရမ့် ကိုင်ဆွဲ ထားခြင်းကြောင့် ဥရောပတွင် မိတ်ဆွေရှားလျက်ရှိသော်လည်း အမေရိကန်နှင့် ပြင်သစ်နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်း မွန်လာစေရန် နှစ်နိုင်ငံခေါင်းဆောင်များ ကြိုးပမ်းလျက်ရှိသည်။

“ပဲရစ် သဘောတူညီချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့။ အဲလိုဖြစ်လာ ရင်တော့ ဝမ်းသာဖို့ကောင်းမှာပါ။ မဖြစ်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်” ဟု အမေရိကန်သမ္မတက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အဆိုပါ ရာသီဥတုဆိုင်ရာ သဘောတူညီချက်သည် တရုတ်နှင့် အိန္ဒိယကဲ့သို့သော ပတ်ဝန်းကျင်ညစ်ညမ်းမှုအများဆုံး ဖြစ်စေသည့် နိုင်ငံများကို ပျော့ပျောင်းစွာ ကိုင်တွယ်နေသော်လည်း အမေရိကန်စက်မှုလုပ်ငန်းများကို ဘေးတွေ့စေသည်ဟု ထရမ့်က ရှုမြင်ထားသည်။

“အလုပ်အကိုင် ထိန်းထားချင်တဲ့ ဆန္ဒကို ကျွန်တော်လေးစားပါတယ်။ အဲဒီ ပဲရစ်သဘောတူညီချက်နဲ့ကိုက်ပါတယ်။ ဒီနေ့မှာ မမျှော်လင့်တဲ့ ရုတ်တရက်အပြောင်းအလဲ မရှိပါဘူး။ ရှိရင် ကျွန်တော်တို့ထုတ်ပြန်မှာပါ။ အဲဒီအရေးကို ဆက်ဆွေးနွေးဖို့ ရည်ရွယ်ချက်ရှိပါတယ်” ဟု ပြင်သစ်သမ္မတမတ်ခွန်က ပြောကြားသွားသည်။

ကမ္ဘာ့ရေးရာအရေးများတွင် ပြင်သစ်၏ အခန်းကဏ္ဍမြှင့်တင်ရန် ပြင်သစ်သမ္မတလိုလားလျက်ရှိသလို ကမ္ဘာ့ခေါင်းဆောင် များကြားတွင် အထီးကျန်နေသည့် အမေရိကန်သမ္မတသည်လည်း နိုင်ငံခြားခေါင်းဆောင်များကြားတွင် မိတ်ဆွေရှာဖွေလျက် ရှိသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်သည်ဆိုသော စွပ်စွဲမှုများသည် အမေရိကန်သမ္မတထရမ့်၏ ပြင်သစ် ခရီးစဉ်ကို အနှောင့်အယှက်ပေးလျက်ရှိသည်။

သောကြာနေ့တွင် ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲနှင့် ပထမကမ္ဘာစစ်တွင်း အမေရိကန်ပါဝင်မှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲများသို့ အမေရိကန် သမ္မတ တက်ရောက်မည်ဖြစ်သည်။

မေလတွင်း ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ခပ်တန်းတန်း နှုတ်ဆက်ခဲ့သော်လည်း လက်ရှိအကြိမ်တွင် မတ်ခွန်သည် ထရမ့်ကို နွေးထွေးစွာလက်ဆွဲနှုတ်ဆက်ခဲ့သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *