အချိတ်တို့၏ အရွေ့

 

 

“ဒီတိုင်းသာဆို အမရပူရ ရက်ကန်းရုံတွေ ရေရှည်ရပ်တည်ဖို့မလွယ်တော့ဘူး” ဟု ညည်းတွားလိုက်သူက မန္တလေးမြို့ မန်းမြန်မာပလာဇာရှိ ယမင်းသိင်္ဂီ ပိုးထည်တိုက် ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမင်းဆွေဖြစ်သည်။ “ဒီနှစ်ပိုင်းထဲမှာကို လွန်းရာကျော် ကြိုးကြီး ချိတ်တွေရော၊ ပိုးထည်တွေရော ဝယ်လိုအားကျသွားတာ သိသာတယ်” ဟု ထပ်လောင်းပြောကြားသည်။

စားဝတ်နေရေးဟုဆိုရာတွင် နေ့စဉ် ထမင်းသုံးနပ်စားသောက်ဖို့ပြီးလျှင် လူသားတို့ စဉ်းစားကြသည်က ဝတ်ဖို့ဆင်ဖို့ဖြစ်သည်။ အရှက်လုံရုံဝတ်ရာမှ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ဝတ်စားဆင်ယင်မှုဟု သတ်မှတ်ရသည်အထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုတွေက မျက်ကွယ်ပြုလို့မရပေ။ တောင်းမှာအကွပ်၊ လူမှာအဝတ် ဆိုရိုးကလည်း ရှိသေးသည်မဟုတ်လော။

မန္တလေးမြို့၏ ကုန်သွယ်ရေးဗဟို ဌာနဟုဆိုရမည့် ဈေးချိုတော်သည် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံး၊ အညာရပ်ဝန်းတစ်ခုလုံး၏ ဈေးသည်၊ ဈေးဝယ်များ အများဆုံး ဈေးတစ်ခုဆိုလျှင်လည်း မမှားချေ။ ဈေးချိုတော်တွင် ရောင်းဝယ်နေကြသော အထည်၊ ကုန်သည်တို့၏ ဝယ်လက်၊ ရောင်းပန်းကိုကြည့်လျှင် မြန်မာ့ဝတ်စား ဆင်ယင်မှု၏ ခေတ်ရေစီးကြောင်းကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်။

ဈေးချိုတော်တွင် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်မှစ၍ အထည်အရောင်း အဝယ်ပါးလာသည်ဟု တညီတညွတ်တည်း ဆိုကြသည်က ဈေးချိုသူဈေးချိုသား အားလုံးလိုလိုပင်ဖြစ်သည်။ “အရင်ကဆို ဈေးဝယ်တွေက ဆိုင်တိုင်းမပြတ်ဘူး။ ခုဟာ လာမေးတဲ့သူကို ရအောင်ရောင်းနေရတာ။ နယ်ဖောက်သည်တွေလည်း ပစ္စည်းအများကြီး မယူပေးနိုင်ကြတော့ဘူး။ လူတွေ စီးပွားရေးမကောင်းတော့တာလည်းပါမယ်” ဟု အထည်ဆိုင်ရှင်တစ်ဦးက ဆိုသည်။

အရောင်းအဝယ်ပါးသည့်ကြားထဲ အသိသာဆုံးက မြန်မာ့ရိုးရာ ရက်ကန်းထွက် ပိုးထည်၊ ချိတ်ထည်များဟုဆိုရမည်။ နည်းပညာအသစ်တွေကြောင့် နိုင်ငံခြားမှ တိုက်ရိုက်ဝင်လာသော ဈေးပေါပေါ ပိတ်အုပ်လိပ်များက တစ်လနေမှ တစ်ထည် ပြီးသော လက်ရက်ကန်းစင်ပေါ်က ပိုးချိတ်ထည်များကို လှောင်ပြသွားသည်။

ဈေးနှုန်းအားဖြင့်လည်း ပိုးစစ်ဖြင့် ရက်လုပ်ထားသည့် ပိုးချိတ်တစ်ထည်လျှင် အဆင်ဒီဇိုင်းပေါ်မူတည်ပြီး ဈေးနှုန်း သုံးသိန်းမှ ၁၀ သိန်းကျော်သည်အထိ အမျိုးမျိုးရှိတတ်သော်လည်း ထိုင်းနိုင်ငံမှ ဝင်သည့် ရယ်ဒီမိတ်ပိတ်အုပ်လိပ်မှ လုံချည်တစ်ကွင်းစာ ဖြတ်စသည် နှစ်သောင်းမှ ငါးသောင်းခန့်သာရှိကာ ဈေးကလည်း သက်သာလွန်းလှသည်။

ပိုးချိတ်တစ်ထည်လျှင် တစ်ပွဲတိုး ဝတ်ရုံ ပွဲနေပွဲထိုင်အတွက်သာ ဝယ်ကြသော မြန်မာအမျိုးသမီးအများစုအဖို့ ဈေးသက်သာသော၊ ရေလျှော်၍ရသော ထိုင်းပိုးချိတ်ထည်များဘက် ခြေဦးလှည့်လာကြသည်။ ထိုင်းပိုးပန်းထိုးချိတ်ဟုခေါ် သည့် ကွန်ပျူတာစက်ဖြင့် ပန်းထိုးထည်များကို ဈေးသက်သာစွာဝယ်ယူ ဝတ်ဆင်လာသည်။ အမရပူရ လက်ရက်ကန်းပိုးစစ်ထည်များကို နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲများ၊ သူဌေးကြေးရတတ်များ၏ မင်္ဂလာဧည့်ခံပွဲများတွင်သာ အများဆုံးဝတ်လာကြသည်။

ဒီတော့ အမရပူရသားတို့ ဈေးကွက်ကိုလိုက်ပြီး ခေတ်ပြောင်းရပြန်သည်။ လက်တန်းစင်တွေ အလုပ်မတွင်တော့ စက်ရက်ကန်းပြောင်းပြီး စက်ခတ်ချည်ထည်တွေ ဖြစ်အောင်လုပ်ကြရသည်။ မာစရိုက်ချည်ထည်များ ပေါ်လာပြီး ဈေးနှုန်းတွေ အပြိုင်ချလာကြတော့ ဈေးသက်သာသည့် ယုံချည်ကို အစားသုံးသည်။ ယုံချည်ထက်ပိုဈေးပေါသည့် ပိုလီချည်တွေသုံးသည်။ ဝယ်သူအတွက် အဆင်က တူတူဖြစ်သော်လည်း အရည်အသွေးက မတူတော့။ ဒီမှာတင် မလိမ့်တပတ် ရောင်းချတတ်သူတို့ကြောင့် အမှန်အကန် ရောင်းသူတွေ နစ်နာလာကြသည်။

အချိတ်ထည်တွေ ခေတ်မကောင်းတော့ ဆေးရေးထည်ခေတ်ထဖြစ်လိုက်သေးသည်။ သို့သော်လည်း ဆယ်နှစ်ပင်မခံလိုက်။ မူလက လက်ရေးပန်းချီ ဆေးရေးထည်တွေ အရည်အသွေးကောင်း ဈေးနှုန်းကောင်းတော့ လိုက်လံတုပလုပ် သူတွေက ဖလင်ပြားဖောက်ပြီး ဆေးသုတ်ရိုက်သည်။ တရုတ်ဆေးအရည်အသွေး မကောင်းတာတွေသုံးပြီး ဆေးဆိုးပန်းရိုက် လုပ်ကြသည်။ တဖြည်းဖြည်း အရည်အသွေး ညံ့လာသော ဆေးရေးထည်တွေ ခေတ်တုန်းတော့ ကွန်ပျူတာပန်းထိုးချည်ထည်များ ခေတ်ထလာပြန်သည်။

ကွန်ပျုတာဖြင့် ဒီဇိုင်းဆွဲထားပြီး ခေတ်မီစက်ကြီးများဖြင့် ပန်းထိုးသည့် အထည်များသည် အလုပ်တွင်သည့်အပြင် ငွေပေါ်လွယ်သည်။ လူတိုင်းကြိုက်သည်။ အသားအမျိုးမျိုးပေါ် အဆင်ဒီဇိုင်းအမျိုးမျိုး ထိုးနိုင်သည်ဆိုသော အားသာချက် ကြောင့် ပျိုပျိုမေတွေ လူကြိုက်များလာသည်။ ဒီမှာတင် ပြည်တွင်းဖြစ်ချည်ထည်နှင့် ပြည်ပမှဝင်သော ထိုင်းပိုးစတွေ အပြိုင်အဆိုင်ဖြစ်လာသည်။ ပြည်တွင်းဖြစ် ချည်ထည် ပိုးယုံထည်တို့ထက် အရောင်အသွေးစုံလင်သော ထိုင်းပိုးစတွေကို လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသော အထည်ဈေးကွက်သည် ပြည်တွင်းဈေးကွက်ကို ဝင်နှောင့်ယှက်မှုများ ရပ်မသွားခဲ့ပါ။ ပြည်တွင်းဖြစ် လက်ရက်ကန်း ပိုးချိတ်ထည်များ၏ အဆင်နှင့် တစ်ပုံတစ်စံတည်းတူသည့် ဆေးရိုက်ထည်များ စက်ရုံတိုက်ရိုက်အဖြစ် ပြည်တွင်းဈေးကွက်သို့တင်သွင်းလာပြန်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက ထိုသို့ ဒီဇိုင်းအတုအပဖြင့် ဝင်ရောက်လာခဲ့သော်လည်း အရည်အသွေးမမီသေးသည့် အတွက်ကြောင့် ပြည်တွင်းဈေးကွက်မှာ သိပ်မျက်နှာမရခဲ့။

ယခုတော့ အမရပူရသားတို့ ပက်လက်လှန်မည့် ကိန်းဆိုက်လေပြီ။ ရန်ကုန်မှ နာမည်ကြီးဒီဇိုင်နာတစ်ဦးက ကြိုးကြီးချိတ်များနှင့် တစ်ဆင်တည်းတစ်ပုံတည်း အရည်အသွေးကောင်း ဆေးရိုက် ချိတ်ထည်များကို နိုင်ငံခြားမှ မှာယူတင် သွင်းပြီး ပြည်တွင်းဈေးကွက်သို့ စတင် ဖြန့်ဖြူးနေပြီဖြစ်သောကြောင့်ပင်။ အသား၊ အဆင်၊ အရောင်အားဖြင့် လက်ရက်ကန်း ပိုးထည်ကြိုးကြီးချိတ်တွေကို ကောင်းကောင်းယှဉ်နိုင်သည်။ ရေလျှော်လို့လည်းရသည်။ ဈေးနှုန်းအားဖြင့်လည်း ၂၀၀၀၀ ကျော်သာ ရှိသည်ဆိုခြင်းကြောင့် အမျိုးသမီးတို့အလုအယက် စိတ်ဝင်တစားဝယ်ယူကုန်ကြသည်။

ဝါတွင်းမို့ ပိုးထည်ချိတ်ထည် အရောင်းပါးသည့်အချိန်တွင် ပိုးထည်တိုက်နှင့် ကုန်သည်များသည် ထိုကာလတွင် ဝါကျွတ်အမီ ငွေကြိုထုတ်ကာ ရက်ကန်းစင်များထံမှ ကြိုဝယ်ထားရသည်ဟုဆိုသည်။ ယခုတော့ နိုင်ငံခြားမှ ဝင်ရောက်လာသည့် ရယ်ဒီမိတ် ပိုးချိတ်ဆင်အထည်များကြောင့် ပိုးထည်ကုန်သည်တွေ ငွေအောင်းခံပြီး အရဲစွန့်ဝယ်ရမည့်သဘောဖြစ်နေသည်။ ထိုပိုးထည်ကုန်သည်တို့၏ ဝယ်လိုအားကို မှီခိုနေရသည့် ရက်ကန်းသမများတို့၏ ဘ၀များစွာ ရှိနေသေးသည်။ အကယ်၍ လက်ရက်ကန်းပိုးချိတ်ထည်ဈေးကွက် ပြိုလဲသွားခဲ့လျှင်ဟူသော မေးခွန်းသည် အမရပူရသားတို့အတွက် အဖြေမရှိသေးသော အမေးတစ်ခုသာဖြစ်နေသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အိန္ဒိယတွင် အလားတူဖြစ်ရပ်မျိုးဖြစ်ဖူးခဲ့ပါသည်။ အိန္ဒိယအမျိုးသမီးဝတ် ဆာရီခြုံထည်များကို မိရိုးဖလာ လက်မှုရက်ကန်းလုပ်ငန်းအတိုင်း ဖန်တီးထုတ်လုပ်နေသော ဆာရီဈေးကွက်သည် တရုတ်ပြည်မှ တိုက်ရိုက်ဝင်လာသော စက်ရုံထုတ် ဆာရီများကြောင့် ဈေးကွက်ပျက်လုနီးပါးဖြစ်ခဲ့သည်။ သို့သော် အိန္ဒိယအစိုးရက ဆာရီတင်သွင်းခွင့်ကို ပိတ်လိုက်သည်။ အခွန်များကို တင်းကျပ်စွာကောက်သည်။ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဦးစားပေးခဲ့သောကြောင့် ဆာရီဈေးကွက် ပြန်လည်ခေါင်းထောင်လာနိုင်ခဲ့သည်။

ယခုမြန်မာနိုင်ငံတွင်တော့ မကြာမီ ထိုသို့အခြေအနေဖြစ်လာတော့မည်ကို ပိုးထည်ကုန်သည်များ၊ ပိုးထည်တိုက်ပိုင်ရှင်များ၊ ရက်ကန်းရုံများ၊ ရက်ကန်းသမများ ရိပ်စားမိနေပြီဖြစ်သော်လည်း မယုံမရဲဖြစ်နေသေးတုန်းပင်။ လွန်းပေါင်းရာ ကျော်ဖြင့် ကြိုးပုံသဏ္ဌာန်ပေါ်အောင် အချိတ်နည်းဖြင့် ရက်လုပ်သည့် လွန်းရာကျော် ကြိုးကြီးချိတ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုမှုသည် နိုင်ငံခြားမှ တိုက်ရိုက်ဝင်လာသော ဆေးဆိုးပန်းရိုက် အထည်များကြောင့် အဓိပ္ပာယ်မဲ့လာခဲ့လေပြီ။

“အခုဆို တရုတ်နဲ့ ထိုင်းက အမျိုးသမီးဝတ် လုံချည်တွေသာ ဒီဇိုင်းအတု ထွက်လာတာမဟုတ်ဘူး။ အမျိုးသားဝတ် ပုဆိုးတောင် တရုတ်စက်ရုံက တိုက်ရိုက်ချဖို့ အော်ဒါလာစပ်နေကြပြီ။ ဒီတိုင်းဆို အမရပူရသာမက သဲတော၊ ဝမ်းတွင်း၊ ရွှေဘိုဘက်က ပုဆိုးထုတ်တဲ့ ရက်ကန်းစက်ရုံတွေကိုပါ ရိုက်ခတ်လာနိုင်တယ်။ ဈေးနှုန်းကလည်း ပလေကပ်ပုဆိုးတောင် ပြည်တွင်းရက်ကန်းစင်က ၆၀၀၀ နဲ့ ထွက်ရင် သူတို့တရုတ်စက်ရုံက ၃၀၀၀ နဲ့ ပေးနိုင်တယ်။ ဈေးက ထက်ဝက်လောက်ကို ကွာနေတာ။ ဝယ်သူက အရည်အသွေးကိုမကြည့်ဘဲ ဈေးသက်သာတာပဲ ရွေးဝယ်ချင်ကြတာလေ။ ပြည်တွင်း ရက်ကန်းစင်တွေ ရေရှည်ရပ်တည်ဖို့ မလွယ်တော့ဘူး” ဟု ကိုမင်းဆွေကဆိုသည်။

တစ်ချိန်က ကိုလိုနီခေတ်တွင် မောင်းထောင်ဦးကျော်လှ စပ်ဆိုခဲ့သော ဝံသာနုအထည်ကဗျာမှ စာသားတချို့ပင် သတိရမိသေးတော့သည်။ “သရက်ထည် နီအပြာနဲ့ ကတ္တီပါပလီပလာကြံလို့ အီတာလျံ ဂျာမန်က လုပ်ခဲ့တဲ့ ပိတ်အုပ် တွေ ချည်တွေဆိုက်ပြန်တော့ ငွေပိုက်ဆံပုံကာနှင်းပါလို့ လုံကွင်းတွေ ဆင်ထဘီနှင့် ပိတ်အင်္ကျီ ဖြူလွလွတို့ကို တစ်လဆယ်ထည်ချုပ်နိုင်ရဲ့” ဆိုသကဲ့သို့ပင် ပြည်ပမှ ဝင်လာသောအထည်တွေ ဈေးပေါလာသောအခါ ပြည်တွင်းဖြစ်အထည်ဈေးကွက် ရိုက်ခတ်ခံရမှုကို ယခုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေနိုင်ပေပြီ။

“မြန်မာ့အချိတ်ထည် ပိုးထည်အစစ်ကိုတော့ မြတ်နိုးပါတယ်။ ဒါပေမဲ့ ဈေးကသိန်းဂဏန်းဆိုတော့ ကိုယ်လည်းမတတ်နိုင်ဘူး။ ပွဲနေပွဲထိုင်အတွက်တော့ တစ်ကွင်း နှစ်သောင်းကျော်ချိတ်တွေက ဝတ်ပျော်တာပေါ့။ ဒီနှစ် ဝါကျွတ်ပွဲတွေ သွားရင် ဒီရယ်ဒီမိတ်ချိတ်တွေပဲ ဝယ်ဖြစ်ဖို့များတယ်” ဟု အသက်နှစ်ဆယ်ကျော်အရွယ် ကျောင်းသူတစ်ဦးကဆိုသည်။

ဝယ်လိုအားနည်းလာသော မြန်မာ့လက်ရက်ကန်းထည်၊ အချိတ်ထည်ဈေးကွက် ရေရှည် ရပ်တည်နိုင်ဦးမလားဆိုတာတော့ မည်သူမျှ မသိနိုင်တော့ပြီ။

 

ယဉ်ယဉ်နှောင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *