ဗဟိုဘဏ်စည်းမျဉ်းလေးချက်နှင့် ဒုတိယဥက္ကဋ္ဌ အပြောင်းအလဲ

ဗဟိုဘဏ်တွင် ထူးခြားလှုပ်ရှားမှုအချို့ လတ်တလောဖြစ်ပေါ်ခဲ့သည်။

ဘဏ်လုပ်ငန်းများနှင့် သက်ဆိုင်သောစည်းမျဉ်းလေးချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌသစ်နှစ်ဦး ခန့်အပ်မည့်အစီအစဉ်ဖြစ်သည်။

ယခုထုတ်ပြန်လိုက်သော စည်းမျဉ်းများမှာ လွန်ခဲ့သည့်တစ်နှစ်ခွဲကျော် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကထုတ်ပြန်ခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၏ နောက်ဆက်တွဲစည်းမျဉ်းများဖြစ်သည်။

မတည်ငွေရင်း၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီအချိုးများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းလေးချက် ဖြစ်သည်။

“ဥပဒေထုတ်ပြီးရင် ဒါကိုအတိအကျ အကောင်အထည်ဖော်နိုင်ဖို့ စည်းမျဉ်းက နောက်ကလိုက်ရတာကိုး။ ရည်ရွယ်ချက်ကတော့ ဘဏ်တွေကိုလက်ရှိအခြေအနေထက် နိုင်ငံတကာဘဏ်အဆင့်ရောက်လာအောင် သွားတာပေါ့” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကဆိုသည်။

ဘဏ်လုပ်ငန်းများ၏ မတည်ငွေရင်းလုံလောက်မှုဆိုင်ရာစည်းမျဉ်းကို အသစ်ထုတ်ပြန်လိုက်ပြီး ထိုစည်းမျဉ်းအရ စုစုပေါင်းမတည်ငွေရင်းလုံလောက်မှု အချိုးသည် ယခင်က ၁၀ ရာခိုင်နှုန်းမှ ယခုအခါ ၈ ရာခိုင်နှုန်းသို့ ပြောင်းလဲလိုက်သည်။

အဆိုပါအချိုးသည် ဘဏ်၏ ဆုံးရှုံးနိုင်ခြေများနှင့် ဘဏ်၏ရရန်ပိုင်ခွင့်တို့ကို အချိုးချထားခြင်းဖြစ်ပြီး မတည်ရင်းနှီးငွေ လုံလောက်မှု ရှိမရှိကိုတိုင်းတာသည့်အချိုး တစ်ခုဖြစ်သည်။

“ဒါက နိုင်ငံတကာစံသတ်မှတ်ချက်နှုန်းထားပါပဲ။ ဒါကိုလျှော့လိုက်တယ်ဆိုရင် နည်းနည်းလုပ်သာကိုင်သာပိုရှိလာတာပေါ့” ဟုဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကျွမ်းကျင်သူဦးစံသိန်းကဆိုသည်။

ဘဏ်များ၏ မတည်ငွေရင်း လုံလောက်မှုအချိုးကို လစဉ် လကုန်ရက်တိုင်းတွင် ဗဟိုဘဏ်သို့ တင်ပြရန်နှင့် ထိုအချိုးထက်လျော့နည်းနေပါကဘဏ်၏ မတည်ငွေရင်းတိုးမြှင့်မှုကို သုံးလအတွင်း အပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်၏ မတည်ငွေရင်း လုံလောက်မှုအချိုးထက် လျော့နည်းနေသော ဘဏ်လုပ်ငန်းသည် မတည်ငွေရင်း တိုးမြှင့်မှုလုပ်ဆောင်နေချိန်တွင် ချေးငွေ ထုတ်ပေးခြင်းနှင့် ဘဏ်ခွဲအသစ်ဖွင့်ခြင်းတို့ကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး မတည်ငွေရင်းအခြေအနေကို ထိခိုက်စေမည့် မည်သည့်ဆောင်ရွက်ချက်ကိုမှ လုပ်ဆောင်ခွင့်မပြုကြောင်း ဗဟိုဘဏ်ကထုတ်ပြန်သည်။

နောက်ထပ် စည်းမျဉ်းတစ်ခုမှာ ရရန်ပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့်  လျာထားခြင်းစည်းမျဉ်း ဖြစ်သည်။
ထိုစည်းမျဉ်းသည် ချေးငွေ၊ ကြိုတင်ထုတ်ချေးငွေနှင့် အခြားရရန်ပိုင်ခွင့်များနှင့် ချေးငွေပြန်ဆပ်ရန် ပျက်ကွက်မှုတို့ကို ကြပ်မတ်ခြင်းဖြစ်သည်။

ပြောင်းလဲမှုအနေနှင့် ချေးငွေပြန်ဆပ်ရန် ပျက်ကွက်မှု၊ ချေးငွေနှင့် အခြားသော ရရန်ပိုင်ခွင့်များဆုံးရှုံးမှု ပမာဏအပေါ်တွင် ငွေကြေးသီးသန့်ဖယ်ထားခြင်းမျိုးမလုပ်ဘဲ စုစုပေါင်းချေးငွေအားလုံး၏ အတိုးနှင့် အရင်းပမာဏအပေါ်တွက်ချက်ပြီး ငွေကြေးသီးသန့်ဖယ်ထားရန်ဖြစ်သည်။

“ဒီဟာကအကြွေးတွေ ပြန်မဆပ်ဘူးဆိုရင် ဘဏ်ကိုမထိခိုက်အောင်ငွေကြေး ဖယ်ထားဖို့လုပ်တာပေါ့။ ဆုံးရှုံးနိုင်ခြေများလာတာနဲ့အမျှ ဖယ်ထားရမယ့်ငွေပမာဏလည်း ပိုများလာမယ်” ဟု ဦးစံသိန်းကဆိုသည်။

ချေးငွေအရင်းနှင့် အတိုး ပြန်ဆပ်ရန်ပျက်ကွက်သည့်ရက်အပေါ်မူတည်ကာ ချေးငွေအမျိုးအစားများကို စံပြည့်ချေးငွေ၊ စောင့်ကြည့်ရန်လိုသောချေးငွေ၊ စံမပြည့်ချေးငွေ၊ ရရန်မသေချာသောချေးငွေနှင့် ရလမ်းမရှိတော့သောချေးငွေဟူ၍ ဗဟိုဘဏ်ကသတ်မှတ်ထားသည်။
ထိုအမျိုးအစားသတ်မှတ်ချက်အတိုင်း သီးသန့်ဖယ်ထားရမည့် ငွေပမာဏကို သုညရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိအစဉ်လိုက် သတ်မှတ်ထားသည်။

“ချေးငွေ အရင်းရောအတိုးရော ပြန်မပေးနိုင်တဲ့အခါမျိုးမှာ ဘဏ်ကို မထိခိုက်အောင်ရယ်၊ ငွေအပ်နှံသူတွေလည်း ငွေထုတ်လို့မရဘူးဆိုတဲ့ အခက်အခဲမျိုး မတွေ့ရအောင် ဒီစည်းမျဉ်းတွေ လုပ်ရတာပေါ့” ဟု ဦးစံသိန်းက ဆိုသည်။

ချေးငွေ၏ အတိုးကိစ္စတွင်လည်း ရရန်မသေချာသော ချေးငွေအဖြစ် သတ်မှတ်သည့်ရက်မှစတင်ကာ ကောက်ခံမရရှိတော့သည့် အတိုးငွေများကို အတိုးရငွေအဖြစ် စာရင်းသွင်းခြင်းကို ဆိုင်းငံ့ထားရမည်ဖြစ်ပြီး ထိုအတိုးငွေများ အမှန်တကယ်ကောက်ခံရရှိပြီးမှသာ အတိုးရငွေအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ယင်းစည်းမျဉ်းတွင် ညွှန်ကြားထားသည်။

ဗဟိုဘဏ်ကထုတ်ပြန်သည့် အဆိုပါချေးငွေဆိုင်ရာစည်းမျဉ်းသည် အနိမ့်ဆုံး စံသတ်မှတ်ချက်များဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအနေနှင့် ထိုစံသတ်မှတ်ချက်ထက် ပိုမိုတင်းကျပ်သော စံနှုန်းကိုချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းစည်းမျဉ်းသည်  ဘဏ်လုပ်ငန်း၏ ချေးငွေဆိုင်ရာမူဝါဒများကို ဗဟိုဘဏ်က အနည်းငယ်တင်းကျပ်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်းကိုလည်း ဗဟိုဘဏ်ကတစ်ပြိုင်နက်တည်း ထုတ်ပြန်ခဲ့သည်။

ပမာဏကြီးမားသော ကြွေးမြီဆိုရာတွင် ဘဏ်၏ အဓိကမတည်ငွေရင်း၏ ၁၀ ရာခိုင်နှုန်းနှင့်အထက်  ကျော်လွန်သောချေးငွေကို ပုဂ္ဂိုလ်တစ်ဦးသို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း သို့မဟုတ် ဘဏ်နှင့် ဆက်စပ်ပတ်သက်နေသော မိတ်ဖက် အဖွဲ့အစည်းသို့ ထုတ်ချေးခြင်းဖြစ်သည်။

ထိုပမာဏကြီးမားသောကြွေးမြီသတ်မှတ်ချက်ကို ဘဏ်၏ အဓိကမတည်ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ ထုတ်ချေးခြင်းမပြုရန် ယခင်ကတည်းကပင် ဥပဒေပြဋ္ဌာန်း၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပြီး ဖြစ်သည်။

သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားပါက ယခုစည်းမျဉ်းထုတ်ပြန်ပြီး ရက် ၉၀ အတွင်း သတ်မှတ်ပမာဏသို့ ပြန်လည်ရောက်ရှိရေး အစီအစဉ်ကို ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ကြောင်းဗဟိုဘဏ်ကညွှန်ကြားလိုက်သည်။

“အခုကတော့ နည်းနည်းပိုပြီးတော့ တာဝန်ယူမှုဖြစ်လာအောင်လို့ အစီရင်ခံဖို့၊ တင်ပြဖို့ဆိုတာ ဖြစ်လာတာပေါ့။ ပမာဏ များတဲ့ကြွေးမြီမျိုးဆိုတာကဘာလဲ၊ ဘာညာပေါ့၊ အဲဒါကိုလိုက်လာတယ်။ နည်းနည်း လေးကြပ်လိုက်တဲ့သဘော၊ ချေးယူသူရဲ့ နောက်ခံကို လိုက်လာတာပေါ့” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ဘဏ်မတည်ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက် ကျော်လွန် ပိုချေးခြင်းမပြုရန် ယခင်ကပင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယခုလိုထပ်မံထုတ်ပြန်မှုသည် ဘဏ်များနှင့် ကော်ပိုရေးရှင်း လုပ်ငန်းကြီးများကို ကြပ်မတ်လိုခြင်းကြောင့်ဖြစ်နိုင်ကြောင်း ကမ္ဘာ့ရတနာဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာလှညွန့်က ပြောသည်။

“အခုကအရင်လိုမဟုတ်ဘူးလေ။ အဖွဲ့အစည်းတွေက တစ်ခုတည်းမဟုတ်တော့ဘူး။ ဟိုအဖွဲ့နဲ့ ပေါင်းလိုက်၊ ဒီအဖွဲ့နဲ့ ပေါင်းလိုက်ဆိုတော့ ကိုယ်လိုချင်တာကို တခြားနာမည်နဲ့ ချေးတာမျိုးဖြစ်မှာစိုးလို့။တချို့ဘဏ်တွေက ကော်ပိုရိတ်ကြီးတွေ ရှိတယ်လေ။ ကော်ပိုရိတ်ကြီးတွေကို ပြန်ထိန်းတဲ့သဘောပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့တွင် ဘဏ်လုပ်ငန်းအပြင် အခြားသောလုပ်ငန်းများစွာကိုလည်း လုပ်ဆောင်နေပြီးလုပ်ငန်းစုံ ကော်ပိုရေးရှင်းများ ဖြစ်ကြသည်။

“နဂိုကတည်းက ဒီလိုလုပ်ရမယ့်ကိစ္စပဲလေ။ နဂိုကလျော့လျော့ရဲရဲလုပ်ခဲ့တာကိုးဗျ။ ဒီလိုလုပ်တာတွေ ရှိသလားဆိုတာတော့ သူတို့ပိုသိမှာပေါ့ဗျာ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်ကဆိုသည်။

နောက်စည်းမျဉ်းတစ်ခုမှာမူ ပြောင်းလဲမှုမရှိဘဲ ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း ဖြစ်သည်။
ယင်းစည်းမျဉ်းမှာယခင်ကအတိုင်းပင် ၂၀ ရာခိုင်နှုန်းထားရှိရန် ထုတ်ပြန်ခဲ့ပြီးထိုသတ်မှတ်ချက်အချိုးကို အပတ်စဉ် ဗဟိုဘဏ်သို့ အစီရင်ခံတင်ပြရန် ညွှန်ကြားထားသည်။

ထိုငွေကြေးလွယ်ကူမှုအချိုးသည် ဘဏ်တွင် ငွေအပ်နှံသူများက ငွေပြန်ထုတ်ချိန်တွင် အလုံအလောက် ငွေပြန်လည်ထုတ်ပေးနိုင်စွမ်းရှိ မရှိကို တိုင်းတာသည့်အချိုးဖြစ်သည်။

ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့် စည်းမျဉ်းများကို ထုတ်ပြန်လေ့ရှိသော်လည်း လိုက်နာဆောင်ရွက်မှုနှင့် ကြီးကြပ်ဆောင်ရွက်မှု အပိုင်းမှာမူ အားနည်းနေဆဲသာဖြစ်သည်။

ငွေပေးချေမှုတွင် နိုင်ငံခြားငွေအစား မြန်မာကျပ်ငွေကိုသာ အသုံးပြုရန် ညွှန်ကြားချက်ကို တစ်ကြိမ်မက ထုတ်ပြန်ခဲ့ရဖူးပြီး လိုက်နာမှုမရှိသောလုပ်ငန်းများကို အရေးယူဆောင်ရွက်မှု မတွေ့ခဲ့ရပေ။ငွေပေးချေမှုတွင် နိုင်ငံခြားငွေအစား မြန်မာကျပ်ငွေကိုသာ အသုံးပြုရန် ညွှန်ကြားချက်ကို တစ်ကြိမ်မက ထုတ်ပြန်ခဲ့ရဖူးပြီး လိုက်နာမှုမရှိသောလုပ်ငန်းများကို အရေးယူဆောင်ရွက်မှု မတွေ့ခဲ့ရပေ။

“ကြီးကြပ်မှုအပိုင်းအားကောင်းအောင်တော့ ဗဟိုဘဏ်ကလုပ်ရမယ်ဗျ။ ကိုယ်ထုတ်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေလေ။ ဘဏ်တွေကလည်းလိုက်နာရမယ်။ အခုစည်းမျဉ်းတွေထုတ်ပြီးရင် ဗဟိုဘဏ်အနေနဲ့ ထိထိရောက်ရောက် ကြီးကြပ်ရမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီးပွားရေးကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးစံသိန်းက ဆိုသည်။

ဘဏ်လုပ်ငန်းများကို ယခင်ထက် ပိုကြပ်မတ်မည့် စည်းမျဉ်းအသစ်များ အပြောင်းအလဲလုပ်လာပြီး ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌအသစ်နှစ်ဦးကိုလည်း အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။

လတ်တလောတွင် အသစ်ဝင်ရောက်လာမည်ဟု သတင်းပြေးသူနှစ်ဦးအပေါ် အကောင်းမြင်မှုနှင့် စောင့်ကြည့်မည့် အခြေအနေမျိုးသာ မယုတ်မလွန် ဆိုကြလေသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အမည်စာရင်းတွင် ပါဝင်သူတစ်ဦးမှာလက်ရှိတွင် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အတွေ့ အကြုံများစွာရှိထားသူ၊ စတော့ရှယ်ယာဈေးကွက် ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

“ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ တကယ်အင်နဲ့အားနဲ့ လုပ်နိုင်မယ့်သူတွေလို့ မြင်ပါတယ်” ဟု ဦးစံသိန်းက ဆိုသည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *