လမ်း ဝိရောဓိ

 

“အရှေ့ကိုထွက်၊ ကျုံးအတက်မယ်၊ ဇွတ်မတက်ရန်၊ တားပြန်သော်လည်း၊ စိတ်မာန်ခက်ထန်၊ တို့မပြန်ဟု၊ မိန့်တော်မြွက်ကြား၊ သံဃာများအား၊ ရှေ့မတိုး ရပ်လို့နေစဉ်၊ အစိုးရမင်းရယ်က ပြည်ပိုင်အစိုးရမင်းရယ်က၊ စိတ်နော် ငယ်ပြင်းစွာနဲ့ အတင်းပစ်သတ်လေတယ်မှ အတင်းပစ်သတ်လေတယ်…”

၁၃၀၀ ပြည့်နှစ်ဝန်းကျင်က အထူးရေပန်းစားခဲ့သည့် မန္တလေးအာဇာနည် ၁၇ ဦး သီချင်းစာသားများဖြစ်သည်။  စာသားများကို ဖတ်ရှုရင်းဖြင့်ပင် ထိုစဉ်ကအခြေအနေကို မြင်ယောင်မိစေလေသည်။

၁၃၀၀ ပြည့်နှစ် တပို့တွဲလပြည့် ကျော် ၇ ရက် (၁၉၃၉ ဖေဖော်ဝါရီလ ၁၀) တွင် မန္တလေးမြို့ ၌ ဖြစ်ပေါ်ခဲ့သည့်  နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ရဟန်း ရှင်လူ ပြည်သူတို့မှာ အိမ်တော်ရာဘုရားဝင်း ဆယ့်လေးခန်းဇရပ်တွင် စတင်စုဝေး ပြီး ပုဒ်မ ၁၄၄ ကို ဆန့်ကျင်ရန်အတွက်၂၆  ဘီလမ်းအတိုင်း အရှေ့ပုလိပ်ရုံး (ယခု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ) သို့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်လာခဲ့စဉ် အင်္ဂလိပ်တို့က သေနတ်ဖြင့် ပစ်ကာ လူစုခွဲသဖြင့် သံဃာတော်ခုနစ်ပါး  ပါဝင်သည့် အာဇာနည် ၁၇ ဦးတို့ ကျဆုံးခဲ့ရသည်။

“မန္တလေးရဲ့သမိုင်းတွေကို ပြန်လည် ဖော်ထုတ်ချင်လို့ လမ်းအမည်တွေကို ပြန်သတ်မှတ်ချင်တာ” ဟု ဆိုလာသူက  အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး ဖြစ်သည်။

မန္တလေးနှင့် ပတ်သက်သည့် သမိုင်းများကို မဖျောက်ဖျက်ရန်နှင့် နောင်လာနောက်သားများ ယင်းသမိုင်းများကို သိရှိကာ ဂုဏ်ယူတတ်စေရန်၊ မန္တလေးဆိုသည့် သင်္ကေတ Identity ကို မပျောက်စေရန် ရည်ရွယ်ရင်းဖြစ်ကြောင်း ၎င်းက  ဆိုသည်။

ယင်းအတွက်လည်း ဇူလိုင်လ ၅  ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် အဆိုတစ်ခုတင်သွင်းခဲ့သည်။ ‘မန္တလေးမြို့၏ အဘိုးအဘွားများ သွေးဖြင့်ရေးခဲ့သည့် သမိုင်းဝင်လမ်းများဖြစ်သည့် အာဇာနည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ဗထူးနှင့် အရှင်စန္ဒိမာလမ်းတို့အား နောင်လာနောက်သားများ သမိုင်းကို သိရှိနားလည် တန်ဖိုးထားတတ်စေရန်အလို့ငှာ ပြန်လည်သတ်မှတ် ပေးပါရန်’ တိုက်တွန်းသည့် အဆိုဖြစ်သည်။  “လူငယ်တိုင်း လူငယ်တိုင်း မန္တလေးရဲ့သမိုင်းကို သိစေချင်တာပေါ့” ဟု ဒေါက်တာကျော်ဦးက သူ့အဆို၏ရည်ရွယ်ချက်ကို  ရှင်းပြသည်။

ယင်းလမ်းတို့၏ သမိုင်းကြောင်းကား အဘယ်နည်း။

မင်းတုန်းမင်း တည်ခဲ့သည့် မန္တလေးမြို့၏ တည်ဆောက်ပုံသည် လမ်းဖောက်လုပ်ရန်၊ သွားလာရ လွယ်ကူစေရန်အတွက် လေးထောင့်စပ်စပ်ဖြစ်သော်လည်း ထိုမြို့၏ လမ်းနှင့်ပတ်သက်သော သမိုင်းကြောင်းများကို သေချာစွာ မသိရပေ။   လမ်းအမည်တို့ကို ပဒေသရာဇ်စနစ်က သတ်သတ်မှတ်မှတ်မရှိခဲ့သော်လည်း ကိုလိုနီခေတ်ရောက်သည့်အခါတွင် မှတ်သားရလွယ်ကူစေရန်အတွက် သတ်မှတ်ခေါ်ဆိုခဲ့ခြင်းတို့ ရှိခဲ့သည်။

မန္တလေးမြို့၏ အရှေ့အနောက် ဆက်သွယ်ထားသည့် အထင်ကရလမ်းမကြီးများကို အင်္ဂလိပ်ခေတ်က အေလမ်း၊  ဘီလမ်း၊ စီလမ်း၊ ဒီလမ်းဟု မှတ်သားရလွယ်ကူစေရန် ခေါ်တွင်ခဲ့သည်။ အေလမ်း သည် ယခု ၃၅ လမ်း၊ ဘီလမ်းသည် ယခု  ၂၆ လမ်း၊ စီလမ်းသည် ယခု ၂၂ လမ်း၊ ဒီလမ်းသည် ယခု ၁၈ လမ်းတို့ဖြစ်ပြီး  ယင်းလမ်းအမည် အေဘီစီဒီတို့သည် အင်္ဂလိပ်၏ အမွေအနှစ်များဖြစ်သည်ဟုဆိုကာ ၁၉၉၀ ဝန်းကျင်တွင် အေဘီစီဒီ  အမည်မှ ရန်ကြီးအောင်လမ်း၊ ဘုရင့်နောင်လမ်း၊ ပင်းယလမ်း၊ အင်းဝလမ်းဟု မြန်မာအမည်များဖြင့် ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ယင်းအပြင် ၂၂ လမ်းသည်လည်း  နန်းမြို့ အာဠဝီတံခါးနှင့် တည့်တည့်တွင် တည်ရှိသည့်အတွက် အာဠဝီလမ်းဟု လည်းကောင်း၊ ၁၉ လမ်းကိုလည်း စည်ရှည် (စက်ရှင်) တံခါးကို ဦးတိုက်လျက်ရှိသဖြင့် စည်ရှည် (စက်ရှင်) လမ်းဟုလည်းကောင်း  ခေါ်ဆိုမှုများလည်း ရှိခဲ့သည်။

ယင်းကဲ့သို့ လမ်းအမည်ခေါ်ဆိုမှုများအပြင် သမိုင်းကြောင်းနှင့်နွှယ်သည့်  အမည်ပေးမှုများလည်း ရှိခဲ့သည်။
၂၆ လမ်း၏ သမိုင်းကြောင်းမှာကား အထက်တွင်ဖော်ပြခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေးအတွက် အာဇာနည်တို့ သွေးမြေကျခဲ့သည့်လမ်းဖြစ်၍ အာဇာနည်လမ်းဟု မန္တလေးသူ မန္တလေးသားတို့က ဂုဏ်ပြု ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းဟူသည်က ၈၄ လမ်းမကြီး ဖြစ်သည်။ ယင်းလမ်းသည် မန္တလေး၏ အသည်းနှလုံးဖြစ်သည့်  ဈေးချိုတော်နှင့် မန္တလေး၏ အထွတ်အထိပ်ဖြစ်သော မဟာမုနိဘုရားကြီးတို့ကို  ဆက်သွယ်ထားသလို မန္တလေး-စစ်ကိုင်း ဆက်သွယ်သည့် လမ်းမကြီးလည်းဖြစ်ပြီး  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့်  မြို့လူထုက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၈၄ လမ်း (ဗိုလ်ချုပ် အောင်ဆန်းလမ်း) မှ ဘုရားကြီးမြောက်ဘက်မုခ်နှင့် အရှေ့ ၄၅ တာတို့ကို ဆက်စပ်သည့်လမ်းကိုလည်း ဗိုလ်ဗထူးလမ်း (ယခု ၄၂ လမ်း) ဟု ခေါ်တွင်ခဲ့သည်။ ဂျပန် ဖက်ဆစ်တော်လှန်ရေးကာလ ၁၉၄၅ ခု မတ်လ ၈ ရက်နေ့တွင် ဂျပန်ကို စစ်ကြေညာတိုက်ခိုက်ခဲ့သည့် ဗိုလ်မှူးဗထူးကို ဂုဏ်ပြုသောအနေဖြင့် ယင်းကဲ့သို့ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဗိုလ်မှူးဗထူး၏ ဂျပန်ကိုတော်လှန်ခဲ့သော အထက်ဗမာပြည် စစ်ရုံးချုပ်သည်လည်း ထိုလမ်းမပေါ်တွင် တည်ရှိခဲ့သည်။ လက်ရှိတွင် ထိုလမ်းအမည်သည်လည်း မထင်ပေါ်တော့။

၁၉၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီး၏ သုံးလပတ်အစည်းအဝေးကို မန္တလေးမြို့တွင် ကျင်းပရာ ယင်းအစည်းအဝေးကို ဆရာတော်ဦးဥတ္တမ ကြွရောက်လာသည်။ ဆရာတော် ကြွရောက်လာစဉ်  မန္တလေးဒေသခံ ရဟန်းရှင်လူအပေါင်းက ကြိုဆိုကြရာ အစိုးရပုလိပ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှိမ်နင်းခံရသဖြင့် မန္တလေးမြို့ရှိ ဦးစန္ဒိမာဘွဲ့အမည်ရှိ ရဟန်းတစ်ပါး ပျံလွန်ခဲ့သည်။ မတရားသည့် ဖိနှိပ်မှုအမိန့်ကို ဆန့်ကျင်ရင်း အသက်စွန့်လွှတ်ခဲ့သည့်  ရဟန်းတော်ကို ဂုဏ်ပြုသည့်အနေနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ၃၁ လမ်း (အရှေ့ဘက် ၆၂ လမ်းမှ အနောက်ဘက်  မိချောင်းတံတားအထိ) ကို အရှင်စန္ဒိမာလမ်းဟု မြို့လူထုက ကမ္ပည်းပြုခဲ့သည်။

“မန္တလေးမှာ နေသွားတဲ့ ဘိုးဘွားတွေ၊ နိုင်ငံအတွက် တကယ်ကို သက်စွန့်ဆံဖျားလုပ်သွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေကို ဂုဏ်ပြုခဲ့တဲ့ လမ်းတွေကိုတော့ နာမည်အစစ်အမှန်တွေကိုတော့ အဓိကဖော်ထုတ်ချင်ပါတယ်” ဟု ဒေါက်တာကျော်ဦးက သူ့ဆန္ဒ ကို ပြောပြနေသည်။

လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုသည် လွှတ်တော်တွင် ဖြေဆိုခြင်းမပြုရသေးမီ သက်ဆိုင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်တစ်ဦးက အဆိုပါ သမိုင်းဝင်လမ်းများကို ပြန်လည်လုပ်ဆောင်မည်ဟု မီဒီယာအချို့တွင် ချပြခဲ့မှုများရှိသဖြင့် ၎င်း၏အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

“ဇွန် ၁၆ မှာ လွှတ်တော်ကို အဆိုတင်ခဲ့တာ။ အဲဒီနေ့က သောကြာနေ့။  ၁၉ ရက်နေ့မှာ သက်ဆိုင်ရာဝန်ကြီးဌာန (စည်ပင်) ကို ရောက်သွားတယ်။ ၂၃ ရက် မှာ မီဒီယာတွေကို ဖွင့်ချတယ်။ ၂၄ ရက် မှာ ဂျာနယ်တွေမှာပါလာတယ်။ အခုတော့ သူတို့ တကယ်လုပ်မယ်လို့ မီဒီယာ ကို ဖွင့်ချထားတဲ့ ကတိကဝတ်ရှိတဲ့အတွက် အဲဒါကိုယုံကြည်မှုနဲ့ ကျွန်တော့်အဆိုကို ပြန်ရုပ်သိမ်းလိုက်တယ်” ဟု ဒေါက်တာကျော်ဦးက လွှတ်တော်အစည်း အဝေးအပြီးတွင် ရှင်းပြသည်။

ဒေါက်တာကျော်ဦး လွှတ်တော်တွင် အဆိုတင်ခဲ့သည့် အာဇာနည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ဗထူးလမ်း နှင့် အရှင်စန္ဒိမာလမ်းတို့အပြင် သခင်ဗဟိန်းလမ်း (လမ်း ၈၀)၊ မင်္ဂလာလမ်း (၇၃ လမ်း)၊ အာဠဝီလမ်း (၂၂ လမ်း)၊ စည်ရှင် (စက်ရှင်) လမ်း (၁၉ လမ်း)၊ စည်သာလမ်း (၇၆ လမ်း) စသည်တို့ကိုလည်း ပြောင်းလဲသတ်မှတ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုသည်။

“လုပ်ရင်တောင်မှ နှစ်ခုပေါ့။ ပြောင်းမယ့်အမည်ကော၊ လက်ရှိ နံပါတ်နဲ့ကော တွဲပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ချက်ချင်းပြောင်းလိုက်ရင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအတွက် အခက်အခဲတွေ ဖြစ်လာမယ်။ စာပို့သမား၊ တက်စီသမား၊ ဘတ်စ်ကား၊ တခြားနယ်ကလာတဲ့သူ  စသည်ဖြင့် လမ်းအမည်သိပေမယ့် ဘယ်ကို သွားရမှန်းမသိဘူး ဖြစ်မယ်။ သူတို့ သိထားတာက နံပါတ်နဲ့ကိုး” ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။  လမ်းညွှန်ဆိုင်းဘုတ်များပြုလုပ်ရန်အတွက် လမ်းထောင့်တစ်ထောင့်လျှင် ကျပ်လေးသိန်းနီးပါး ကုန်ကျမည်ဖြစ်သည့်အတွက် အလှူရှင်ရှိမှသာ လုပ်ဆောင်နေရကြောင်း MCDC ထံမှ သိရသည်။

“လုပ်သင့်တဲ့အချိန်ကျရင် လုပ်ပါမယ်။ ဒီအချိန်မှာ ကျွန်တော် ဘတ်ဂျက်ကို အရမ်းနှမြောပါတယ်။ လမ်းတစ်လမ်း  အရှေ့အနောက်ဆိုရင် အရမ်းတိုတယ်။ အနည်းဆုံး သိန်း ၁၅၀ လောက် ကုန်မယ်။  တောင်မြောက်သွားတဲ့လမ်း၊ သိန်း ၂၀၀ အထက်မှာ ကုန်မယ်။ တောင်မြောက်သွားတဲ့လမ်း အရှည်ကြီးပဲ။ မီဒီယာတွေကစ  သတင်းရေးရင် ဘယ်လမ်းရေးရမှန်းမသိဘူး ဖြစ်သွားမယ်။ နောက်တစ်ခုက  GPS ၊ လမ်းနံပါတ်တွေ ပါတယ်။ အဲတော့  Google ကို သတင်းပေးရမယ်။ ပြည်ထောင်စုကို တင်ပြရတော့မယ်။ ပြည်ထဲရေးကို တင်ရမယ်” ဟု လမ်းအမည်ပြောင်းလဲလိုက်လျှင် ရင်ဆိုင်ရမည့် အခက်အခဲများကို ဒေါက်တာရဲလွင်က ရှင်းပြသည်။

လက်ရှိတွင် မန္တလေးမြို့သစ်ဘက်ရှိ  လမ်းအမည်များကို ပြန်လည်ပြောင်းလဲရန်  စာရင်းပြုစုနေပြီး အဆိုပါလမ်းများကို  အရင်ဦးစွာ ပြောင်းမည်ဖြစ်ကြောင်း  ၎င်းကဆိုသည်။

“မြို့သစ်ကို ခင်ဗျားသွား။ ငုဝါလမ်းဆို ဘယ်လိုသွားရှာမလဲ။ အဲဒီဘက်ကို လမ်းနံပါတ်တွေပေးဖို့လည်း လုပ်နေတယ်။ အဲဒါက လုပ်နေတာ သုံးလလောက် ရှိပြီ။ သိပ္ပံလမ်း တောင်ဘက်ရောက်သွားရင် ဘာမှ မသိတော့ဘူး။ အဲဒီမှာ မိန်းလမ်း ရှိတယ်။ ကြားလမ်း ရှိတယ်။ နာမည်တွေတော့ အကုန်ပေးထားတယ်။ အခု လမ်းက  ၉၀ ကနေဆုံးရင် ၉၀ ကနေ စပေးမယ်။ မိန်းလမ်းတွေကို နံပါတ်နဲ့ ပေးပြီးတော့ ကြားလမ်းတွေကို ၉၁(အေ)၊ ၉၁ (ဘီ)  အဲဒီလိုမျိုးပေးမယ်။ ထပ်နေတာတွေလည်း မထပ်အောင် လုပ်ရမယ်” ဟု လက်ရှိ လုပ်ဆောင်နေသည့် လမ်းအမည်ပြောင်း လဲရေးလုပ်ငန်းစဉ်ကို ဒေါက်တာရဲလွင်က  ပြောပြသည်။

မင်္ဂလာလမ်းအဖြစ် ပြောင်းမည့် ၇၃ လမ်းသည် နန်းမြို့၏ တောင်ဘက်တွင် ရှိသည့် မင်္ဂလာတံတားကြောင့် မင်္ဂလာလမ်းဟု ခေါ်ဆိုခြင်းဖြစ်ပြီး နန်းမြို့၏ မြောက်ဘက်တွင်ရှိသည့် ၇၃ လမ်းကိုကော မင်္ဂလာလမ်းဟု ခေါ်ဆိုခြင်း ပြု မပြု မသိရကြောင်း။ ယင်းအပြင် အဆိုပါလမ်းသည် နန်းမြို့ တောင်ဘက်ဆုံး မန္တလေးတက္ကသိုလ်ထဲ ရောက်သွားလျှင် အဓိပတိလမ်းဟု ပြောင်းလဲသွားပြန်ပြီး Google တွင်ပင် အဓိပတိလမ်းဟုပင် ပြဆိုနေကြောင်း လက်ရှိ ရန်ကုန်မြို့တွင်နေထိုင်သည့် မန္တလေးသား  ဦးထိပ်တင်အောင်က ပြောသည်။

“လမ်းအမည် ပေးရတာက လွယ်ပါတယ်။ ဘယ်လိုစနစ်နဲ့ ဘယ်နားကလမ်းတွေကို ဘယ်လိုပြောင်းရမယ်ဆိုတာ တိကျတဲ့ ဖွင့်ဆိုချက်လေးနဲ့ ထုတ်ပြန်ကြဖို့လိုပါတယ်။ တော်ကြာ ၇၃ လမ်းတစ်ခုလုံး  မင်္ဂလာလမ်းဖြစ်၊ ၇၆ လမ်းတစ်ခုလုံး  စည်သာလမ်းဖြစ်သွားရင် မူလမှည့်တဲ့  ဖွင့်ဆိုချက်နဲ့ တလွဲကြီး ဖြစ်ကုန်မယ်”  ဟု ၎င်းကထောက်ပြပြောဆိုသည်။
ယင်းအပြင် သိပ္ပံလမ်းမကြီးသည်လည်း အမှန်ဆိုရလျှင် ၄၅ လမ်းဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ၎င်းသည် လည်း ၆၂ လမ်းဘက်မှ ကြည့်လျှင် သိပ္ပံလမ်းဖြစ်ပြီး ၇၈ လမ်း (ရန်-မန်းလမ်း)ကို ကျော်လွန်သည့်အခါ ဗိုလ်မှူးဗထူး လမ်းဟူ၍ ဖြစ်သွားပြန်ကြောင်း၊ ထို့ကြောင့် ယင်းလမ်းကို သိပ္ပံလမ်းဟု ခေါ်မည်လား၊  ဗိုလ်မှူးဗထူးလမ်းဟု ခေါ်မည်လား၊ ၄၅  လမ်းဟု ခေါ်မည်လား မဝေခွဲတတ်ကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။
မန္တလေးမြို့တွင်း၌ လမ်းအမည်များကို နံပါတ်စနစ်နှင့် အသုံးပြုကြောင်း၊ တောင်မြောက်လမ်း၊ အရှေ့အနောက်လမ်းဟု ပိုင်းခြားထားပြီး မြို့သစ်ဘက်တွင်တော့ အမည်ပေးစနစ်ဖြင့်သွားကြောင်း၊ ရန်ကုန် မြို့တွင်း၌ ဗိုလ်ချုပ်၊ အနော်ရထာ၊ မဟာဗန္ဓုလ၊ ကမ်းနားစသည့် အဓိကလမ်းမကြီးများက အရှေ့အနောက်ရှိနေပြီး နံပါတ်လမ်းများကြားတွင် အမည်ပေးလမ်းများရှိကြောင်း၊ ဥပမာ – ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြားတွင် နံပါတ်ဖြင့် လမ်းများရှိကြောင်း ၎င်းက ရန်ကုန်နှင့်  မန္တလေးမြို့တို့၏ လမ်းအမည်ပေးပုံကို  နှိုင်းယှဉ်ပြောကြားသည်။
“သွားရလွယ်ကူတာက အကြောင်းရင်းသိရင် လွယ်ကူပါတယ်။ နံပါတ်လမ်းချည်းရှိတာကတော့ ပိုပြီး ရှင်းလင်းတယ်လို့ ယူဆပါတယ်။ နာမည်လမ်းတွေထက်  နံပါတ်လမ်းတွေက မှတ်ရပိုလွယ်ပါတယ်” ဟု လမ်းအမည်များ၏ အားသာချက်၊  အားနည်းချက်ကို ဦးထိပ်တင်အောင်က  ပြောဆိုသည်။

ယင်းသို့ လမ်းအမည်ပြောင်းလဲမှု အစီအစဉ်နှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဝေဖန်မှုများလည်း  ရှိခဲ့သည်။ နိုင်ငံ၏ လက်ရှိအခြေအနေအရ  ယင်းထက်အရေးကြီးသော ကိစ္စရပ်များကိုသာ လုပ်စေချင်ကြောင်း၊ ပြည်သူတို့ကို  တိုက်ရိုက်အကျိုးရှိမည့် အလုပ်များသာ လုပ်စေချင်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်။

“ပြည်သူအကျိုးရှိတယ် မရှိဘူးဆိုတာ ဘာနဲ့တိုင်းသလဲတော့ မသိဘူး။  မပြောတတ်ဘူး။ သမိုင်းကို တန်ဖိုးထားတဲ့ သူတွေကတော့ အဲဒီလိုပြောမယ် မထင်ဘူး။  စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်း  မလုပ်နိုင်ဘူး။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကိုလည်း မလုပ်နိုင်ဘဲ ဒါကို လုပ်တယ်လို့  ပြောတာတွေလည်း ရှိတယ်။ နာမည်ပြောင်းရုံနဲ့ မန္တလေးမြို့ တိုးတက်မှာမဟုတ်ဘူးပေါ့။ ဒီလိုပြောင်းတယ်ဆိုတာ မန္တလေးမြို့ တိုးတက်ဖို့ထက် ပိုပြီးတော့ အတွင်းကျ တယ်။ အခုဆိုရင် မန္တလေးမှာ လူမှုရေးအရ၊ စီးပွားရေးအရ မန္တလေးဆိုတာ မရှိတော့ဘူး။ ဒီအချိန်မှာ ကျွန်တော်တို့က  တတ်နိုင်သလောက် ငုပ်လျှိုးနေတဲ့ မန္တလေး ရဲ့ Identity ကို ဖော်ဖို့အတွက် လမ်းတွေ၊  သမိုင်းဝင်အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အဦတွေ ဒါတွေအကုန်လုံး ပြန်ပြီးတော့ စနစ်တကျ၊ မန္တလေးရဲ့ Identity အတိုင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အတိုင်း ပြန်လည်ဖော်ထုတ်ရမှာ” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက တုံ့ပြန်ပြောဆိုသည်။

ယင်းကဲ့သို့ ဖော်ထုတ်မှသာ မန္တလေးမြို့သည် နောင်အနှစ် ၅၀၊ ၁၀၀ တိုင်  တည်ရှိနေမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်လျှင် မန္တလေး၏ သင်္ကေတ၊ အမှတ်အသား၊ အထိမ်းအမှတ်များသည် နောက်ထပ်  ဆယ်နှစ်၊ အနှစ် နှစ်ဆယ်အတွင်း ပျောက်ကွယ်သွားနိုင်သည်ဟု မန္တလေး၏ စိုးရိမ်ဖွယ်  အခြေအနေကို ၎င်းက ရှင်းပြသည်။

“သမိုင်းကို ပြန်ဖော်ထုတ်တာနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဆင်းရဲနေတာ လျစ်လျူရှုနေမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က တစ်ပြိုင်နက်ပေါ့။ ဆင်းရဲမှုကို တိုက်ဖျက်တာလည်း သတ်သတ်၊ မန္တလေးမြို့ရဲ့ ကျန်တဲ့ကဏ္ဍတွေ တိုးတက်ဖို့လည်း သတ်သတ်၊ သမိုင်းကို ပြန်ဖော်ထုတ်တာလည်း သပ်သပ်ပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုခွဲမြင်ပါတယ်။ ခွဲမမြင်တဲ့သူကတော့ လမ်းအမည်ဖော်တာနဲ့ မန္တလေးမြို့ တိုးတက်သွားမှာလားဆိုတဲ့ အမြင်ရှိမှာပေါ့”

အကောင်းအဆိုး၊ အဖြူအမည်း၊ နေ့ည၊ အဟောင်းအသစ်၊ ဓမ္မအဓမ္မ စသည့် သဘာဝဆန့်ကျင်ဘက်တရားများကို ဝိရောဓိဟုခေါ်သည်။ ဝိရောဓိတရားတို့သည် တစ်ခုနှင့်တစ်ခု ရန်မဖြစ်ကြချေ။  ထိုဝိရောဓိတရားများကို လောဘ၊ ဒေါသ၊  မောဟတို့နှင့် ပေါင်းစပ်လိုက်သည့်အခါတွင်သာ ပဋိပက္ခများ ဖြစ်သွားရသည်။ လမ်းအမည်ပြောင်းလဲရေးသည် ဝိရောဓိသက်သက်သာ ဖြစ်စေချင်ပါသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *