အသက်တွေက သူတို့လက်ထဲမှာ

ညနေမှောင်ပြီဆိုသည်နှင့် YBS ယာဉ်အချို့က ရန်ကုန်မြို့လယ်ရှိ ကျယ်ဝန်းသည့် ဆူးလေဘုရားလမ်းမ အောက်ဘက်ကို စုပြုံရောက်ရှိလာသည်။

မြန်မာနိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်တည်ရာ အရောင်းအဝယ်ပြုရာ တစ်ခုတည်းသောအဆောက်အအုံကြီး ရှေ့တွင် ယာဉ်များကို ရပ်တန့်လိုက်ပြီး ယာဉ်မောင်းတို့က မီးရောင်အောက် ပလက်ဖောင်းပေါ်တွင် ဟိုတစ်စု သည်တစ်စု။

ယာဉ်နှင့် ယာဉ်မောင်းအားလုံးသည် သူတို့အခေါ် ‘ချော’ မိလာကြသူများဖြစ်သည်။

တစ်နည်းအားဖြင့် အိမ်ပြန်ညဥ့်နက်သည့် ခရီးသည်များကို ပို့ဆောင်ရန် တာဝန်ပေးခံရခြင်းဖြစ်သည်။

တစ်နေ့တာအတွက် သတ်မှတ်ထားသည့် ခေါက်ရေကို ပြေးဆွဲပြီးသွားပြီးသော်လည်း ချောကြောင့် အလုပ်မသိမ်းနိုင်သေးကြောင်း YBS ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုပြည့်စုံက ပြောဆိုသည်။ ၎င်းအနေနှင့် နံနက် ၄ နာရီခွဲဝန်းကျင်ကတည်းက လုပ်ငန်းခွင်ဝင်ခဲ့ရခြင်းဖြစ်ပြီး ယခုအထိ အလုပ်မသိမ်းနိုင်သေး။

“ကျွန်တော် ညနေ ၄ နာရီခွဲ လောက်ကတည်းက စောင့်နေရတာ” ဟု ၎င်းကဆိုသည်။

နေ့စဉ် ခရီးသည်နှစ်သန်းခွဲဝန်းကျင်က အများပြည်သူသုံးဘက်စ်ကားများကို အသုံးပြုနေရပြီး ယင်းနှင့် ပတ်သက်သည့် ဒုက္ခသုက္ခများကလည်း ကာလကြာရှည်ပြောမဆုံးနိုင် ဖြစ်နေဆဲ။ အများစုသည် ယာဉ်တွင် ပါဝင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (စပယ်ယာ)တို့တွင် အခြေခံသည်ဆိုသော်လည်း နောက်ကွယ် တွင် ဖြေရှင်းရခက်သည့် အကြောင်းတရားများက ရှိနေသည်။

ရန်ကုန်မြို့တော်နေ ပြည်သူအများစုအနေနှင့် နေ့စဉ်အများပြည်သူသုံး ဘတ်စ်ကားများကို အသုံးပြုနေရပြီး ခရီး သည်များ၏ အသက်တို့မှာ ယာဉ်မောင်းများလက်သို့ အပ်ထားရခြင်းဖြစ်သည်။ အသက်နှင့်အတူ တစ်ခါတစ်ရံ တွင် အရှက် သိက္ခာတို့လည်း ပါဝင်သည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကပင် ခရီးသည် ၁၀ ဦးမှာ ယာဉ်မောင်းတစ်ဦး၏ လက်အတွင်း ပျက်စီးဆုံးရှုံးခဲ့ သည်။

လမ်းမများပေါ်တွင် အပြိုင်အဆိုင် မောင်းကြရင်း တစ်စီးနှင့် တစ်စီး ပြဿနာဖြစ်ရာမှ မကျေလည်သည့် ဒေါသသည် ခရီးသည်များဘက်သို့ လှည့်တတ်ကြသည်။

အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း မပန်းငုသည် စပယ်ယာ၏ ညစ်ညမ်းရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းနေမှုနှင့် ကြမ်းတမ်းစွာမောင်းနှင်နေသည့် ယာဉ်မောင်းတို့ဒဏ်ကို မခံနိုင်တော့သည့် အဆုံး ယာဉ်ပေါ်မှ ပြေးဆင်းခဲ့ရဖူး သည်။

“တစ်ခါတုန်းက မြေနီကုန်းကနေ တာမွေစီးရတဲ့ မီနီဘတ်စ်တစ်စီးဆို မိုးသည်းသည်းရွာနေတာတောင် အကြောက်တရားမရှိ ကားအချင်းချင်းပြိုင်ရုံတင် အားမရဘူး၊ စပယ်ယာနဲ့ စကားများပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကိုပါ မဆီမဆိုင် သေချင်းဆိုးနဲ့ သေကြမယ်ဆိုပြီး ဒရိုင်ဘာက ထပ်ကာရေရွတ်ပြီး ကျိန်ဆဲ နေလိုက်သေးတာ” ဟု သူကဆိုသည်။

ယာဉ်လိုင်းများစွာသည် အများပိုင်ကုမ္ပဏီများအဖြစ် မပြောင်းလဲနိုင်သေးဘဲ တစ်စီးချင်းစီ၏ ပြေးဆွဲမှုအပေါ် မူတည်၍ အမြတ်အစွန်းကို ဖန်တီးနေကြသည်

သူတို့အခေါ် ကိုယ်ရ ကိုယ်ယူစနစ် ဖြစ်သည်။

ယင်းကား အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်။

ကိုပြည့်စုံအနေနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ် မြို့တော်မှ ရန်ကုန်မြို့လယ် ဆူးလေစေတီ သို့ ပြေးဆွဲသည့် အမှတ် (၄)ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ဖြစ်သည်။

တစ်နေ့လျှင် အသွားအပြန် လေးခေါက်ပြေးဆွဲရပြီး ရရှိသည့်ဝင်ငွေ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို သူ့အတွက် ရရှိသည်။ ကျပ်တစ်သိန်းလျှင် တစ်သောင်း နှစ်ထောင်ဖြစ်သည်။

ယာဉ်လိုင်းအတွင်းအရှိ အခြားလုပ်ဖော်ကိုင်ဘက် ယာဉ်များနည်းတူ သူ့အနေနှင့် ဝင်ငွေများများရရှိအောင် မဖြစ်မနေမောင်းနေရသည်ဟု ၎င်းကဆိုသည်။ ဝင်ငွေနည်းလျှင် သူ့အတွက် တွက်ခြေမကိုက်သလို အလုပ်ရှင်ကလည်း ကြည်ဖြူ မည်မဟုတ်။

“ကိုယ့်တစ်စီးထဲက အေးအေး ဆေးဆေးမောင်းနေပြီး နေ့တိုင်းချည်းပဲ နည်းနေရင် ဘယ်ခံနိုင်မလဲ”ဟု ၎င်းက ဆိုသည်။

သူ့ထက်ငါအရင်ဦးအောင် ရောက်ရှိစေရန် မောင်းနှင်ရသည်ဖြစ်သော်လည်း ကျပ်တည်းလှသည့် ရန်ကုန် မြို့တော်ယာဉ်ကြောများက ကြီးမားသည့်အဟန့်အတား ဖြစ်သည်။ ယင်းအပြင် အလုပ်စောစောသိမ်းကာ အိမ်ပြန်ရောက်နိုင်ရန်လည်း အခြားသောယာဉ်မောင်းများနည်းတူ သူ့တွင် ဖိအားများရှိနေသည်။

ယုဇနဥယျာဉ်မြို့တော်တွင် ဂိတ်ထိုး သည့် သူ့ယာဉ်အနေနှင့် ညအချိန်မဲ့မှသာ အလုပ်ပြီးဆုံးပါက အိမ်ပြန်ရန် အခက်အခဲ ဖြစ်ရသည်။ ဘတ်စ်ကားယာဉ်မောင်းများအနေနှင့် အိမ်ပြန်စရာ ဘတ်စ်ကားမရှိ ခြင်းဖြစ်သည်။

ယင်းအချိန်မျိုးတွင် ဂိတ်မှ သူ့အိမ်သို့ပြန်ရန် လိုင်းကားမရှိ၊ ဆိုင်ကယ် အငှားမရှိ။

“ဘယ်သူဖြစ်ဖြစ် အိမ်ကို စောစော ပြန်ချင်ကြတာပဲ” ဟု ၎င်းကဆိုသည်။

ယင်းက အမြန်မောင်းနေရခြင်း၏ အကြောင်းတစ်ခု ဖြစ်သည်။

သူတို့အနေနှင့် တစ်နေ့လျှင် ၁၆ နာရီခန့် အလုပ်လုပ်နေရပြီး စိတ်တိုစရာအခြေအနေများကို တစ်ခုမဟုတ် တစ်ခုတော့ နေ့စဉ်ကြုံတွေ့ရသည်ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် ဘာမဟုတ်သည့် အသေးအဖွဲကလေး ကြောင့်ပင် စိတ်တိုရကြောင်း ၎င်းကဆိုသည်။

ယာဉ်မောင်းနှင့်အတူ အကူယာဉ်လုပ်သားများဖြစ်သည့် စပယ်ယာများလည်း ထိုနည်းတူဖြစ်သည်။ ကိုပြည့်စုံ၏ ယာဉ်တွင် အကူယာဉ်လုပ်သားနှစ်ဦးပါ ရှိပြီး သူတို့ကမူ အခကြေးငွေအဖြစ် တစ်ဦးလျှင် ယာဉ်မောင်း၏ ထက်ဝက်ကို ရရှိကြသည်။

ခရီးသည်အပေါ် ရိုင်းစိုင်းကြမ်းတမ်းခြင်းသည် ယာဉ်မောင်းနှင့် စပယ်ယာများသည် မတစ်ထောင်သားများ ဖြစ်ရာ ယင်းအချက်ကိုမူ မငြင်းလိုဟု ကိုပြည့်စုံက ပြောဆိုသည်။ သို့သော် သူတို့ချည်းသာ မဟုတ်၊ ခရီးသည်များတွင်လည်း ယင်းသို့ သောလူများကို ကြုံရတတ်သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရ သစ်က ရန်ကုန်မြို့တော်၏ ဆိုးရွားလှသည့် ခရီးသည် သယ်ယူ ပို့ဆောင်ရေးစနစ်ဟောင်း (မထသ-မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ) ကို ဖျက်သိမ်းလိုက်ပြီး YBS(Yangon Bus Service) ကို စတင်ခဲ့သော်လည်း ခြောက်လကြာသည်အထိ မှန်းသလောက် ခရီးမပေါက်သေးပေ။

စနစ်ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ်ကို ဝန်ဆောင်မှုအသွင်ဖြင့် ပြောင်းလဲခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟု ကိုတရုတ်လေးက ဆိုသည်။

အများပြည်သူဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသိပညာများရှိသူများ ရှားပါးခြင်းနှင့် ယာဉ်လိုင်းအချို့၏ ပြုမူပုံ များတွင် အားနည်းချက်များရှိနေသည်။

“ကျွန်တော်တို့က ဝန်ဆောင်မှု အခန်းကဏ္ဍကို ပြောင်းတယ်။ ပြောင်းတဲ့အချိန်မှာ ဘာလိုအပ်လာလဲဆိုတော့ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းလိုတယ်။ အဲဒီတော့ ကျွန်တော်တို့ ဖြစ်စေချင်တာက Bus Captain လိုမျိုးပေါ့”ဟု ကိုတရုတ်လေးက ဆိုသည်။

Bus Captain ဆိုသည်က သာမန်ယာဉ်မောင်းကဲ့သို့မဟုတ်ဘဲ ယာဉ်နှင့် သက်ဆိုင်သည့် ကိစ္စအဝ၀ကို တာဝန်ယူစေမှုဖြစ်သည်။ ခရီးသည်များ၏ အလုံးစုံ လုံခြုံရေးအပြင် ယာဉ်၏ကြံ့ခိုင်ရေးလည်း ပါဝင်သည်။

ယာဉ်မောင်းများကို ပုံသေလခစားစနစ်ဖြင့် ခန့်ထားနိုင်လျှင် ပြေလည်နိုင်စရာရှိပြီး အခြားတစ်ဖက်တွင် ဝန်ထမ်းများကလည်း ထိုက်သင့်သည့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုသည်ဟု ဆိုသည်။ လစာပုံသေ သတ်မှတ်ထားသည့်အခါ ကြုံရသည့်ပြဿနာက ယာဉ်မောင်းများဘက်က အလုပ်ကို မလေးစားတော့ခြင်း ဖြစ်သည်။

တစ်နေ့လျှင် ပြည့်မီအောင် ပြေးဆွဲရမည့်ခေါက်ရေကို သတ်မှတ်ခေါက်ရေအတိုင်း ယာဉ်မောင်းများအနေနှင့် ပြည့်မီစွာ ပြေးဆွဲသော်လည်း လမ်းတွင် အမြန်မောင်းစေခြင်းဖြင့် အလုပ်မြန်မြန်ပြီးဆုံးရန် ပြုမူကြခြင်းမျိုး ဖြစ်သည်။

လမ်းတစ်လျှောက် ခရီးသည်ကို စနစ်တကျမတင်ဘဲ အမြန်မောင်းကာ နေ့တစ်ဝက်နှင့်ပင် သတ်မှတ်ခေါက်ရေ ပြည့်အောင် မောင်းနှင်ခဲ့သည့် အဖြစ်မျိုး ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့ကပင် ဖြစ်ပေါ် ခဲ့သည်ဟု ကိုတရုတ်လေးက ဆိုသည်။

“မနက် ၄ နာရီထိုးမှာထမောင်းပြီး ၁ နာရီမှာ ပြီးသွားတယ်။ ပြီးစလွယ်မောင်းပြီး ပြီးသွားတယ်” ဟု သူက ဆိုသည်။

နေ့လယ် ၁ နာရီဆိုသည်က ခရီးသည်အများအပြား နေအိမ်သို့ မပြန်ကြသေးချိန်ဖြစ်သည်။ ယင်းအချိန်မျိုးတွင် ပြေးဆွဲမှုကို ရပ်တန့်လိုက်ခြင်းသည် ခရီးသည်များကို အခက်တွေ့စေသည်။

“သူတို့ကို ကားထွက်ဖို့အတွက် သွားပြောလို့လည်း မရတော့ဘူး။ ဘာကြောင့်ဆို သူတို့တာဝန်က ပြီးသွား တဲ့အတွက် သူတို့က မထွက်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ယာဉ်မောင်းများအနေနှင့် အများပြည်သူဝန်ဆောင်မှုအကြောင်း နားလည်စေရန် သင်တန်းကျောင်းများ ဖွင့်လှစ်ရန်လိုသည်ဟု ၎င်းကအကြံပြုသည်။

ယခုမူ ယာဉ်မောင်းများနှင့် ပတ်သက်၍ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေးတို့ပါအဝင် ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာအသိပညာများပါ သင်ကြားပေးမည့် သင်တန်းများကို ဇူလိုင်လလယ်မှစ၍ ဖွင့်လှစ်ရန် YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့) က စီစဉ်နေပြီ ဖြစ်သည်။ တစ်သုတ်လျှင် ဦးရေ ၁၀၀ ပါရှိမည့် သင်တန်းသည် သုံးပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။

“မကြာခင် သင်တန်းဖွင့်မှာ။ စိတ်ကျန်းမာရေး၊ ယဉ်ကျေးလိမ္မာကစ အကုန်လုံး။ အဲဒါတွေအောင်မှ လက်ခံမှာ။ သုံးနှစ်လောက် စာချုပ်ချုပ်ပြီး မောင်းခိုင်းမှာ” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ယင်းအပြင် ဇူလိုင်လ ၂၀ ရက်နေ့မှ စကာ ယာဉ်အကူ (စပယ်ယာ) များ ထားရှိခြင်းကို ဖျက်သိမ်းမည်ဖြစ်ပြီး ယာဉ်စီးခကို ပုံးထဲသို့ ထည့်သည့်စနစ်ကို ကျင့်သုံးတော့မည် ဖြစ်သည်။

ဦးရဲနောင်သည် ဘတ်စ်ကားမောင်းသက် ၁၉ နှစ်ခန့် ရှိပြီဖြစ်ပြီး ယခင် မထသလက်ထက်တွင် ယာဉ်လိုင်း ငါးခုတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ဝါရင့်ယာဉ်မောင်းတစ်ဦးဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း ဘတ်စ်ကားနှင့်ပတ်သက်၍ အတွေ့အကြုံစုံခဲ့ပြီ။ ခရီးသည်များနှင့်လည်း ပြဿနာတက်ခဲ့ဖူးသည်။ အရေးယူရန်အတွက် တိုင်ကြားခံခဲ့ရဖူးသည်။ ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးမှုကိုလည်း ခံခဲ့ဖူးသည်။ ပြီးခဲ့သည့် မထသ စနစ်တွင် ခေါက်ရေများများနှင့် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းတို့ကြောင့် အဖွဲ့က ပေးအပ်သည့် ဒုတိယဆုလည်း ရရှိဖူးသည်။

“သည်းခံနိုင်သလောက် သည်းခံတယ်။ ဒါပေမဲ့ ခရီးသည်တွေကို အလိုလိုက်ရင်လည်း အမိုက်စော်ကား တတ်ကြတယ်” ဟု ၎င်းကဆိုသည်။

လူအမျိုးမျိုး၊ စိတ်အဖုံဖုံကြား ခရီးသည်တိုင်း၏ အလိုဆန္ဒကို ပြည့်မီအောင် ဖြည့်ဆည်းပေးရန်က မလွယ်ကူဟု ၎င်းက ဆိုသည်။ ယာဉ်စီးခမပေးဘဲ ခိုးစီးခြင်း၊ မှတ်တိုင်မရောက်မီ ဆင်းလိုခြင်းများအပါအဝင် ယာဉ်ထိန်းရဲ တို့၏ဘေးရန်များကလည်း သူ့ကို စိတ်ဓာတ်ကျစေသည်။

ခါးပတ်မပတ်ခြင်း၊ မှတ်တိုင်တွင် မရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ တံခါးများ ဖွင့်မောင်းခြင်းများအပါအဝင် တစ်မှုအတွက် ကျပ်နှစ်သောင်းခွဲခန့် ပေးဆောင်ရသည့် စည်းကမ်းချက်များ ရှိသည်။ ယာဉ်မောင်းနှင့် စပယ်ယာများအနေနှင့် အချိန်တိုင်းတွင် တစ်မှုမဟုတ် တစ်မှုတော့ ရှိနေကြသည်ဟု ဆိုသည်။

သို့သော် အပြိုင်အဆိုင်စနစ်တွင် သတ်မှတ်စည်းကမ်းအတိုင်းမောင်းပါက တွက်ခြေမကိုက်ဟု ဦးရဲနောင်က ဆိုသည်။
စပယ်ယာမပါဘဲ တစ်ဦးတည်း မောင်းနှင်ရမည်ဆိုပါက စုပြုံတိုးဝှေ့တက်ကြသည့် ခရီးသည်များအနေနှင့် ယာဉ်စီးခကို ပုံးထဲမထည့်သည့်အရေးက ရှိနေသည့်အပြင် လက်ရှိစပယ်ယာများအနေနှင့်လည်း အလုပ်လက်မဲ့ဖြစ်ကြမည်ကို သူက တွေးပူသည်။

“ထည့်တဲ့သူက ထည့်သွားမယ်၊ မထည့်တဲ့သူက မထည့်ဘူး” ဟု ၎င်းက ဆိုသည်။

မြို့တွင်းပတ်ယာဉ်လိုင်းတစ်ခုဖြစ် သည့် YBS (၅၆) ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးအောင်ဇော်ညွန့်၏ တစ်ကိုယ် တော်ကောက်ယူထားသည့် စစ်တမ်းအရ တစ်ရာကျပ်တန် မြို့တွင်းပတ်ခရီးစဉ်အတွက် ယာဉ်စီးခ ပုံးထဲမထည့်သူက ၁၀ ရာခိုင်နှုန်းခန့်ရှိနေပြီး လှိုင်သာယာသို့ ပြေးဆွဲသည့် လမ်းကြောင်းများတွင် ၃၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။

ခရီးသည်ပြည်သူများကလည်း မိမိတာဝန် မိမိကျေပွန်ရန်လိုသည်ဟု ယာဉ်မောင်း ဦးရဲနောင်က နာမည်ကျော် ဆောင်ပုဒ်တစ်ခုကို ကိုးကားပြောဆိုလိုက် သည်။

“ပြည်သူတွေ စည်းကမ်းရှိမှ နိုင်ငံတိုးတက်မှာ” ဟူ၍ ဖြစ်သည်။

ညဥ့်နက်ချိန် အိမ်ပြန်ရသည့် ခရီးသွားပြည်သူများအတွက် ည ၉ နာရီ နောက်ပိုင်းအထိ ပြေးဆွဲပေးရန် YRTA က ယာဉ်လိုင်းများကို အလှည့်ကျတာဝန်ပေးထားသည်။

ကိုပြည့်စုံအနေနှင့် ယနေ့တွင် သူအလှည့်ကျသည်။ သူနှင့်အတူ အမှတ် (၄) ယာဉ်လိုင်းမှ ခြောက်စီးဖြစ်သည်။ အခြား (၃၆)၊ (၂၈) စသည့် ယာဉ်လိုင်းများလည်း ပါသေးပြီး စတော့ရှယ်ယာများ အရောင်းအဝယ်ပြုရာ အဆောက်အအုံရှေ့ကလမ်းပေါ်တွင် အစီအရီ ရပ်တန့်ထားသည်။

တစ်နေ့တာ ကြုံတွေ့ရသည်များ အနက်မှ အဆင်မပြေမှုများ၊ ထူးခြားဖြစ်ရပ်များကို ပြောဆိုကြရင်း တာဝန်ခံအရာရှိ၏ အချက်ပေးဝီစီမှုတ်ချိန်ကို စောင့်မျှော်ကြသည်။ ည ၉ နာရီထိုးလျှင် သူတို့ အလုပ်စမည်။

မနက် ၄ နာရီဝန်းကျင်ကတည်း က လုပ်ငန်းခွင်ဝင်ခဲ့သည့် သူ့အနေနှင့် အလုပ်မသိမ်းနိုင်သေး။ သောက်တတ် သူအချို့က ညမီးရောင်အောက်တွင် ရေချိန်ကိုက်နေကြပြီ။

ကိုပြည့်စုံ ယခုအထိ ညနေစာမစားရသေး။ စက်ဘီးဖြင့် လှည့်လည်ရောင်းချသည့် မုန့်ဖက်ထုပ်သည်ထံမှ မုန့်ထုပ် ငါးထုပ်ဝယ်လိုက်သည်။

“ည ၁၀ နာရီ၊ ၁၁ နာရီလောက်မှ အိမ်ပြန်ရောက်မှာ” ဟု ၎င်းက ဆိုသည်။

ခရီးသည်တို့၏ အသက်များသည် ၎င်းတို့လက်ထဲတွင် ဖြစ်သည်။

 

အောင်မျိုးထက်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *