အရေးကြီးသောမေးခွန်း

အာဇာနည်နေ့တွင်သာမက အခြားသောအချိန်များတွင်ပါ ဗိုလ်ချုပ်ကို အလေးထားကာ အမှတ်တရဖြစ်စေလိုကြသည်က ပြည်သူတို့၏ သဘောထား။ နှစ်ပေါင်းများစွာ ပြည်သူများနှင့် ဝေးကွာခဲ့သည့် ဗိုလ်ချုပ်ကို ပြည်သူနှင့် တစ်သားတည်းအတူရှိစေလိုကြသည်။ ဗိုလ်ချုပ်ကြေးရုပ်ထုများ ထုကြသည်။  ဗိုလ်ချုပ်ပုံ ငွေစက္ကူများထုတ်ဝေရန် တောင်းဆိုခဲ့ကြသည်။ ဗိုလ်ချုပ်တို့ ကျဆုံးရာနေရာ အတွင်းဝန်များရုံးကို ဟိုတယ်အဖြစ်သို့ မပြောင်းလဲရန်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုနှစ်အဖို့ မကြာမီပင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့သို့ရောက်ပေတော့မည်။ အာဇာနည်နေ့နီးလျှင် အဖွဲ့စည်းအသီးသီး နှင့် ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျဆုံးခဲ့သည့် အာဇာနည်များကို ပုံစံအမျိုးမျိုးဖြင့် ဂုဏ်ပြုရန် ပြင်ဆင်နေ ကြမြဲ။ အာဇာနည်နေ့တွင်လည်း ဝမ်းနည်း ကြောင်းကို ဖော်ထုတ်ပြသ ဦးညွှတ်ကြပေဦးမည်။

ဘ၀ပြောင်း ဗိုလ်ချုပ်ကြေးရုပ်များ

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူ များချစ်ခင်လေးစားကြသည်မှာ ထူးဆန်းသည့် အကြောင်းခြင်းရာတော့မဟုတ်ပါ။ သို့သော် အလေးထားမှုဖော်ပြရာတွင် ပြေပြစ်ချောမွေ့သောလုပ်ဆောင်မှုနှင့် နည်းလမ်းမဟုတ်ပါက ထူးဆန်းသွားတတ်သည်။

ယင်းတွင် ဗိုလ်ချုပ်ရုပ်ထုများထုလုပ်ခြင်းပါဝင်သည်။ ဗိုလ်ချုပ်ရုပ်တုသည် ယခင်က ပေါပေါများများရှိခဲ့သောအရာ မဟုတ်ပါ။ အသွင်သဏ္ဌာန်လည်း မကွဲပြားလှ။ ပုံမှန်မြင်ဖူးသည့် အသွင်ဖြင့်သာ။ ယခုမူ ထူးခြားလာသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင်ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်တုများကို အပြိုင်အဆိုင်ထုလုပ်၍ ဂုဏ်ပြုကြသည်။ အချို့က ရပ်ရွာပြည်သူလူထု စုပေါင်းပါဝင်မှုဖြင့် ပြုလုပ်သည်။ အချို့က အသင်းအဖွဲ့များက ဦးဆောင်ကော်မတီများဖွဲ့၍ ပြုလုပ်ကြသည်။

ယင်းတွင် ကွဲပြားမှုများဖြစ်လာ တော့သည်။
ပုံပန်းကျနသော ဗိုလ်ချုပ်၊ ပုံပန်း မကျသောဗိုလ်ချုပ်။
ပုသည့် ဗိုလ်ချုပ်က ပုသည်။ ရှည်သည့် ဗိုလ်ချုပ်က ရှည်သည်။
မျက်လုံးပြူးသည့် ဗိုလ်ချုပ်က ပြူးပြန်သည်။

ဗိုလ်ချုပ်ရုပ်တု ထုလုပ်ရင်းကပင် အချိန်မဆိုင်း မြင်တွေ့နိုင်ရန်အခွင့်အရေးရှိသော လူမှုကွန်ရက်ပေါ်က ပုံများကို ကြည့်ကာ ရန်ပွဲများကလည်း လေလှိုင်းပေါ်တွင် ခြိမ့်ခြိမ့်သဲ ဖြစ်ကြပြန်သည်။

ယင်းသို့ အုံးအုံးကြွတ်ကြွတ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကိုသာ အပြိုင်အဆိုင် အလုအယက် ထုလုပ်၍ ဂုဏ်ပြုကြသော်လည်း အာဇာနည်ခေါင်း ဆောင်ကြီး ကိုးဦးလုံး၏ ကြေးရုပ်တုများမှာမူ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်တစ်ခုတွင်သာရှိလေသည်။

ဗိုလ်ချုပ်ရုပ်တုနှင့် ပတ်သက်၍ နောက်ထပ်ထူးခြားသည့် အခင်းအကျင်း တစ်ခုလည်းရှိသေးသည်။ ယခင်က ဗိုလ်ချုပ်ရုပ်တုဆိုသည်မှာ ပေါပေါများများမရှိသလို တစ်နေရာတွင်ရှိနေလျှင် ပြိုင်ဘက်မရှိ။ ယခုမူ ထိုသို့မဟုတ်ပြန်။

ပြီးခဲ့သည့် ရက်ကာလအနည်းငယ်အတွင်းက တောင်ဥက္ကလာမြို့နယ် သုမင်္ဂလာပန်းခြံတစ်ခုတည်းတွင် ဘယ်အစွန်တွင် ဗိုလ်ချုပ်ကြေးရုပ်တုတစ်ခု၊ ညာအစွန်တွင် ဗိုလ်ချုပ်ကြေးရုပ်တစ်ခု ထားရှိရေးအတွက် သူ့ထက်ငါ အပြိုင် အငြင်းပွားမှုများဖြစ်ခဲ့ခြင်းပင်။ တစ်ဖွဲ့ကို တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဦးဆောင်ပြီး ကျန်တစ်ဖွဲ့ကို ကျန်တစ်ဖွဲ့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဦးဆောင်လေသည်။

မြို့တော်ဝန်ကိုယ်တိုင် ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်မှုမရသည့် အတွက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် ကြေးရုပ်နှစ်ခုကို ပြိုင်တူစိုက်ထူလေတော့မည်။ ပန်းခြံငယ်လေးတစ်ခုအတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန်ကိစ္စကိုပင် ညီညွတ်မှုမရှိကြသည့် အခြေအနေပင်။

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးရာတွင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများပြန်လည်ထုတ် ဝေပေးရန်မှာလည်း မြန်မာပြည်သူများ၏ မျှော်လင့်ချက်တစ်ခုဖြစ်သည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ ပြန်လည်ရိုက်နှိပ်ထုတ်ရန်အတွက် ၂၀၁၃ ခုနှစ်အတွင်းက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က  အဆိုတင်သွင်းခဲ့ပြီး ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက အစိုးရနှင့် ပြန်လည်တိုင်ပင်ရဦးမည်ဟုသာ လာရောက်ဖြေကြားခဲ့ဖူးသည်။

အလားတူ ရန်ကုန် အခြေစိုက် လူငယ်အင်အားစုများက အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူ များနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန် တောင်းဆိုခဲ့ကြသေးသည်။

ဗဟိုဘဏ်အနေနှင့် ငွေစက္ကူများ ဆက်လက် ရိုက်နှိပ်သည့်အခါ ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ အပါအဝင် အခြေအနေ၊ အချိန်အခါနှင့် လိုက် လျောညီထွေရှိမည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ဝေသွားမည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် နောက်ပိုင်းတွင် တစ်ကျပ်တန်၊ ငါး ကျပ်တန်၊ ၁၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူ လေးမျိုးထုတ်ဝေခဲ့ပြီး ကဒေါင်းပုံ၊ ခြင်္သေ့ပုံ၊ ရွက်လှေပုံ၊ ဗိုင်းငင်ပုံ၊ လယ်ထွန် နေသောပုံများ ရိုပ်နှိပ်ထုတ်ဝေခဲ့ကာ ၁၉၅၈ ခုနှစ်တွင် ဗဟိုဘဏ်က စတင်တာဝန်ယူချိန်နောက်ပိုင်း ဗိုလ်ချုပ်ပုံဖြင့် ငွေစက္ကူများ ရိုက်နှိပ်ခဲ့သည်။

နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သောသူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်းနိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကာ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ခြင်္သေ့ရုပ်ပုံပါ ငွေစက္ကူများ ပေါ်ပေါက်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စစ်စစ်လက်ထက်တွင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူထုတ်ဝေရန် မျော်လင့်ချက်မှာ ယနေ့အချိန်အထိ အသံတစ်သံမျှပင် ထပ်မံထွက်ပေါ်လာခြင်းမရှိသေးချေ။

“ဗိုလ်ချုပ်အရုပ်နဲ့ ဗိုလ်ချုပ်အရှိန်အဝါနဲ့ အခုလို နိုင်ငံရေးစင်မြင့်ပေါ်ရောက်လာတဲ့သူတွေက ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို ပိုပြီးသိတတ်တဲ့လုပ်ဟန်တွေကို မှန်မှန်ကန်ကန် ဥပဒေနဲ့အညီပေါ့ တင်ပြနိုင်တဲ့ အခွင့်အလမ်း သူတို့ရနေပြီပဲ။ သူတို့ ဘယ်လို အကောင်အထည်ဖော်မလဲ၊ အများပြည်သူနည်းတူ ကျွန်တော်တို့လည်း စောင့်နေပါတယ်” ဟု ယခင်က အဆိုတင်ခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ဆိုသည်။

 ဗိုလ်ချုပ်ရုပ်ရှင် ဘယ်တော့လဲ

ဗိုလ်ချုပ်နှင့် ပတ်သတ်၍ ပြည်သူအများ မျှော်လင့်တကြီး စောင့်စားနေရသည့်အထဲတွင် ဗိုလ်ချုပ်ရုပ်ရှင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ရှင် အကြောင်းပြောလျှင် ဘဲဥ အစရှာမရသည့် ပုံနှယ်…။၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် စတင်ခဲ့သည့် ဗိုလ်ချုပ်ရုပ်ရှင်သည် ငွေကြေး အရူပ်အထွေးကိစ္စများ၊ ပွင့်လင်းမြင်သာမှု မရှိသည့် အခက်အခဲများအကြား  မြုပ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် ၂၀၁၇ ခုနှစ်အထိ ဖန်သားပြင်ပေါ်သို့ ရောက်မလာသေးချေ။

ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် အဆင့်ဆင့်ရွေးချယ်ခံထားရသည့် သရုပ်ဆောင်မည့် မင်းသားကျော်ကျော်မျိုးသည်ပင် ဗိုလ်ချုပ်ရုပ်ရှင် မရိုက်ကူးဖြစ်တော့မည်ကို စိုးရိမ်နေကြောင်း မီဒီယာ တစ်ခုကို ဖွင့်ဟခဲ့ဖူးသည်။၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားတွင် နိုင်ငံတကာအထိ ရုံတင်ပြသရန် ရည်ရွယ်ချက်သည်လည်း လေထဲမှာပင် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

သို့သော် မကြာမီ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဟုလည်း ကြားသိရပြန်သည်။ ဗိုလ်ချုပ်ရုပ်ရှင်သည် ပြည်သူကို မျှော်လင့်ချက်ပေးထားဆဲပင်။

 အတွင်းဝန်များရုံး

တစ်နှစ်လျှင်တစ်ကြိမ်သာ အသက်ဝင်လှုပ်ရှားပြီး နှစ်ပေါင်းများစွာ ရေညှိများ၊ ကျပ်ခိုးမှိုင်းများအကြား အထီးကျန်ဆန်နေသည့် သမိုင်းဝင်နေရာတစ်ခုမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရ၍ ကျဆုံးခဲ့သည့် အတွင်းဝန်များရုံး ဖြစ်သည်။ အတွင်းဝန်ရုံးကို ရန်ကုန်မြို့ပြ အမွေအနှစ်စာရင်းတွင် ထည့်သွင်းထားသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံပိုင်အဆောက်အုံများကို ပုဂ္ဂလိကသို့ပေးရာတွင် ဝန်ကြီးများရုံးသည်လည်းပါဝင်လာသည်။ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံများဖြင့် ကမ္ဘာလှည့်ခရီး သွားများကိုဆွဲဆောင်ရန် ပြင်ဆင်ချိန်တွင် ဝန်ကြီးများရုံးပါဝင်လာသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်တွင်းကုမ္ပဏီခုနစ်ခုနှင့် ပြည်ပကုမ္ပဏီသုံးခုတို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဝန်ကြီးများရုံးကို ဟိုတယ်နှင့် ပြတိုက်အဖြစ် ပြုလုပ်ရန် အဆိုပြုလွှာ အသီးသီးတင်သွင်းခဲ့သည်။

အနော်မာ အနုပညာအုပ်စု ကုမ္ပဏီက သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံဖြစ်သည့် ဝန်ကြီးများရုံးကို ငှားရမ်း၍  အနုပညာပြတိုက်အပါအဝင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် အဆိုတင်ခဲ့ရာ မှ ၂၀၁၂ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ သည်။ ၂၀၁၂ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ မည်သို့မှ ထူးခြားပြောင်းလဲသွားခြင်းမျိုးလည်း မတွေ့ရချေ။

သို့သော် အများပြည်သူများ ဝင်ရောက်လေ့လာခွင့်မှာ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့ပြီး အာဇာနည်နေ့တစ်ရက်သာ လျှင် အကန့်အသတ်ဖြင့် ဝင်ခွင့်ရကြသည်။ ၂၀၁၇ ခုနှစ်သည် (၇၀) ပြည့်နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ထိုနေ့တွင် ယခင်က ကန့်သတ်ထားသည့်နေရာများကိုပါ အများပြည်သူဝင်ရောက်လေ့လာခွင့်ပြုမည်ဟု အတွင်းဝင်များရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်မေသန္တာဝင်းက ပြောသည်။ သို့သော် ထို့နေ့တစ်ရက်မျှသာ။

ထိုသို့နှင့် ၁၉၃၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးအဖြစ် အသက်ဝင်လှုပ်ရှားခဲ့သည့် ထိုနေရာသည် ယနေ့အချိန်အထိ ကာလတစ်ခုအထိ ဆက်လက်အထီးကျန်ဆန်နေဦးမည်ဖြစ်သည်။

ဗိုလ်ချုပ်နေအိမ်

နတ်မောက်လမ်းတွင်ရှိသည့် ဗိုလ်ချုပ်နေအိမ်ကို ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။ ထိုနေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်မတ်လမှ စတင်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ ထိုနေရာသည်လည်း တစ်နှစ်တစ်ခါ လူစည်ကားသည့် နေရာတစ်ခုပင်။

တစ်နှစ်ပတ်လုံးတွင် အာဇာနည်နေ့ တစ်ရက်သာလျှင် တိုးတိုးကြိတ်ကြိတ်ရှိလှသည်။ အိမ်၏ ကြံ့ခိုင်မှု အားနည်းနေသည့်အတွက် လူဦးရေကန့်သတ်၍ အိမ်ပေါ်သို့တက်ရသော်လည်း အခြားနေ့ရက်များတွင်မူ တစ်နေကုန်ကြာသည့်တိုင် လူ ၁၀ ဦးပင် ပြည့်အောင်မလာသည့် နေ့ရက်များလည်းရှိသည်။ အချို့က ဗိုလ်ချုပ်ကို ပေါ်ပင်ချစ်သည်။ အချို့က ဗိုလ်ချုပ်ကို အသွေးအသားထဲမှ ချစ်ကြသည်။
အထက်ဖော်ပြပါ နေရာအားလုံးသည် တစ်နှစ်လျှင် တစ်ကြိမ်သာ လူစည်ကားသည့်နေရာများဖြစ်လေသည်။

 

 

ဗိုလ်ချုပ်ကို ဘယ်လိုချစ်ကြမလဲ

ဗိုလ်ချုပ်အောင်ဆန်းကို ကြေးရုပ်တုများဖြင့် ဂုဏ်ပြုကြသည်။ ငွေစက္ကူများအပေါ်တွင် ဗိုလ်ချုပ်ကို ပြန်မြင်ချင်ကြသည်။ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့်နေရာကို အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ဖွင့်လှစ်စေချင်ကြသည်။ ထိုအရာများသည် ရုပ်ဝတ္တုဆိုင်ရာ လေးစားဂုဏ်ပြုလိုမှုဖြစ်သည်။ ယနေ့အချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူ လူကြီး လူငယ် ကျားမ မရွေး၏ စံပြလည်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်တာနဲ့ ဘာမှမရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောလိုက်တာနဲ့ ကြေးရုပ်၊ ကျောက်ရုပ်တွေဖြစ်နေကြတဲ့အတွက်ကြောင့် လူငယ်တွေတာဝန်မဟုတ်ပါဘူး။ လူငယ်တွေက အပြစ်မရှိပါဘူး။ ဗိုလ်ချုပ် ရဲ့စိတ်ဆိုတာ ဘယ်လိုစိတ်မျိုးလဲဆိုတာ ဘယ်စာလုံးတစ်လုံးထဲမှာမှမရှိဘူး။ ဘယ်သူမှမပြောနိုင်ဘူး။ သိအောင်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို အင်္ဂလိပ်ကျွန် ပြန်လုပ်ရမလိုဖြစ်နေတယ်။ ပြောချင်တာက လူကြီးတွေမှာပဲ အပြစ်ရှိပါတယ်” ဟု ဦးသူရ (ခေါ်) ဇာဂနာက ပြောဆိုသည်။

ဗိုလ်ချုပ်သည် ညီညွတ်ရေးသမားဖြစ်သည်။ ရိုးရှင်းသည်။ ပြတ်သားသည်။ ပကာသနသမားမဟုတ်။ ဗိုလ်ချုပ်ကို ရုပ်ဝတ္တုများနှင့် ဂုဏ်ပြုကြသလို ဗိုလ်ချုပ်စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များကို ဗိုလ်ချုပ်နှင့် ပတ်သတ်သော သမိုင်းစာအုပ်များမှတစ်ဆင့် သင်ယူလေ့လာသင့်သည်။ ဗိုလ်ချုပ်ဘ၀၏ စံနမူနာများကောင်းများ လက်တွေ့ဘ၀တွင် ခံယူကျင့်သုံးနေသူမှာ အနည်းငယ်မျှပင် ရှိနိုင်သည်။ အများစုမှာ ဗိုလ်ချုပ်ကို ချစ်သည်။ ဗိုလ်ချုပ်၏ စံနမူနာကောင်းများကို ကျင့်သုံးခြင်းမရှိကြပေ။

ရုပ်ဝတ္တုများဖြင့် လေးစားခြင်းထက် ဗိုလ်ချုပ်စိတ်ဓာတ်နှင့် စံနမူနာကောင်းသည့် လုပ်ဆောင်ချက်များကို အတုယူခြင်းသည်သာလျှင် အရေးအကြီးဆုံး ဖြစ်သည်။

ဗိုလ်ချုပ်ကို အလေးထားချင်စိတ်၊ အသိအမှတ်ပြုလိုစိတ်တို့မူ ပြည်သူတို့တွင် ရှိနေကြပါသည်။

ဆိုရလျှင် မေးခွန်းထုတ် စဉ်းစားစရာက တစ်ခုသာ။ ဘာအရေးကြီးဆုံးလဲ ဟူ၍သာ…။

ဗိုလ်ချုပ်နှင့် ပတ်သက်၍ အနာဂတ် မြန်မာပြည်တွင် စောင့်ကြည့်ရဦးမည်က တစ်ခုသာရှိသည်။

ရုပ်တုများသာ ထုကြမည်လား၊ စိတ်ဓာတ်ကိုပါ တုကြမည်လားဆိုသည်ကိုပင်။

 

ခိုင်ခိုင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *