ပန်းလေးများ၏ လက်ဦးဆရာ

 

 

 

သေချာဂရုတစိုက် ပြုစုပျိုးထောင်ပါမှ စိမ်းလန်းသောအပင်များမှ ပန်းပွင့်လှလှလေးများ ပွင့်လန်းလာပေမည်။ ပန်းလေးများသည် ကလေးများနှင့်တူပြီး ထိုပန်းလေးများကို ပြုစုပျိုးထောင်သူသည် ဥယျာဉ်မှူး ပန်းပျိုးသူ ဆရာ၊ ဆရာမများပင်။

ကလေးများနှင့် နေ့စဉ်ထိတွေ့ကာ သင်ကြားပေးရသော ဆရာ ဆရာမများ၏အလုပ်သည် လွယ်ကူလှသည်တော့ မဟုတ်ပါချေ။ ဆရာဆရာမများ၏ လေ့ကျင့်သင်ကြားပေးမှုများ၊ နေထိုင်ပြောဆိုဆက်ဆံမှုများသည် ကလေးများအပေါ်တွင် များစွာလွှမ်းမိုးထိရောက်လျက်ရှိပေသည်။

သာမန်ကလေးငယ်များထက် တစ်မူထူးခြားကာ မွေးရာပါအားနည်းချက်လေးများရှိနေသော ကလေးငယ်များအတွက် စိတ်ရှည်သည်းခံပြီး လေ့ကျင့်သင်ကြားပေးမှု မှန်ကန်သည့် ဆရာ ဆရာမ တစ်ဦးဖြစ်ရန်မှာမူ ပို၍ ခက်ခဲလှပေမည်။
အထူးပညာသင်စနစ် (Special Education System) နှင့်မှ သင်ကြား၍ရသော မသန်စွမ်း (Disable) ကလေးငယ်များကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့မှု သက်တမ်း ၁၃ နှစ်ရှိနေပြီဖြစ်သည့် ဆရာမမှာ မမုံသဇင်လတ် ဖြစ်သည်။

“၁၀ တန်းစအောင်တော့ ကျွန်မ Wine Montessori Center မှာ လက်ထောက်ဆရာဝင်လုပ်ဖြစ်တယ်။ အဲဒီကနေစပြီး ကျွန်မ ဆရာမစလုပ်ဖြစ်တာ။ အသက်အားဖြင့်တော့ ၁၈ ကျော်ကျော်လောက်ပဲ။ အိမ်မှာက မိသားစုတွေက ဆရာ ဆရာမတွေချည်းပဲ ဖြစ်တာကတစ်ကြောင်း ကျွန်မတို့ ၁၀ တန်းအောင်တဲ့ ခေတ်မှာ Day တက်ရင် အချိန်ကုန်တယ်လို့လည်းထင်မိလို့ တစ်ကြောင်းကြောင့် အလုပ်ဝင်လုပ်ပြီး အဝေးသင်တစ်ဖက်နဲ့ စအလုပ်လုပ်ခဲ့တာပါ”

ဆရာမ တစ်ယောက်ဖြစ်ရန်မှာ မမုံသဇင်လတ်၏ ငယ်အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဝါသနာနှင့်လည်း ထပ်တူကျခဲ့ပြန်သည်။ ထိုကဲ့သို့ ဝါသနာနှင့် အိပ်မက် ထပ်တူကျနေခဲ့သဖြင့် တစ်ခါတလေ ပင်ပန်းပြီး စိတ်ဓာတ်ကျမိသည့်အခါများတွင်လည်း မြတ်နိုးတန်ဖိုးထားမှုတစ်ခုအနေနှင့် ပြန်အားတင်းရကြောင်းလည်း မမုံသဇင်လတ်က ပြောပြသည်။

မမုံသဇင်လတ်သည် Total Learning Academy က အနားယူလိုက်ပြီးနောက် Lumbini Academy တွင် အလုပ်လျှောက်ခဲ့သည်။ Lumbini Academy သည် ဘာသာလူမျိုးမခွဲခြားဘဲ ကလေးတိုင်း တက်ရောက်ခွင့်ရှိသည့် ကျောင်းဖြစ်ပြီး ပညာရေးနှင့် ပတ်သက်လာလျှင်လည်း ကလေးတိုင်းကို တန်းတူထားသဖြင့် ထိုကျောင်းတွင် Disable ကလေးငယ်များ (အထူးပညာသင်စနစ်ဖြင့် သင်ကြားရသော ကလေးငယ်များ) လည်း ရှိနေပေသည်။ ထိုအချိန်မှ စ၍ မမုံသဇင်လတ်သည် Disable ကလေးငယ်များကို စတင်ထိတွေ့ကာ သင်ကြားဖြစ်ခဲ့သည်။

“ပထမတော့ ဘယ်လိုသင်ရမလဲဆိုတာ ကျွန်မ အတန်းပိုင်အစ်မ တီချယ်တေးတေးနဲ့ ကျောင်းဆင်းခါနီး အမြဲတိုင်ပင်ရတယ်။ အဲဒီအစ်မရဲ့ ကျေးဇူးလည်းပါတယ် ဘာလို့လဲဆိုတော့ လေ့လာမှုအားပျော့သွားရင် သူက အားပေးတာကို ။ နောက်ပိုင်းကျတော့ ချစ်တဲ့စိတ်အဖြစ် ပြောင်းသွားတဲ့အချိန်မှာ ကလေးတွေ တိုးတက်ဖို့ ငါရပ်နေလို့မရဘူး။ ငါ Special Education အပိုင်း ဆက်လေ့လာရမယ်ဆိုတဲ့ အတွေးဝင်လာတာ။ စာတွေရှာဖတ်တယ် နားမလည်ရင် ဆရာမအိချော (Special Education) ဘက်က ဆရာမကို မေးတယ် ။ မအိချောက မုံရေ ကလေးက အဲဒီလိုဖြစ်ရင် ဘယ်လိုဖြစ်နေတာ ဘယ်လိုလေး လုပ်လိုက်ဆိုတာ မျိုးကနေစပြီး စိတ်ဝင်စားလို့ရောက်ခဲ့ ရွေးချယ်ခဲ့ တာပါ”

သာမန်ကလေးငယ်များထက် ထူးခြားသည့် အနေအထားများရှိနေသော ကလေးများကို ပညာသင်ကြားပေးရသည့်အချိန်တွင် မမုံသဇင်လတ်အတွက် အခက်အခဲများလည်း ရှိခဲ့ပေသည်။ ထိုကဲ့သို့ အခက်အခဲများနှင့်ပတ်သက်၍လည်း မမုံသဇင်လတ်က ယခုလို ဆိုသည်။

“မှတ်မှတ်ရရကတော့ အစ်မတစ်ယောက် လှမ်းပြောတဲ့ သားလေး။ သူ့မိဘနဲ့ စကားပြောကြည့်တော့ ဆရာမနှစ်ယောက်ညှပ်ပြီးသင်တာ ထိုင်ခုံ တောင်ကျိုးတယ်တဲ့။ ကျွန်မ လက်ခံလိုက်တယ် ချုပ်မထားဘဲ လွှတ်ထားပြီး ဖြည်းဖြည်းချင်း Activity လုပ်တဲ့ Setting ကိုချကြည့်တယ်။ တစ်ပတ်အတွင်း ရသွားတယ်။ နောက်တစ်ခုကကျတော့ တမင်စကား မပြောတဲ့ကလေး စကားပြောချင်လည်း ထိန်းထား တာ အသံမထွက်အောင်။ ဆရာမမို့ တမင်မပြောတာ။ သူ့နဲ့အတူတူ ကလေးကြီးလို နှစ်ပတ်လောက် ဆော့လိုက် စာရေးခိုင်းလိုက်လုပ်ရတယ်။ တစ်လမပြည့်ခင် စကားပြောလာတယ်။ လက်ဆွဲတာတွေ ကိုယ့်ကို ပြန်တုံ့ပြန်မှုတွေ စနောက်တာတွေ လုပ်လာတယ်။ အဲဒီနှစ်ခုကတော့ အမှတ်တရပါပဲ”

စိတ်တွင်းခံစားချက်များမျိုးစုံကို အပြင်အမူအရာတွင် ထုတ်ဖော်ပြသတတ်သော ကလေးငယ်များကို သင်ကြားရာတွင် ပုံမှန်နည်းစနစ်ထက် သူတို့အမူအရာအပေါ်၊ ခံစားမှုအပေါ် သိနားလည်ပြီး ကျွမ်းကျင်စွာ ကိုင်တွယ်သင်ကြားပေးနိုင်မှသာ ဖြစ်ပေမည်။ မိမိအသုံးပြု သင်ကြားပေးသော နည်းစနစ်မှာ ထိရောက်မှု ရှိ မရှိကိုလည်း ကလေးများ၏ Therapist (ရောဂါ ကုထုံးပညာရှင်) များမှတစ်ဆင့် အတည်ပြုရကြောင်းလည်း ဆရာမ မမုံသဇင်လတ်က ဆိုသည်။

“အခက်အခဲလည်း ရှိသလို အောင်မြင်တာတွေ ကြားတော့လည်း ပျော်ရတာပါပဲ။ ကျွန်မတို့ Freelance (လခစားမဟုတ်တဲ့) ဆရာမတွေရဲ့ ကလေးတိုးတက်မှု Feedback က ကိုယ်တိုင်ပေးလို့မရပါဘူး။ ကလေး တွေ ပြနေတဲ့ Therapist တွေကနေမှတစ်ဆင့် အတည်ပြုပါတယ်။ ပထမဆုံးအနေနဲ့ ကလေးကို စပြီး လေ့ကျင့်မှုစကတည်းက ဘယ်အရာကတော့ မရသေးဘူးနောက် တစ်လအကြာမှာ ဒါကတော့ တတ်မြောက်သွားပြီဆိုတာမျိုးကို တိကျစွာ ပြနိုင်ဖို့ လိုပါတယ်”

ကလေးငယ်များကို စာသင်ကြားပေးရာတွင် သင်ကြားခြင်းနည်းပညာတစ်ခုတည်းနှင့် မလုံလောက်ဘဲ ချစ်ခင်ကြင်နာသည့် စိတ်နှလုံးသားပါ ရှိမှဖြစ်ပေမည်။ သင်ကြားမည့်ကလေးငယ်နှင့် သင်ပေးမည့် ဆရာမတို့၏ကြားတွင် နားလည်မှုနှင့်ယုံကြည်မှု တည်ဆောက်ရန်အတွက်မှာ ချစ်ခင်ကြင်နာခြင်း ပင်ဖြစ်သည်။

“ကျွန်မ စံထားတဲ့အတွေးကတော့ ဘယ်ကလေးပဲသင်သင် လူသားဆန်စွာ ပြောဆိုဆက်ဆံနိုင်ရမယ်။ ပြောဆိုမှုအပိုင်းမှာလည်း လေးစားမှုထည့်ရမယ်။ အဓိကကတော့ ချစ်တဲ့စိတ်ပဲ။ ချစ်တဲ့စိတ်မရှိရင် အပေါ်က ပြောသွားတဲ့အရာတွေ တည်ဆောက်ဖို့ အခက်ခဲရှိတာကိုး”

ကိုယ်တာဝန်ယူထားရသော ကလေးငယ်များအတွက် စိတ်ရောကိုယ်ပါ အာရုံစိုက်ထားရချိန်တွင် မမုံသဇင်လတ်အတွက် မိသားစုကလည်း အပြည့်အဝ နားလည်ပေးထားသည်။

မမုံသဇင်လတ်သည် အထူးပညာသင်စနစ်ဖြင့် သင်ကြားရသော ကလေးငယ်များအတွက် ကျောင်းသားဘ၀ကို ရပိုင်ခွင့်နှင့် သူတို့လုပ်ဆောင်နိုင်သည်များကို လုပ်နိုင်ခွင့်များဖွင့်ပေးရန် အလိုအပ်ဆုံးဟု ထင်ကြောင်းလည်း ဆရာမတစ်ဦး၏ အမြင်အရဆိုသည်။

မမုံသဇင်လတ်မှာ အသက် ၃၁ နှစ်ရှိနေပြီဖြစ်ပြီး ဝါသနာနှင့် အိပ်မက်ထပ်တူကျခဲ့သောလမ်းကို ယုံကြည်ချက်ရှိရှိဖြင့် ဖြတ်သန်းနေသူတစ်ဦးပင်ဖြစ်သည်။

“ရိုးသားမှုမှာ သတ္တိရှိဖို့လိုသလို ကိုယ်ယုံကြည် တဲ့ တန်ဖိုးထားတဲ့ စံတစ်ခုအပေါ်မှာလည်း သစ္စာရှိဖို့လိုတယ်။ သစ္စာရှိသလိုလိုနဲ့ အရောင်အသွင်းခံရတဲ့ ပုံစံပျက်သွားတဲ့ စံမဖြစ်ရင်အကောင်းဆုံးပေါ့နော်။ ကျွန်မလည်း တည်ဆောက်နေတုန်းပါပဲ” ဟု လူငယ်များကို အကြံပေးစကားဆိုသည်။

မမုံသဇင်လတ်သည် သူသင်ကြားပေးနေသော Disable ကလေးငယ်များနှင့်အတူ နေ့ရက်များကို ကျော်ဖြတ်ရင်း ဆရာမတစ်ဦးဘ၀တွင် ပျော်မွေ့လျက်ရှိသည်။ ကလေးငယ်များအတွက် ဆရာမ မမုံသဇင်သည် ရိုးသားပြီးသတ္တိရှိသော ချစ်ခင်စရာ ဆရာမ တစ်ဦးပင်ဖြစ်တော့သည်။

 

ချမ်းငြိမ်းဖြူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *