ဒစ်ဂျစ်တယ် စက္ကန့်များ

အလုပ်လာလျှောက်ရန် ဖုန်းဆက်လာသည်က ညနေ ၃ နာရီခန့်တွင် ဖြစ်သည်။ ညနေ ၅ နာရီနောက်ဆုံးထား အလုပ်လျှောက်ရန် CV (ကိုယ်ရေးအချက်အလက်)ပို့ရမည်ဆိုသောအခါ အချိန်နီးကပ်လွန်း၍ အတော်အခက် တွေ့သွားသည်။

သို့သော်လည်း သူငယ်ချင်းအိမ်တွင် ရှိသည့် လက်ပ်တော့ဖြင့် CV ရေးရန် ပြင်ဆင်ရသည်။ CV စနစ်တကျ ရေးရန် အင်တာနက်တွင် ရှာရမည်။ ထို့ကြောင့် ဖုန်းကိုအရင်ဖွင့်၍ အင်တာနက် Hotspot လွှင့်၍ လက်ပ်တော့ တွင် သုံးရန် ပြင်ရသည်။

ထိုနောက် Google တွင် CV ပုံစံရှာရသည်။ အလွယ်ဆုံးနှင့်အရှင်းဆုံးတစ်ခုကိုရွေးလိုက်ပြီးနောက် အဆိုပါ ပုံစံတူ Word ဖိုင်ဖွင့်၍ စာရိုက်သည်။ ထိုနောက်တွင် ဓာတ်ပုံကပ်ရန် လိုလာပြန်သည်။ ထိုကြောင့် ကင်မရာမှ ဖုန်းဖြင့် ဓာတ်ပုံရိုက်၊ ထိုနောက် ဓာတ်ပုံကို လက်ပ်တော့ထဲပို့ သည်။ လက်ပ်တော့ဖြင့် ဓာတ်ပုံကို ပြင်၍ အသင့်ရိုက်ပြီးသား CV တွင် ကပ်သည်။ အဆိုပါ CV တစ်ခုလုံးကို PDF ဖိုင် ပြောင်းလိုက်ပြီးနောက် အလုပ် လျှောက်ရန် အသင့်ဖြစ်သွားပေသည်။

နောက်ဆုံးတွင် Gmail အကောင့်ကိုဖွင့်၍ အလုပ်ဌာနသို့ CV ပို့၍ အလုပ်လျှောက်လေသည်။ တစ်နာရီခန့် အချိန်အတွင်း အလုပ်လျှောက်သည့်ကိစ္စ ပြီးမြောက်သွားပြီဖြစ်သည်။

အထက်ပါဖြစ်ရပ်မှာ အသက် ၃၀ အရွယ် ကိုဇေယျာ၏ ပြီးခဲ့သည့် လပိုင်းအတွင်းအလုပ်လျှောက်သည့် အတွေ့ အကြုံဖြစ်လေသည်။ ၂၀၁၀ ပြည့်နှစ် မတိုင်မီကမူ ယခုလိုမဟုတ်သေး။ အလုပ်လျှောက်ရန်အတွက် CV မိတ္တူကိုကိုင်၍ လုပ်ငန်းခွင်သို့ ကိုယ်တိုင်ကိုယ်ကျသွားတင်ရသည့်ကာလများက ကုန်လွန်ခဲ့ပြီ ဖြစ်သည်။

“အင်တာနက်တွေ ရှိလာတဲ့အခါကျ ကိုယ်ကသုံးတတ်ဖို့ပဲလိုတော့တယ်။ အရမ်းမြန်လာတယ်လေ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကွန်ပျူတာနှင့် ဖုန်းများ တွင်ကျယ်လာခြင်းကအချိန်ကို ကျုံ့သွားစေပြီဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ ကိစ္စများစွာကို လူကိုယ်တိုင်သွားရန် မလိုတော့။ ကမ္ဘာနှင့် ရင်ပေါင်တန်းရသည့် ခေတ်တွင် လုပ်စရာက များသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးချ၍ အချိန်ကိုချုံ့ရန်သာ။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစ၍ ဆင်းကတ်များလွယ်လင့်တကူရရှိလာခြင်းက ယခုကဲ့သို့ ပြောင်းလဲမှု၏ အစပင်ဖြစ်သည်။ သမ္မတဦးသိန်းစိန်အစိုးရက ဆက်သွယ်ရေးဈေးကွက်အတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုတည်း အပိုင်စီးထားမှုကို ဖြိုချခဲ့ပြီးနောက် နော်ဝေနိုင်ငံမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အူးရီဒူးကဲ့သို့ ဆက်သွယ်ရေး ကုမ္ပဏီများ ဝင်ရောက်လာခဲ့သည်။ ထိုအခါ ကျပ်သိန်းနှင့်ချီ၍ ဈေးပေါက်ခဲ့သော ဆင်းကတ်များမှာ ၁၅၀၀ ကျပ်အထိ ဈေးနှုန်းများ ခုန်ဆင်းသွားခဲ့သည်။

စမတ်ဖုန်းတစ်လုံးရှိ၍ အင်တာနက်လိုင်းကောင်းလျှင် ကမ္ဘာကြီးတစ်ခုလုံး လက်ထဲရောက်သလိုပင်။ သုံးတတ်လျှင် အလိုရှိရာကိစ္စများစွာကို လုပ်ဆောင်နိုင်သည်။

လူတစ်ယောက် အိပ်ရာမှထရန် ဖုန်းထဲမှ နှိုးစက်က အသံမြည်သည်။ မနက်စာစားချိန်တွင် သတင်းစာကို ဖုန်းထဲမှပင် ဖတ်နိုင်သည်။ ရုံးသွားချိန်ရောက်သောအခါ ဖုန်းထဲမှ Application ဖြင့် ခေါ်ယူထားသည့် တက္ကစီဖြင့် သွားသည်။ ရုံးသို့ရောက်သောအခါ ကွန်ပျူတာကို ဖွင့်သည်။ အီးမေးလ်ကိုစစ်သည်။ အကြောင်း ပြန်ရမည့် စာများကို အကြောင်းပြန်သည်။ Facebook တွင် ဘာတွေဖြစ်နေလဲဆိုသည်ကို တက်ကြည့်သည်။ ထို့နောက် အလုပ်အတွက် လိုအပ်သည့် အချက်အလက်များကို အင်တာနက်မှပင် Googling လုပ်၍ ရှာဖွေသည်။ နေ့လယ်စာစားချိန်ရောက်၍ ထမင်းဘူးမပါလျှင် ဖုန်းဆက်၍ပင် Delivery လာပို့သည့် နေ့လယ်စာ ထမင်းဘူးကိုစားသည်။ ထို့နောက် ကွန်ပျူတာဖြင့်ပင် အလုပ်လုပ်၍ ရုံးဆင်းချိန်ရောက်လျှင် ပြန်လာသည်။ အိမ်သို့ရောက်လျှင် ရေချိုး၊ ညစာ စားပြီးနောက် ဖုန်းဖွင့်၍ Facebook ပေါ်တက်၍ ကြည့်သည်။ ဖုန်းဘေလ်ကုန် လျှင်လည်း Moblie Banking ဖြင့်ပင် ဝယ်ယူလိုက်သည်။ ထို့နောက်တွင် မနက်ဖြန်အတွက် လုပ်ရမည့် ကိစ္စများကို အချိန်သတ်မှတ်၍ နှိုးစက်ပေးထားသည်။ မနက် အိပ်ရာထရမည့်အချိန်ကိုလည်း နှိုးစက်ပေးသည်။ ထို့နောက်တွင် အိပ်ရာဝင်သည်။

မြို့ပြတွင်နေထိုင်သည့် ဉာဏလုပ်သားတစ်ဦး၏ နေ့စဉ်ဘ၀တွင် ဒစ်ဂျစ်တယ် ကိရိယာများက မည်မျှအရေးပါသနည်း ဆိုသည်ကို အထက်ပါဖြစ်ရပ်က ဖော်ပြလျက်ရှိသည်။

ထိုမျှမကဘာသာစကားမျိုးစုံ သင်တန်း၊ ဈေးရောင်းဈေးဝယ်၊ ကြော်ငြာ၊ အရောင်းမြှင့်တင်ခြင်း၊ ဈေးကွက် သတင်းအချက်အလက်ရယူခြင်း၊ ငွေလွှဲခြင်း၊ သတင်းဖတ်ခြင်းကဲ့သို့ လုပ်ဆောင်ချက်များစွာကိုလည်း အွန်လိုင်း မှ လုပ်ဆောင်နိုင်ပြီဖြစ်သည်။

ပစ္စည်းတစ်ခုဝယ်ချင်လျှင် ယခင်က ဈေးမျိုးစုံကို လိုက်ပတ်ကြည့်ကြရသည်။ ယခုက ကိုယ်တိုင်သွားရန် အချိန်မရလျှင် အင်တာနက်ဖွင့်၍ အွန်လိုင်းပေါ်တက်ကြည့်သည်။ အချက်အလက်များကိုလည်း အွန်လိုင်းမှပင် မေးမြန်းကြသည်။ ကြိုက်လျှင် ငွေလွှဲသည်။ ထို့နောက်တွင် ပစ္စည်းလာပို့သူက အိမ်တိုင်ရာရောက်လာပို့သည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ပြည်တွင်းမှသာမက ပြည်ပမှပစ္စည်းများကိုလည်း ကုန်သည်ချင်း ချိတ်ဆက်၍ ငွေလွှဲခြင်းဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။

သို့သော်လည်းဆိုးကျိုးများအဖြစ် မှာထားသည့်ပစ္စည်းနှင့်လာပို့သည့် ပစ္စည်းကွဲလွဲခြင်း၊ အွန်လိုင်းတွင် ကြည့်သည့် ပစ္စည်းက အရည်အသွေးကောင်းသော်လည်း လာပို့သည့်ပစ္စည်းက အရည်အသွေးမမီခြင်းကဲ့သို့ ပြဿနာများကမူ ရှိနေဆဲဖြစ်သည်။

“ပစ္စည်းတွေ စမ်းပြီးမှာဖူးပါတယ်။ စာအုပ်စင်လေးတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့ အပေါ့စားစက်လေးတွေ လာပို့ကြ ပါတယ်။ အဆင်ပြေပါတယ်”ဟု လှိုင် သာယာမြို့နယ် အမှတ် (၂၀) ရပ်ကွက်မှ မစန္ဒာမြင့်က ဆိုသည်။

လူငယ်များသင်တန်းတက်ချင်ပါကလည်း သင်တန်းမျိုးစုံကို အွန်လိုင်းမှပင် ရှာဖွေနိုင်ပြီဖြစ်သည်။ ဂစ်တာတီး သင်တန်း၊ သီချင်းဆိုသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဖုန်းပြင်သည့်သင်တန်း၊ အင်္ဂလိပ်စာအပါအဝင် ဘာသာစကားမျိုးစုံသင်တန်း၊ Marketing သင်တန်း၊ စာရင်းကိုင်သင်တန်းစသည့်ဖြင့် သင်တန်း မျိုးစုံကို ထိုင်ရာမထ ရှာဖွေနိုင်ပြီဖြစ်သည်။ ယင်းသို့ပြင်ပတွင်တက်ရသည့် သင်တန်းများအပြင် အွန်လိုင်းမှပင် သင်ကြား ပေးသည့် သင်တန်းများလည်းရှိပြီး အချို့မှာလည်းသင်တန်းခွေများ၊ ပို့ချချက်များကို မမ်မိုရီစတစ်များဖြင့် ရောင်းချခြင်းများလည်းရှိနေပြန်သည်။

ကျောင်းသင်ခန်းစာများကိုလေ့လာရန်အတွက်လည်း အင်တာနက်ကို သုံး၍ လိုချင်သည့်အချက်အလက်ကို ရှာဖွေနိုင်ပြီဖြစ်သည်။ Googling လုပ်ခြင်းဖြင့် ပညာရှင်များပြုစုထားသည့် စာတမ်းများ၊ စာအုပ်များကို အင်တာ နက်မှပင် အလွယ်တကူ Download ရယူကြည့်ရူနိုင်ပြီဖြစ်သည်။ ပြည်တွင်းမှသာမက ပြည်ပမှ နာမည်ကျော် တက္ကသိုလ်များမှ ပါမောက္ခများကိုယ်တိုင်ပို့ချချက်များကို ဗီဒီယိုများမှလည်းကောင်း၊ စာတမ်းများမှ လည်းကောင်းလေ့လာနိုင်ပြီ ဖြစ်သည်။

အဝတ်အထည်နှင့် အလှကုန်များမှစ၍ မော်တော်ယာဉ်ရောင်းဝယ်ခြင်း၊ ပရိဘောဂပစ္စည်းအသစ်၊ အဟောင်း မျိုးစုံ၊ ဂစ်တာအသစ်အဟောင်းမျိုးစုံ၊ ဖုန်းအသစ်အဟောင်းမျိုးစုံအစရှိသည့် မရေတွက်နိုင်သည့် ရောင်း ဝယ်မှုပေါင်းများစွာကိုလည်း အင်တာနက်မှတစ်ဆင့် လုပ်ဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာနက်များရရှိလာပြီးနောက်တွင် App များလည်း ထွက်ပေါ်လာပြန်သည်။ တက္ကစီ ငှားသည့် Uber, Grab, Oway ကဲ့သို့ App များမှာလည်းယနေ့ခေတ်အတွက် ရန်ကုန်မြို့နေများအတွက် အသုံးဝင်သည့် App များဖြစ်လာသည်။ အဆိုပါ App များမှ တစ်ဆင့် ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် တက္ကစီကို ငှားစီးနိုင်ပြီဖြစ်သည်။ ဘဏ်များကထုတ်လုပ်ထားသည့် App များစွာကိုသုံး၍လည်း Mobile Banking စနစ်ဖြင့် ငွေပို့ငွေလွှဲခြင်းများ ပြုလုပ်နိုင်သေးသည်။

Wave Money နှင့် OK Dollar ကဲ့သို့ Mobile Banking များကြောင့်လည်း မီတာခဆောင်ခြင်းကဲ့သို့ အသေး စားငွေကြေးကိစ္စများတွင် လူကိုယ်တိုင်သွားရန်မလိုဘဲ အင်တာနက်မှပင် လုပ်ဆောင်နိုင်ပြီဖြစ်သည်။

ခရီးသွားလိုသူများအတွက်လည်း မိမိသွားလိုသည့် ခရီးစဉ်များ၊ ဒေသအခြေအနေနှင့် အခြားလိုအပ်သည့် အချက်အလက်များကိုလည်း အွန်လိုင်းမှပင် ရှာဖွေနိုင်သည်။ ထိုပြင် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကို အွန်လိုင်းမှပင် ရွေးချယ်နိုင်သည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

အလုပ်မရှိ၍ အလုပ်ရှာချင်လျှင်ပင် အင်တာနက်ကိုသုံး၍ ရှာဖွေမှုများက ခေတ်စားလာသည်။ အလုပ်ရှာဖွေရေး ဝက်ဘ်ဆိုက်များက မိမိအရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်မျိုးစုံကိုခေါ်လျက် ရှိပြီးရှာဖွေတတ်ရန်တော့ လိုပေလိမ့်မည်။

အင်းစိန်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မနန့်မေသဉ္ဇာသည် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူမဘ၀တွင် အလုပ်ခြောက်ခုလျှောက်ခဲ့ရာ တစ်ခုကိုသာ လူကိုယ်တိုင်လျှောက်ခဲ့ဖူးပြီး ကျန်အလုပ်ငါးခုမှာ အွန်လိုင်းမှ တစ်ဆင့်လျှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ အလုပ်ငါးခုလုပ်ဖူးတယ်။ ငါးခုလုံး အွန်လိုင်းကနေလျှောက်ဖူးတာ။ အင်တာဗျူးတွေ၊ စကောလားရှစ်တွေ ခဏခဏ လျှောက်ဖူးတယ်။ ပညာရေးနဲ့ ပတ်သက်တာအတွက်လည်း သုံးတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိလုပ်ကိုင်နေသည့် NGO အလုပ်ကိုလည်းအွန်လိုင်းမှပင် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြန်လည် ပြောဆိုသည်။

အင်တာနက်အသုံးပြုသူ များပြားလာခြင်းကြောင့် မိုဘိုင်းလ်ဂိမ်းတီထွင်သူများလည်း ပေါ်ပေါက်လာခဲ့ပြီး အဆိုပါ ဂိမ်းများကို ပြန်လည်ရောင်းချ၍ ဝင်ငွေရှာဖွေသည့် လုပ်ငန်းများကိုလည်း နည်းပညာကျွမ်းကျင်သည့် လူငယ်များက စိတ်ဝင်တစားရှိလာကြသည်။

သို့သော် တစ်ဖက်တွင်လည်း ဆိုးကျိုးများရှိနေသည်။ အင်တာနက်လွယ်လင့်တကူရရှိလာသည့်ခေတ်တွင် အွန်လိုင်းပေါ်၌ ဆိုရှယ်မီဒီယာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် အချိန်ပိုကုန်ခြင်း၊ ငွေပိုကုန်ခြင်းနှင့် ကျန်းမာရေးထိခိုက်ခြင်းဟူသည့် ဆိုးကျိုးများကို ခံစားလာကြရသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ Facebook ကိုသာလူအများကအဓိကသုံးစွဲကြပြီး အင်တာနက်သတင်းစာမျက် နှာများ၊ Google နှင့် Wikipedia ကဲ့သို့သော အင်တာနက်စာမျက်နှာများကို သုံးစွဲမှုနည်းလျက်ပင်ရှိသည်။ ထို့ပြင် Facebook သုံးစွဲသူအများစုကမူ အင်တာနက်အီးမေးလ် Gmail ကို ပုံမှန်သုံးစွဲသည့် အလေ့အထပင် မရှိကြသေးချေ။

မြန်မာ့လူဦးရေ၏ ၉၃ ရာခိုင်နှုန်းမှာ ဖုန်းသုံးစွဲလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အင်တာနက်ကိုသုံးစွဲသူမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ခုနစ်သန်းသာရှိရာမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ၁၄ သန်းရှိလာသည်။ အဆိုပါ ကာလအတွင်း ဆိုရှယ်မီဒီယာကို သုံးစွဲသူမှာ ရှစ်သန်းမှ ၁၄ သန်း ဖြစ်လာသည်။

ဆိုရှယ်မီဒီယာတွင် Facebbok ကိုသုံးစွဲသူမှာ ၁၄ သန်းခန့်(ဆိုရှယ်မီဒီယာ များ၏ ၉၇ ရာခိုင်နှုန်း) ရှိပြီး နေ့စဉ်ပုံမှန်သုံးစွဲသူမှာ ၄၉ ရာခိုင်နှုန်းခန့်ရှိသည်။ အများစုဖြစ်သည့် ၉၃ ရာခိုင်နှုန်းမှာ ဖုန်းဖြင့် သုံးစွဲကြခြင်း ဖြစ်ကြောင်း Digital in 2017; Southeast Asia အစီရင်ခံစာအရသိရသည်။

Facebook သုံးစွဲသူများမှာ တစ်နေ့လျှင် နှစ်နာရီဝန်းကျင်ခန့် ပုံမှန် သုံးစွဲကြကြောင်းThe Voice က မေးမြန်း မှုများအရ သိရသည်။

“Facebook ကိုဖုန်းနဲ့ပဲသုံးတယ်။ စိတ်ကူးရတဲ့အချိန် ကြည့်လိုက်တာပဲ။ တစ်နေ့ကို သုံးခါလောက်ကြည့်တယ်။ ဖေ့ဘုတ်ထဲက ကြည့်စရာတွေကုန်တဲ့ အထိ။ တစ်ပတ်ကျော်ကျော်လောက်ကို ငါးထောင်လောက်ကုန်တယ်” ဟု ဒဂုံမြို့ သစ်တောင်ပိုင်းနေအသက် ၆၇ နှစ်အရွယ် ဒေါ်ယဉ်ယဉ်သန်းကဆိုသည်။

၂၀၁၅ ခုနှစ်က ထုတ်ပြန်သည့် Digital in 2017 အစီရင်ခံစာအရ Facebook သုံးစွဲသူအများစုမှာ အသက် ၂၀ မှ ၂၉ နှစ်အရွယ် လူလတ်ပိုင်းများက သုံးစွဲသူခုနှစ်သန်းအနက် ထက်ဝက်နီးပါးရှိနေပြီးအသက် ၆၀ အထက် အရွယ်များကမူ အနည်းဆုံးဖြစ်သည်။ Facebook သုံးစွဲမှုတွင် အမျိုးသားများက ၆၄ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး သုံးစွဲမှုက ၃၆ ရာခိုင် နှုန်းရှိသည်။ ယင်းစာရင်းသည် ၂၀၁၅ နိုဝင်ဘာလအထိကောက်ယူထားသည့် စာရင်းများ ဖြစ်သည်။ အချက်အလက်များအရ Facebook က မြန်မာနိုင်ငံတွင် ယှဉ်နိုင်သူမရှိဗိုလ်စွဲသည်။ အစိုးရဌာန များနှင့် တပ်မတော်သည်ပင် Facebook ပေါ်မှတစ်ဆင့် သတင်းထုတ်ပြန်ရသည်ကို ကြည့်လျှင် Facebook စွမ်းအားကို တွေ့နိုင်သည်။

ဆိုရှယ်မီဒီယာများကို အများစုမှာ အပျော်သုံးအဖြစ် သုံးနေကြခြင်းသော်လည်း ဘ၀တိုးတက်ရေးအတွက် သုံးနေကြသူအချို့လည်း ရှိနေပြန်သည်။

အသက် ၂၆ နှစ်အရွယ် အမည်ရင်း ကိုဆက်ပိုင်အောင်သည် လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ သူက မှတ်တမ်းရုပ်ရှင်များကို ရိုက်လေ့ရှိသူဖြစ်သည်။ နိုင်ငံခြားရုပ်ရှင်ပွဲတော်များကို အွန်လိုင်းမှကြည့်၍ ဝင်ပြိုင် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်လည်း သူက မှတ်တမ်းရုပ်ရှင်ကားများဖြင့် ဝင်ပြိုင်ခဲ့သေးသည်။

“သုံးခုလုံး (Laptop,Tablet,Smartphone ) နဲ့သုံးတယ်။ Facebook (သုံးတာ) တစ်နေ့ကိုနှစ်နာရီလောက် တော့ရှိမယ်ထင်တယ်။ Logout ပြန်မထွက်ထားပါဘူး၊ သုံးထောင်တန်ဘေလ်ကတ်တစ်ကတ်ကို နှစ်ရက် ခံပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေ အကြည့်များပါတယ်။ ဗြိတိသျှကောင်စီဝက်ဆိုက်တွေ ကြည့်ဖြစ်တယ်။ Facebook အသုံးများတယ်။ အလုပ်နဲ့ဆိုင်တာ ကြည့်ရတယ်။ အမြဲဖွင့်ထားရတဲ့ ဝက်ဆိုက်တွေရှိတယ်”ဟု ၎င်းကဆိုသည်။

အသက် ၂၉ နှစ်အရွယ် ဂျပန်ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မခင်လေးရည်မွန်သည် အင်တာနက်ကို ဖုန်းဖြင့် အများဆုံးသုံးပြီးပညာရှာသူဖြစ်သည်။

“စာဖတ်တာများတယ်။ ကျောင်းနဲ့ ပတ်သက်တာ၊ သင်တန်းနဲ့ ပတ်သက်တာတွေ ၊ အဲဒါတာတွေမရှိရင်တော့ သတင်းတွေ ဖတ်တာများတယ်။ ဖေ့ဘုတ်အသုံးများတယ်။ Facebook မသုံးရင် Google သုံးတယ်”ဟု ၎င်းက ဆိုသည်။

တိုးတက်လာသည့်နည်းပညာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ယခုလို ဆိုလေသည်။

“တိုးတက်လာတဲ့နည်းပညာတွေကို ကျွန်တော်တို့ကတော့ တားလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နည်းပညာ ဆိုတာကို ကိုယ့်ဘ၀တိုးတက်ဖို့Tools (ကိရိယာ) တစ်ခုအနေနဲ့ပဲသုံးသင့်တယ်။ ဆိုရှယ်မီဒီယာတွေကိုလည်း Tools တစ်ခုအနေနဲ့ပဲ သုံးသင့်ပြီး ကိုယ့်ကိုပြန်သုံးသွားတာမျိုး မဖြစ်စေချင်ဘူး”

အင်တာနက်မှ သတင်းအချက်အလက်ရယူမှုသည် လျင်မြန်သော်လည်း မြန်မာနိုင်ငံတွင် အချက်အလက် ရှာဖွေမှုကို ကျင့်သားမရသေးကြောင်း ကျွမ်းကျင်သူများကဆိုကြသည်။ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ရယူနိုင်မှုများလည်း နည်းပါးလျက်ပင်ရှိသည်။

စိုက်ပျိုးရေးကဏ္ဍအတွက် နည်းစနစ်များနှင့် တောင်သူများအကျိုးရှိစေမည့် ဈေးကွက်ဈေးနှုန်း သတင်းများကို အင်တာနက်မှပင် ဖတ်ရူနိုင်ပြီဖြစ်သည်။ AMIA ကဲ့သို့ စိုက်ပျိုးရေးသတင်း အေဂျင်စီများက စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များနှင့် ဈေးကွက်ဈေးနှုန်းများကို အခါအားလျော်စွာဖော်ပြပေးလျက်ရှိသည်။ သို့သော်လည်း ဈေးကွက်ဈေးနှုန်းသတင်းများမှာ ဖော်ပြပေးရုံအဆင့်သာဖြစ်ပြီး တောင်သူဦးကြီးများအလုံးစုံအသုံးဝင်နိုင်သည် ဟုမှတ်ယူ၍မရပေ။

“ဒါပေမဲ့လည်း နယ်တွေသွားတဲ့ အတွေ့အကြုံအရတော့ လယ်သမားတွေက Application တွေကိုလာပေးရင် ယူထားတာပဲရှိတယ်။ သိပ်ပြီးတော့ ဖွင့်ကြည့်တာမျိုးမတွေ့ရဘူး” ဟု AMIA တည်ထောင်သူတစ်ဦးဖြစ်သူ ကိုဖြိုးလွင်အောင်က ပြောကြားသည်။

အဓိကပြဿနာမှာ လယ်သမားများသည် နည်းပညာနှင့်အလှမ်းဝေးခြင်း၊ အသက်ကြီး၍ နည်းပညာကို စိတ်ဝင်စားမှုလျော့နည်းခြင်းနှင့် အင်တာနက်လိုင်းမကောင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု သည်။

ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မိုဘိုင်းလ်ဖုန်းများဖြင့် ပေးပို့နိုင်ပါက ပိုမို အကျိုးရှိမည်ဟုလည်း ကိုဖြိုးလွင်အောင်က မှတ်ချက်ပြုသည်။

နည်းပညာများထွန်းကားလာမှု နောက်တွင် အကျိုးနှင့်အပြစ်ရှိမြဲဖြစ်ရာ အင်တာနက်တွင် ဆိုရှယ် Application သုံးရင်း အချိန်မကုန်စေရန် သတိပေးမှုများလည်း ရှိနေပြန်သည်။ မည်သည့် Social Application ကို သုံးသည်ဖြစ်စေ လိုသည်ထက် အချိန်ပိုမကုန်စေရန် မသုံးမီ အချိန်အတိအကျ သတ်မှတ်ထားသင့်ကြောင်း လူငယ်ရေးရာစာပေများနှင့် သင်တန်းများပို့ချလျက်ရှိသည့် ဒေါက်တာ ဖြိုးသီဟက ဆိုသည်။

ဒေါက်တာဖြိုးသီဟက Social Media ကို အကြောင်းကိစ္စသုံးခုအတွက် အသုံးပြုသင့်သည်ဟုဆိုသည်။

ကိုယ့်အမှတ်တံဆိပ် (Brand Image) တည်ဆောက်ရန်၊ သတင်းအချက်အလက် (Information)ရယူရန် နှင့် မိတ်ဆွေပေါများရန် (Network) ဟူသည့် အကြောင်းရင်းသုံးခုဖြစ်သည်။ အတိုချုပ်အားဖြင့် BIN ဟုပင် မှတ်နိုင် သည်။

နည်းပညာခေတ်တွင် ရထားလက်မှတ်ဝယ်သည်မှစ၍ နိုင်ငံခြားမှပစ္စည်း မှာယူသည်အဆုံး အွန်လိုင်းမှပင် ငွေပေးငွေယူလုပ်ကြခြင်းဖြစ်သည်။ စာဖတ်ခြင်း၊ သင်တန်းတက်ခြင်း၊ ဈေးဝယ်ခြင်း၊ စီးပွားရေးလုပ်ခြင်း၊ ပရဟိတလုပ်ခြင်းကဲ့သို့ လုပ်ငန်းများအထိ အင်တာနက်က အရေးပါလာသည်။ အရာရာတွင် နည်းပညာက လွှမ်းမိုးလာသည်။ ထို့ကြောင့် လူသားတို့၏ ဘ၀မှာ Digital Life ဟု ခေါ်ဆိုရပေတော့မည်။ သို့သော် Digital Life မှာ တောရောမြို့ပါမကျန် ဖြစ်တည်နေသည် မဟုတ်။ ရန်ကုန်မြို့ပေါ်တွင်သာ ကွက်ကွက်လေး ဖြစ်တည် နေခြင်းဖြစ်သည်။ တောင်သူလယ်သမားများအများစု နေထိုင်သည့် ကျေးလက်များတွင်မူ ယင်းအခြေအနေက ဝေးနေပေသေးသည်။

သင်ပေါင်းချောင်ကျေးရွာသည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် တည်ရှိသည်။ ဒေးဒရဲမြို့နှင့် ဆိုလျှင် နှစ်မိုင်မျှသာဝေးသည်။ သို့သော် စာတိုက်ကြီးမှ စာပင်မရောက်။ ဖုန်းရှိသည်။ အင်တာနက်ရှိသည်။ သို့သော် အချက်အလက်များကို အင်တာနက်မှမရှာဖွေတတ်သည့် ကျေးလက်တောင်သူများ နေထိုင်ကြသည်။

တောင်သူလယ်သမားအများစု နေထိုင်ကြရာဖြစ်၍ ကွန်ပျူတာနိတ္ထိ၊ လပ်ပ်တော့မရှိ။ Online Shopping သည် အဆိုပါနေရာများသို့ မရောက်။ Oway နှင့် Grab ကဲ့သို့ တက္ကစီများကိုလည်း အဆိုပါဒေသတွင် မတွေ့နိုင်။ Delivery ဖြင့် အစားအစာများကို မှာယူ၍မရ။ ရှင်းရှင်းပြောရလျှင် ဖွံ့ဖြိုးမှုအခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးပင်မရှိ။ ဖုန်းအားသွင်းရန် ကိုယ့်အားကိုယ်ကိုးနေရသည့် ဒေးဒရဲမြို့နယ်ရှိ မီးမရသောကျေးရွာပေါင်း ၉၀ ခန့်တွင် သင်ပေါင်းချောင်လည်းပါဝင်သည်။

“တကယ်တော့ တို့ရွာက မြို့နဲ့သိပ်ဝေးတာမဟုတ်ဘူး။ ဖုန်းရှိတယ်။ အင်တာနက်ရတယ်ဆိုပေမယ့် မီးမရှိရင် အလကားပဲ။ အွန်လိုင်းကစိုက်ပျိုးရေး အချက်အလက်တွေကို လယ်သမားတွေရှာတတ်၊ ဖွေတတ် ဖို့ဆိုတာကတော့ အဝေးကြီးပါ” ဟု အဆိုပါကျေးရွာရှိလယ်သမား ဦးကျော်ထက်က မှတ်ချက်ပြုလေသည်။

ကွက်ကျားမိုးရွာနေသည့် ဒစ်ဂျစ်တယ်ဘ၀များ နိုင်ငံတစ်ဝန်းရွာရန်တော့ဖြင့် အချိန်လိုပေဦးမည်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *