စိုင်းစိုင်းဟု ခေါ်သည်

 

 

မားကတ်တင်းဂုရုဟု ဆိုသဖြင့် ကမ္ဘာကျော် မားကက်တင်းဂုရု ဖီးလစ်ကော့တလာကို ဆိုလိုခြင်းမဟုတ်ပါ။

မြန်မာပြည်မှ မားကက်တင်းပညာရပ်ကို ကောင်းကောင်း အသုံးချနိုင်သူတစ်ဦးကို ရည်ရွယ်ခြင်းဖြစ်သည်။

သူက စီးပွားရေးလုပ်ငန်းရှင်မဟုတ်၊ စီးပွားရေးပညာရှင်လည်းမဟုတ်၊ သို့သော် သူ့ကို မားကတ်တင်းဂုရုလိုပင် တင်စား၊ ချီးကျူးကြသည်။

သူ၏ မူလဘူတ အသက်မွေးဝမ်း ကျောင်းနယ်ပယ်မှာ အနုပညာရပ်ဝန်းဖြစ်သည်။ ထိုမှတစ်ဆင့် နယ်ပယ်များ ဖြန့်ခွဲထွက်လာရာမှ အနုပညာနှင့်မနီးစပ်သည့် စီးပွားရေးလုပ်ငန်းဘက်သို့ ခြေချလာခြင်းဖြစ်သည်။

မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲသို့ ပထမဆုံး ခြေချဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် သီချင်းဆိုသည်၊ သရုပ်ဆောင်သည်၊ ဝတ္ထုရေးသည်၊ ဒါရိုက်တာလုပ်သည်။

သူ့ကို စိုင်းစိုင်းဟု ခေါ်သည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ကို ပထမဆုံး လူသိသွားကြသည်မှာ သူငယ်ချင်းများစွာ တေးအယ်လ်ဘမ် ထွက်ရှိချိန်ဖြစ်သည်။

ထိုနောက်ပိုင်းမှစတင်ကာ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ အောင်မြင်မှုမှာ ဆယ်စုနှစ်နှစ်ခုနီးပါး ကြာသည်အထိ တည်တံ့နေခဲ့သည်။ သူ၏ အောင်မြင်မှုက အရှိန်ကျမသွား။

သူ၏ တစ်ကိုယ်တော် သီချင်းခွေ မထွက်တော့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး ဒိတ်ဒိတ်ကြဲ MTV အခွေကို ၂၀၁၄ ခုနှစ်က နောက်ဆုံးထွက်ရှိခဲ့သည်။

ယခုနောက်ပိုင်းနှစ်များအတွင်း သီချင်းသီဆိုမှု လျော့နည်းသွားသော်လည်း စိုင်းစိုင်းဆိုသည့် အမှတ်တံဆိပ်မှာ ပရိသတ်များကြားတွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရဆဲဖြစ်သည်။

သီချင်းသီဆိုမှု လျော့သွားသော်လည်း သရုပ်ဆောင်ဘက်တွင် ခြေလှမ်း ပြန်စိပ်လာသည်။ ထိုမှတစ်ဆင့် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို သူထပ်လှမ်းသည်။

ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် စီးပွားရေးလုပ်ငန်းလုပ်မည်ဟု သူကြေညာလိုက်ချိန်တွင် သူ၏ ပရိသတ်များသာမက သူ့ကို မကြိုက်သည့်သူများကြားတွင်ပါ ဂယက်ရိုက်သွားသည်။

SAI Cosmetic သည် စိုင်းစိုင်းဆိုသည့် နာမည်ဖြင့် အောင်မြင်မှုကို ဆက်လက်သယ်ဆောင်သွားပြန်သည်။

ထိုအချက်ကပင် သူ့ကို မားကတ်တင်းဆရာတစ်ဆူအဖြစ် အသိအမှတ်ပြုလိုက်ကြရသည်။

မားကတ်တင်းပညာရပ်ဆိုသည်မှာ အမှတ်တံဆိပ် (Brand) တစ်ခုတည်ဆောက်ခြင်း၊ ထူထောင်ခြင်း ပညာရပ်ပင်ဖြစ်ကြောင်း ကမ္ဘာကျော် မားကတ်တင်းဂုရု ဖီးလစ်ကော့တလာက ဆိုဖူးသည်။

စိုင်းစိုင်းခမ်းလှိုင်သည် သူ၏ စိုင်းစိုင်း အမှတ်တံဆိပ် (SAI) ကို နှစ်ရှည်လများ တည်ဆောက်လာသူဖြစ်သည်။

“သူက Branding တည်ဆောက်တာ အရမ်းကောင်းတယ်။ သူ့နာမည် ဘယ်အချိန်မှာ လူစသိအောင် ကြော်ငြာမယ်၊ ဘယ်အချိန်မှာ တည်မြဲနေမယ်၊ ဘယ်အချိန်မှာ ကျမယ်ဆိုတာကို သူခန့်မှန်းနိုင်တယ်” ဟု စိုင်းစိုင်းခမ်းလှိုင်နှင့် MBA သင်တန်းအတူတက်ခဲ့ဖူးသော စီးပွားရေးလုပ်ငန်းရှင် ကိုဝဏ္ဏထွန်းက ဆိုသည်။

ယခင်ကတည်းကပင် အနုပညာနှင့်တွဲဖက်ထားသော စီးပွားရေးလုပ်ငန်းအချို့ကို စိုင်းစိုင်းခမ်းလှိုင် စတင်နှင့်ပြီး ဖြစ်သည်။

တေးသံရှင်အဖြစ် လူသိများလာပြီး နောက်ပိုင်း Franzo Production အမည်ဖြင့် တေးဂီတထုတ်လုပ်ရေးလုပ်သည်၊ ဂီတလုပ်ဖော်ကိုင်ဖက်များ၏ သီချင်းခွေအချို့ကို ထုတ်သည်။ တက် သစ်စ လူငယ်တေးသံရှင် များနှင့်တွဲဖက်၍ Franzo Music Tour လုပ်ခြင်း၊ သူ၏မွေးနေ့ရှိုးပွဲများတွင် တွဲဖက်သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုတွင်လည်း ရှယ်ယာပါဝင်ကာ နာမည်ကြီး ရုပ်ရှင်ကားအချို့ ရိုက်ကူးထုတ်လုပ်ခဲ့သည်။

စိုင်းစိုင်းနှင့်ခေတ်ပြိုင် တေးသံရှင်များကြားတွင် သူ၏ရှိုးပွဲများနှင့် သီချင်းခွေ ပရိုမိုးရှင်းပွဲများသည် တစ်မူထူးခြားလေ့ရှိပြီး ပရိသတ်အားပေးမှုအများဆုံးဖြစ်လေ့ရှိသည်။

ထိုသို့ဖြစ်ရသည်မှာလည်း စိုင်းစိုင်း၏မဟာဗျူဟာပင်ဖြစ်သည်။

သီချင်းခွေထွက်ရှိချိန်တွင် အမှတ်တရ လက်မှတ်ထိုး ပရိုမိုးရှင်းပွဲပြုလုပ်သည့် အလေ့အထကို သူကပင် စတင်လိုက်ခြင်းဖြစ်သည်။

ထိုအချိန်က စိုင်းစိုင်းနှင့် သူငယ်ချင်း များသည် အမှတ်တရလက်မှတ်ထိုးပွဲအကြောင်း လက်ကမ်းစာရွက်များကို ကိုယ်တိုင်ဝေခဲ့ကြသည်။

“စိုင်းက ပထမဦးဆုံး Blazon မှာ ပရိုမိုးရှင်းပွဲ စခဲ့တာ။ လူအများကြီး လာမယ်လို့ မမျှော်လင့်ထားပေမယ့် တွေ့လိုက်ရတဲ့အချိန်မှာ အစ်မတို့တောင် တိုးလို့မရတဲ့ အခြေအနေမျိုး။ သိတယ်မဟုတ်လား၊ သူက ခေါင်းကြီးတဲ့လူဆို တော့ စဉ်းစားတတ်တယ်” ဟု စိုင်းစိုင်း၏ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်သည့် တေးသံရှင်ငယ်ငယ်က ဆိုသည်။

ယခုမူ သီချင်းခွေထွက်သည်နှင့် တေးသံရှင်များ၏ အမှတ်တရ လက်မှတ် ထိုးပွဲနှင့် ဖျော်ဖြေရေးပြုလုပ်သည်မှာ အစဉ်အလာတစ်ခု ဖြစ်သွားသည်။

ပြီးခဲ့သည့် သုံး၊ လေးနှစ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူဦးရေ တစ်ဟုန်ထိုးတိုးပွားလာပြီး အထူးသဖြင့် Facebook လူမှုကွန်ရက်သည် မြန်မာပြည်သူများ အသုံးအများဆုံး ဖြစ်ခဲ့သည်။

Facebook သည် အနုပညာရှင်များ၊ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် သူတို့၏ အမာခံပရိသတ်များကို အလျင်မြန်ဆုံးဆက်သွယ်ပေးနိုင်သည့် လူမှုမီဒီယာတစ်ခု ဖြစ်လာချိန်တွင် ပြည်တွင်းရှိ နာမည်ကျော်ကြားသူများထက် စိုင်းစိုင်းခမ်းလှိုင်က ခြေတစ်လှမ်းရှေ့ ရောက်နေပြန်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ Facebook သုံးစွဲသူဦးရေ သုံးသန်းကျော်သာ ရှိသေးသည့် အချိန်တွင် စိုင်းစိုင်းခမ်းလှိုင်၏ Facebook စာမျက်နှာကို Like လုပ်ထားသူ တစ်သန်းကျော်နေပြီဖြစ်သည်။

သုံးနှစ်ခွဲအကြာတွင် စိုင်းစိုင်းခမ်း လှိုင် ၏ Facebook စာမျက်နှာကို Like လုပ်ထားသူဦးရေ ခုနစ်သန်းကျော်သွားပြီး ပြည်တွင်းရှိ ကျော်ကြားသူများ အနက် Like အရေအတွက်အများဆုံး ရရှိထားသော Facebook စာမျက်နှာ ဖြစ်သည်။

ထိုအချက်ကို အားယူကာ အနုပညာနှင့်မသက်ဆိုင်သော စီးပွားရေးလုပ်ငန်း စတင်မည့်အချိန်တွင် လူမှုကွန်ရက်မှတစ်ဆင့် တောက်လျှောက်ဆိုသလို ပရိသတ်များ စိတ်ဝင်စားစေရန် စာများ၊ ဓာတ်ပုံများ တင်ခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်၏ ဈေးကွက်နှင့် ကုန်ပစ္စည်း ရွေးချယ်ပုံ၊ ဈေးနှုန်းသတ်မှတ်မှုတို့ကို မားကက်တင်းကျွမ်းကျင် သူများက ဩချလိုက်ရသည်။

စိုင်းစိုင်း၏ ပရိသတ်အများစုမှာ အမျိုးသမီးထုဖြစ်ပြီး ထိုအမျိုးသမီးများအတွက် အခြေခံအကျဆုံး ပစ္စည်းကို သင့်တော်သည့် ဈေးနှုန်းတစ်ခုဖြင့် စတင်လိုက်သည်။

အလှကုန်လုပ်ငန်းအတွက် နာမည် ရွေးချယ်ရာတွင် စိုင်းစိုင်း၏ အတိုကောက် နာမည် S.A.I ကို Sexy And Intelligent ဟု အမည်ပေးပုံမှာလည်း ဆွဲဆောင်မှုရှိကြောင်း ဗြိတိန်အခြေစိုက် ဥပဒေရေးရာကုမ္ပဏီမှ Business Services Officer မသူသူထက်က ဆိုသည်။

“နှုတ်ခမ်းနီဆိုတာ အလှကုန်မှာ အခြေခံအကျဆုံးပဲ။ မိန်းကလေးအယောက် ၁၀၀ မှာ ၉၉ ယောက် သုံးဖြစ်တဲ့ပစ္စည်းမျိုးကို သူအရင်ဆုံးရွေးသွားတယ်။ နောက်ပိုင်း သူဆက်ထုတ်တာတွေက Trend ကို အလိုက်သင့်မျှောပြီးလုပ်သွားတာ တကယ်ပညာသားပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုမှ လုပ်ငန်းစတင်မည့်သူများအတွက် ပညာယူစရာများစွာရှိနေသည်။

သေချာပေါက် ‘ပေါက်’ မည့် ဈေးကွက်ကို ရွေးသည်။ ကုန်ပစ္စည်းကို ဆက်တိုက်ဆိုသလို Social Marketing ဖြင့် ဈေးကွက်မြှင့်တင်ရေး လုပ်သည်။

ထို့ကြောင့်ပင် လူမှုကွန်ရက် စာမျက်နှာများတွင် မားကက်တင်းကျွမ်း ကျင်သူများ၏ ချီးကျူးမှုကို ခံခဲ့ရသည်။

“မားကက်တင်းအပိုင်းမှာ စိုင်းစိုင်း က စီးပွားရေးအမြင် အရမ်းရှိတယ်။ မတူတဲ့ပုံစံလေးတွေဖြစ်အောင် ဦးစားပေးတာ သတိထားမိတယ်” ဟု ကြည်ကြည့်အိမ် တည်ထောင်သူ ဒေါ်ကြည်ကြည်ဝင်းရွှေက ဆိုသည်။

စိုင်းစိုင်းခမ်းလှိုင်ကို မားကက်တင်း ဂုရုတစ်ပါးလို တင်စားခံရလောက်သည်အထိ ပံ့ပိုးပေးနေသော နောက်ထပ်အားသာချက်မှာ လူမှုဆက်ဆံရေးကောင်းခြင်းဖြစ်သည်။

တေးသံရှင်ဘ၀အစတွင် စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းများကို ဝေဖန်ကြသည်၊ ရှိုးပွဲများတွင် ရေသန့်ဘူးဖြင့်ပစ်ပေါက် ဆဲဆိုကြသည်။

နောက်ဆုံး SAI နှုတ်ခမ်းနီထုတ်ချိန်တွင် စိုင်းစိုင်းကိုဆန့်ကျင်တော်လှန်မည့်သူရဲကောင်းများဆိုသည့်အမည်နှင့် လူမှုကွန်ရက်တွင် အဖွဲ့တစ်ခုပေါ်လာသည်။

ထိုအဖွဲ့တွင် စိုင်းစိုင်းအကြောင်းကို အပြောင်အပျက် လုပ်ကြသည်၊ အချို့က ရိုင်းရိုင်းစိုင်းစိုင်း လှောင်ပြောင်ကြသည်။

သို့သော် မကြာမီပင် စိုင်းစိုင်းခမ်းလှိုင်က ထိုအဖွဲ့တွင် Admin နေရာကို ဝင်ယူလိုက်သည်။

“ကျွန်တော့်မှာ ပြောစရာတစ်ခု ရှိနေလို့ ပျော်စေ၊ ပျက်စေ နောက်ပြောင်တယ် (Troll) လုပ်တယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်။ အားပေးတဲ့ပရိသတ်တွေ အများကြီးရှိတယ်၊ ဝေဖန်တဲ့လူတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ပတ် သက်တဲ့အကြောင်းဆိုရင် ကျွန်တော် သိချင်ပါတယ်၊ စပ်စုချင်ပါတယ်” ဟု ထိုအဖွဲ့တွင် Admin အဖြစ် ဝင်ရောက် လုပ်ဖြစ်ပုံကို စိုင်းစိုင်းခမ်းလှိုင်က ဖြေကြားခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်သည် မားကက်တင်းကျွမ်းကျင်သူဟု ဆိုသည်ထက် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်ခြင်းနှင့် ဈေးကွက်ကိုနားလည်ခြင်းဖြစ်နိုင်ကြောင်း La Korn Thai – Media ကုမ္ပဏီမှ မားကတ်တင်းမန်နေဂျာ ကိုနိုင်ကျော်သူက မှတ်ချက်ပေးသည်။

“သူက Public Relation တအား ကောင်းတယ်။ Social Marketing လည်း တော်တော်သုံးနိုင်တယ်။ ကျွန်တော့်အမြင်အရ တစ်ခါတလေဆို Strategy ချပြီးကို လုပ်နေသလိုပဲ” ဟု ၎င်းက ဆိုသည်။

လူမှုဆက်ဆံရေး ကောင်းရုံမက ပရိသတ်ကို ‘ချုပ်’ သည့်နေရာတွင်လည်း စိုင်းစိုင်းက ပါရမီထူးသည်။

သူ၏ နှုတ်ခမ်းနီ အရောင်းမြှင့်တင်ရေးအစီအစဉ်တစ်ခုအဖြစ် ယခုနှစ် ချစ်သူများနေ့တွင် သူ၏ ထုတ်ကုန် နှုတ်ခမ်းနီ မဲဖောက်ပေးသည်။

မဲပေါက်သူ၏ အိမ်ရှေ့အထိ သူကိုယ်တိုင် ကားဖြင့် သွားရောက်ပို့ပေးကာ ချစ်သူများနေ့အမှတ်တရအဖြစ် ချော့ကလက်၊ ပန်းစည်း၊ ပူဖောင်းများပါ လက်ဆောင်ပေးကာ သူ့ဖောက်သည်၊ သူ့ပရိသတ်ကို တအံ့တဩ ဖြစ်စေသည်။

“လူကိုယ်တိုင်ကြီး ကားပေါ်ကနေ ပူဖောင်းကြီးတွေ မျက်နှာကွယ်ပြီး ဆင်းလာတယ်။ လူရှေ့ရောက်တော့ ပြုံးပြီး Happy Valentine တဲ့။ ပျော်တာ ပျော်တာဆိုတာ ထတောင်ခုန်မိတယ်” ဟု SAI နှုတ်ခမ်းနီ မဲပေါက်ခဲ့သူ မယုနန္ဒာခင်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

လူမှုဆက်ဆံရေးတွင် အများတကာသာလွန်သည်ဟု ဆိုဆို၊ မားကက်တင်းကျွမ်းကျင်သူဟု ပြောပြော ဆယ်စုနှစ် နှစ်ခုကြာသည်အထိ စိုင်းစိုင်းခမ်းလှိုင်မှာ အောင်မြင်နေဆဲပင်။

“သူသုံးသွားတဲ့ မားကက်တင်း မဟာဗျူဟာတွေက သေချာတွေးကြည့်ရင် အတုယူစရာတွေချည်းပဲ” ဟု မသူသူထက် က ဆိုသည်။

စစ်ငြိမ်းသူ၊ ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *