ရေကြီးရေလျှံ ခုနစ်ဌာန

 

 

ဇွန်၊ ဇူလိုင် မိုးဦးကာလရောက်သည်နှင့် ပြဿနာစတက်သည်။ ရွာချသည့် မိုးကြောင့် ရန်ကုန်မြို့၏ နေရာအနှံ့အပြား၌ ရေကြီး၊ ရေလျှံသည်။

မိုးရေချိန် အနည်း၊ အများအလိုက်  လူနေရပ်ကွက်များ၊ အများပြည်သူဆိုင်ရာ လမ်းမကြီးများပေါ်တွင် ရေလွှမ်းလေ့ရှိသည်။ ရေကြီး၊ ရေလျှံမှုကို ကမ္ဘာ့ဘဏ်မှ ချေးငွေကန်ဒေါ်လာသန်းတစ်ရာ  အသုံးပြု ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်။ သို့သော် ထိရောက်သည့် ရလဒ်များမထွက်လာသေး။

ရန်ကုန်မြို့နေလူထုသည် ရေလျှံနေသည့်လမ်းများပေါ်တွင် နိစ္စဓူဝ ဖြတ်သန်းနေရဆဲဖြစ်သည်။ ယင်းသို့ ဖြတ်သန်းစဉ် ဆိုးဆိုးရွားရွား ရေလျှံသည့်နေရာများ သတိပြုရှောင်ရှားနိုင်ရန် ရေအလျှံဆုံး နေရာ ခုနစ်ခုကို ဖော်ပြလိုက်သည်။

 

(၁) တာမွေအဝိုင်း

တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်လမ်း၊ သမိန်ဗရမ်းလမ်းနှင့် ရွှေဂုံတိုင်လမ်းတို့ ပေါင်းဆုံရာ  တာမွေအဝိုင်းနေရာသည် ရေကြီး၊ ရေလျှံမှု အဆိုးရွားဆုံးနေရာတစ်ခုဖြစ်သည်။ မိုးခပ် သည်းသည်းရွာရုံနှင့် ယင်းနေရာ များ၌ရေလျှံသည်။ ရေစီးဆင်းမှုမကောင်းသဖြင့် လမ်းမများပေါ် အချိန်ကြာမြင့်စွာ  ရေတင်လေ့ရှိပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်သည်။ ဇူလိုင်လ ၁၂ ရက် ရွာသွန်း ခဲ့သည့်မိုးကြောင့် တာမွေအဝိုင်း Ocean ဈေးဝယ်စင်တာရှေ့လမ်းမပေါ်တွင် တစ်ပေ ခွဲခန့်ရေတင်ခဲ့ပြီး ယာဉ်အသုံးပြုသူ၊ လမ်း အသုံးပြုသူများ အခက်တွေ့ခဲ့ရသည်။ အထပ်မြင့်ကန်ထရိုက်တိုက်များ တစ်စ တစ်စများပြားလာပြီး ရေနုတ်မြောင်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့်  ယင်းသို့ရေလျှံခြင်း ဖြစ်သည်ဟု အသက်  ၅၀ ကျော် အစိုးရအငြိမ်းစားဝန်ထမ်းတစ်ဦးကဆိုသည်။

 

(၂) သိမ်ဖြူလမ်းမကြီး

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း သိမ်ဖြူမီးပွိုင့်နှင့် သိမ်ဖြူဈေးတစ်ဝိုကသည်လည်း ရေကြီး၊ ရေလျှံမှုအဆိုးရွား ဆုံးနေရာတစ်ခုဖြစ်ကြောင်း အငှားယာဉ် မောင်း ဦးသိန်းအောင်ကဆိုသည်။ မိုးရွာ သည့်အချိန်တွင် သိမ်ဖြူလမ်းတစ်လျှောက်လုံးရေလျှံပြီး မော်တော်ယာဉ်များဖြတ်သန်း မောင်းနှင်ရန် ပင်မလွယ်ဟု ၎င်းကဆို သည်။ သိမ်ဖြူလမ်းရေလျှံမှုသည် အိမ်စီးနှင့် အငှားယာဉ်ဘီးများမြုပ်ပြီး မော်တော်ယာဉ်ကိုယ်ထည်အတွင်း ထိုင်ခုံအောက်အထိ ရေဝင်သည်။ ရေလျှံသည့်အချိန်တွင် အဆိုပါ လမ်းအသုံးပြုရန်ခက်ခဲပြီး လမ်းကြိုလမ်းကြားကို ရှောင်ကွင်းလမ်း အဖြစ်အသုံးပြုရသည်။

 

(၃) မင်္ဂလာဈေးနှင့် ယုဇနပလာဇာ

ဗညားဒလလမ်းနှင့် စက်ရုံလမ်းမီးပွိုင့်ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာတို့သည် ရေလျှံသည့်နေရာများ ဖြစ်သည်။ ရာသီဥတုသာယာသောနေ့၌ပင် ယာဉ်ကြောပိတ်ဆို့လေ့ရှိသဖြင့် မိုးရွာ၊ ရေလျှံလျှင်သွား လာရအလွန်ခက်ခဲကြောင်း ဦးသိန်းအောင်က ဆိုသည်။ ဇူလိုင်လ ၁၂ ရက်တွင် ရွာသွန်းခဲ့သည့် မိုးကြာင့် ဗညာဒလလမ်းပေါ် မောင်းနှင်သော အိမ်စီးနှင့် အငှား ယာဉ်များ၏ စက်အင်ဂျင်ရပ်တန့်သည် အထိ ရေလျှံခဲ့သည်။

 

(၄) သမိုင်းလမ်းဆုံ

မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းမကြီးနှင့် ကျိုက်ဝိုင်းဘုရားလမ်းဆုံ  မီးပွိုင့် သမိုင်းလမ်းဆုံနေရာသည် လည်း  ရန်ကုန်မြို့၏ ရေကြီး၊ ရေလျှံဆုံးနေရာတွင် ပါဝင်ကြောင်း အငှားယာဉ်မောင်း ဦးတင်အောင်က ပြောကြားသည်။ ကျိုက်ဝိုင်းဘုရားလမ်းတွင် တစ်ပေခန့် ရေလျှံလေ့ရှိပြီး မိုးရွာစဉ် ယင်းလမ်းကို ရှောင်ရှားသင့်သည်။ သို့သော် အခြားရွေးချယ်စရာလမ်းနည်းပါးကြောင်း ၎င်းကဆိုသည်။“ရှောင်လို့မရဘူး။ မသွားမဖြစ်ဆိုရင်တော့ ရေလျှံလည်း ဖြတ်မောင်းရတာပဲ” ဟု ၎င်းကဆိုသည်။

 

(၅) မြေနီကုန်းဝန်းကျင်

စမ်းချောင်းမြို့နယ် မြေနီကုန်းအနီး တစ်ဝိုက်သည် မိုးရွာလျှင် ရေလျှံသည့် နေရာတစ်ခုဖြစ်သည်။ ဇွန်လ ၁၂ ရက်  တွင် ကားလမ်းမဘေး မြေညီထပ်တိုက် ခန်းများအတွင်း ရေဝင်ခဲ့သည်။ မြေနီကုန်း စီးတီးမတ်ဈေးဝယ်စင်တာ ရှင်စောပုလမ်းတွင် ရေလျှံခြင်းကြောင့် ပလပ်ဖောင်းပေါ် ကားဘီးတစ်ဘီးချ ရပ်နားခဲ့သည်အထိ ဆိုးရွားခဲ့ကြောင်း ဦးတင်အောင်က ဆိုသည်။ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် တွင်လည်း ရေလျှံသည်။

 

(၆) ဝေဇယန္တာလမ်းမကြီး (တောင်ဥက္ကလာပ)

တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးသည် ရေကြီးရေလျှံရာတွင် နာမည်ကျော်သည့် နေရာ တစ်ခုဖြစ်သည်။ ပါရမီလမ်းမီးပွိုင့်မှ ဝေဇယန္တာလမ်းတစ်လျှောက်တွင် မော်တော်ယာဉ်ဘီးများ မြုပ် သည်အထိ ရေလျှံသည်။ မိုးရွာပြီးနောက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့လေ့ရှိသည်။

 

 

(၇) ကမ်းနားလမ်း ညဈေး

နောက်ဆုံးဖော်ပြမည့် ရေကြီး၊ရေလျှံသောနေရာသည် ကမ်းနားလမ်းညဈေး ဖြစ်သည်။ မိုးရွာသွန်း ချိန်နှင့် ရန်ကုန်မြစ် ဒီရေတက်ချိန်တိုက်ဆိုင်လျှင် ညဈေး၌  ရေလျှံသည်။ ရေနုတ်မြောင်းများမှ စီးဆင်း မည့်ရေသည် ဒီရေတက်လာသဖြင့် လမ်းမပေါ်သို့ လျှံတက်လာခြင်းဖြစ်သည်။ ယင်းရေလျှံမှုကြောင့် ဈေးသည်များအခက်ကြုံ ရသည်။

 

နိုင်လင်းအောင်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *