ဂလိုဘယ်လစ်ဇင်နှင့် အမျိုးသားရေးဝါဒ

“ဂလိုဘယ်လစ်ဇင်ရဲ့ တေးသံမှားတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့ ပြည်သူတွေ ဆက်ပြီးအရှုံးပေးတော့မှာ မဟုတ်ဘူး” ဟု ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၂၀၁၆ ခုနှစ် ဧပြီလတွင် ဝါရှင်တန်မြို့တော်၌ ထုတ်ပြန်ကြေညာခဲ့သည်။ 

လက်ယာစွန်းတွင်ရှိသည့် ထရမ့်အပေါ် ထောက်ခံသူများက ‘ဂလိုဘယ် အမြင် ရှေးဟောင်း’ ပုံစံသည် မှားယွင်းမှုတစ်ရပ်ဖြစ်သည်။ အမျိုးသား နယ်နိမိတ်များကို ဖယ်ရှားရန်၊ ဒီမိုကရေစီ ယိမ်းယိုင်စေရန် ကြိုးပမ်းနေသည့် မရိုးသားသည့်  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ‘ဘာသာရေးရာ ယုံကြည်ချက်တစ်ရပ်’ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ယင်းအမြင်အားဖြင့် ဂလိုဘယ်လစ်ဇင်ဆိုသည်မှာ  လစ်ဘရယ်၊ အရင်းရှင်ဝါဒီနှင့် အမျိုးသားရေးဝါဒ မဟုတ်သော ဒီမိုကရေစီနည်းမကျသည့် အခြားသောရွေးချယ်စရာတစ်ခုဖြစ်သည်ဟု ပုံဖော်ခဲ့ကြသည်။ သို့သော် ယင်းကဲ့သို့သောနားလည်မှုသည် ဂလိုဘယ်လစ်ဇင်၏ သမိုင်းဝင်အသုံးအနှုန်းဖြင့်  ကွဲပြားလျက်ရှိသည်။ ဂလိုဘယ်လစ်ဇင်သည် အမျိုးသားရေးအချုပ်အခြာအာဏာနှင့် အခြေခံအားဖြင့် မကိုက်ညီဟု ဖော်ပြနေမှုများသည် မှန်ကန်ခြင်းမရှိသလို   မှားယွင်းသည့် ပုံဖော်မှုတစ်ရပ်ဖြစ်သည်။

ယနေ့ခေတ် ဂလိုဘယ်လစ်ဇင်၏  အဓိပ္ပာယ်ကို နားလည်ရန် အဆိုပါအိုင်ဒီယာ စတင်ပေါ်ထွက်ခဲ့သည့် ၁၉၄၀ ပြည့်လွန်နှစ်များကို ပြန်ကြည့်ရန်လိုသည်။ စစ်ပြီးခေတ်  ကမ္ဘာ့အော်ဒါကြီးကို ထွန်းသစ်စ ဂလိုဘယ်လစ်ဇင်ဖြင့် ပုံဖော်နိုင်လိမ့်မည်ဟု အမေရိကန်၊ ဗြိတိန်နှင့် ပြည်ပြေးပညာရှင်များက ဒုတိယကမ္ဘာစစ်ပြီးကာလတွင် အကြံပြုခဲ့သည်။ နည်းပညာပိုင်း၊ ယဉ်ကျေးမှုပိုင်း၊ စီးပွားရေးပိုင်းအပါအဝင် ကမ္ဘာကြီးမှာ ပိုမိုချိတ်ဆက်လာသည်ကို  ရေးနော့်အာရွန်၊ ဒေးဗစ်မစ်ထရာနီ၊ အိုဝမ်လက်တီမိုး၊ နီကိုလတ်စပိုက်မန်း၊ ဘာဘရာဝီတွန်၊ လီယွန်နယ်ကာတစ်၊ ကလာရန့်စရက်၊ လီယွန်နယ်  ရောဘင်၊ ဖရက်ဒရစ် ဟေးယတ်၊ ချားအီ  မယ်ရီရန်၊ မိုက်ကယ်ပိုလိုနီ၊ ရစ်ချက်  မတ်ကီယွန်၊ ဂျက်ကွက်မာရီတာနီ၊ လူဂီ စတာဇိုတို့အပါအဝင် ပညာရှင်ပေါင်းများစွာက ဖော်ထုတ်ခဲ့ကြသည်။ ယင်းကဲ့ သို့ ပိုမိုချိတ်ဆက်လာသည့်ကမ္ဘာကြီးနှင့်  ကိုက်ညီမည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအော်ဒါတွေ့ရှိလာရေး ၎င်းပညာရှင်တို့၏  အားထုတ်မှုကို စစ်ပြီးခေတ် ဂလိုဘယ်လစ်ဇင်က အမြင့်ဆုံးသို့ မြှင့်တင်ပေးခဲ့သည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ  ချိတ်ဆက်မှု အားကောင်းလာမှုသည် အမျိုးသား နိုင်ငံရေးယူနစ်များနှင့် အသိုက်အဝန်းများအားလုံးငြင်းပယ်လိုက်မှုကို  အားပေးခဲ့ခြင်းမရှိပေ။ ယင်းလိုလားခဲ့သည်မှာ အမျိုးသားနိုင်ငံများ၊ အင်ပါယာများ၊ ဖက်ဒရယ်သမဂ္ဂများ၊ နိုင်ငံတော်မဟုတ်သည့် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် နိုင်ငံရေးအဖွဲ့အစည်း အရွယ်အစားအမျိုးမျိုးကို အသစ်ပေါ်ထွက်လာသည့် အပြန်အလှန် မှီခိုမှု ဖြစ်စဉ်နှင့်အညီ ချိန်ညှိစေရန်သာ ဖြစ်သည်။

ထို့ကြောင့် စစ်ပြီးခေတ် ဂလိုဘယ်လစ်ဇင်၏ ဆိုလိုရင်းသည် အပြန်အလှန် ချိတ်ဆက်နေသည့် ကမ္ဘာကြီး၏ နိုင်ငံရေးရာအရ သက်ရောက်မှုကို သတိထားမိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကမ္ဘာကြီး  ‘တစ်ခုတည်း ဖြစ်လာမှု’ ကို သိမှတ်မှုသည်  နိုင်ငံရေးနှင့် ယဉ်ကျေးမှုပိုင်း တစ်သားတည်းဖြစ်မှုကိုလိုလားသည် သို့မဟုတ် ရှောင်လွှဲမရဟု ဆိုလိုခြင်းမဟုတ်ခဲ့ပေ။ တည်ဆဲနိုင်ငံတော်များကို စွန့်ပယ်ရေး သို့မဟုတ်  မျိုးချစ်စိတ် အိုင်ဒီရော်လော်ဂျီများပိတ်ပင်ရေးကို အနည်းငယ်သော  ဂလိုဘယ်ဝါဒီများ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ယင်းအစား ဩဇာလွှမ်းမိုးမှု အကြီးမားဆုံး တွေးခေါ်ရှင်များက ညီညွတ်မှုနှင့် ကွဲပြားမှုကြား ချိန်ညှိရေးလိုလားဖွယ်ရှိသည်ကို တွေးဆခဲ့သည်။ တည်ငြိမ်၊ ကြွယ်ဝ၍ ငြိမ်းချမ်းသည့် ကမ္ဘာ့အော်ဒါကို မည်ကဲ့သို့ အကောင်းဆုံးဖန်တီးနိုင်မည်ကို ၎င်းတို့ ကြံစည်ခဲ့သည်။

ယင်းကာလနှင့် ယနေ့ခေတ် ဂလိုဘယ်လစ်ဇင်တွင် အဓိကယုံကြည်ချက် သုံးရပ် ရှိသည်။

ပထမယုံကြည်ချက်သည် ဒီမိုကရေစီ အနာဂတ်အပေါ် ဂလိုဘယ်ဝါဒီများ စိုးရိမ်မှုဖြစ်သည်။ ဒီမိုကရေစီကို အိုင်ဒီယာပိုင်းအရရော၊ နိုင်ငံရေးရာ လက်တွေ့အရပါ သေစေနိုင်လောက်အောင် အာဏာရှင် စနစ်နှင့် Totalitarianism က ခြိမ်းခြောက်နိုင်ကြောင်း ဒုတိယကမ္ဘာစစ်ကာလတွင်  တွေ့ရှိခဲ့ရပြီးဖြစ်သည်။ ယင်းကို တုံ့ပြန်သည့်အနေနှင့် ဒီမိုကရက်တစ်မူများဖြင့်  လမ်းညွှန်ထားသည့် ကမ္ဘာဆိုင်ရာ၊ ဖက်ဒရယ်နှင့် ဒေသဆိုင်ရာ အင်စတီကျူးရှင်းများကို ဂလိုဘယ်လစ်ဇင်က ရှာဖွေခဲ့သည်။ ယင်းမှာ ဒီမိုကရေစီစံနှုန်းပိုင်းတွင် လွန်စွာအရေးပါသည့် တိုးချဲ့မှုဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ပြည်တွင်းဒီမိုကရေစီသည် အရေးကြီးသော်လည်း ယင်းတစ်ခုတည်းဖြင့် လွတ်လပ်မှုကို အာမခံနိုင်ခြင်းရှိမည်မဟုတ်ပေ။ မည်သည့်ဒီမိုကရေစီနိုင်ငံမဆို တစ်နိုင်ငံတည်း ရပ်တည်ပါက အရေးနိမ့်နိုင်ကြောင်း စစ်ကြီးက  သက်သေပြပြီးဖြစ်သည်။ ထို့အပြင် တန်းတူညီမျှမှု၊ နိုင်ငံရေးအရပါဝင်နိုင်မှုနှင့် ပါဝင်ဆင်နွှဲနိုင်မှုတို့ကို အပြည်ပြည်ဆိုင်ရာအတိုင်းအတာအားဖြင့် မြှင့်တင်နိုင်ရေးတွင် အသက်ကယ်ပိုက်ကွန်အဖြစ် ဖန်တီးနိုင်ရန် ဂလိုဘယ်ဝါဒီများ ကြိုးပမ်းခဲ့သည်။

ရာစုနှစ်လယ်ပိုင်း ဂလိုဘယ်လစ်ဇင်၏ သွင်ပြင်တစ်ရပ်သည် အင်ပါယာများ ပြိုလဲလာခြင်းဖြစ်သည်။ ဥရောပအင်ပါယာအော်ဒါ ကျဆင်းလာမှုကို အစားထိုးမည့် နည်းလမ်းများကို ဂလိုဘယ်တွေးခေါ်သမားများ အဆိုပြုခဲ့ကြသည်။ ဗြိတိန်အရာရှိဟောင်းနှင့် စာရေးဆရာ လီယွန်နယ်ကာတစ်အပါအဝင် အချို့ကအင်ပါယာတို့၏ အမွေအနှစ်များအပေါ် တည်ထောင်ရန် ကြံစည်ခဲ့သည်။ ဗြိတိသျှအင်ပါယာကို ကမ္ဘာလုံးချီ ဖက်ဒရယ်ဓနသဟာရအဖြစ် တည်ထောင် ပြီး နိုင်ငံသားအားလုံး ကောင်းကျိုးဆောင်ရွက်ရန် အကြံပြုခဲ့ကြသည်။  အချို့ကမူ  အမေရိကန် ဒီမိုကရေစီစံနှုန်းဖြင့် တည်ဆောက်ထားသည့် ကမ္ဘာလုံးချီ ဒီမိုကရေစီဖက်ဒရေးရှင်းကို တည်ထောင်ရန် စိတ်ကူးခဲ့ကြသည်။ အလားတူစွာ ပထဝီ နိုင်ငံရေးပညာရှင် နီကိုလတ်စပိုက်မန်း  ကဲ့သို့သော သူများက ဗြိတိန်အင်ပါယာ  စနစ်ကို အမေရိကန်ကမ္ဘာ့အော်ဒါသစ်ဖြင့်  အစားထိုးရန် လိုလားခဲ့ကြသည်။

ပြိုလဲနေသည့် အင်ပါယာများတွင် ဂလိုဘယ်လစ်ဇင်သည် ကမ္ဘာကြီးကို ပြန်လည်စုဖွဲ့သည့် မဟာဗျူဟာ ဖြစ်လာသည်။ အမေရိကန်နှင့် ဆိုဗီယက်ပြည် ထောင်စုကဲ့သို့သော အင်ပါယာသစ်များသည် ၎င်းတို့၏ ရည်မှန်းချက်အသီးသီးကို  နည်းလမ်းအသီးသီးဖြင့် ရယူခဲ့ကြပြီး ကမ္ဘာလုံးချီ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။  မည်သို့ပင်ဆိုစေကာမူ အင်ပါယာခေတ် အမြတ်ထုတ်မှုမျိုးနှင့် ခွဲခြားဆက်ဆံမှုမျိုးကို မလုပ်ဆောင်သင့်ဆိုသည့် ဂလိုဘယ် သဘောတူညီချက်တစ်ရပ် စစ်ပြီးခေတ်တွင် ပျံ့နှံ့လာခဲ့သည်။ အစဉ်အလာအတိုင်း  ထူထောင်ထားသည့် အင်ပါယာချုပ်ကိုင်မှုများ ပြိုလဲလာပြီး လွတ်လပ်ရေးမူက တဖြည်းဖြည်းနှင့် နေရာယူလာလျက်ရှိသည်။ ကိုလိုနီများလွတ်မြောက်ရေးနှင့်  လူမှုစီးပွားတိုးတက်ရေးတိုက်ပွဲတွင် ဂလိုဘယ်လစ်ဇင်သည် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဗြိတိန်စီးပွားရေးပညာရှင် လီယွန်နယ် ရောဘင်နှင့် လူမှုဗေဒပညာရှင် ဘာဘရာဝီတွန်တို့ ရှုမြင်ခဲ့ကြသည်။ ထို့အပြင် ကိုလိုနီခေတ်လွန် လွတ်လပ်မှု၏ စံပြမော်ဒယ်လ်အဖြစ်  တရုတ်နှင့် အိန္ဒိယတို့ ရပ်တည်ကြလိမ့်မည်ဟု အမေရိကန်ပညာရှင်အိုဝမ်လတ်တီမိုး က စိတ်ကူးခဲ့သည်။ ယင်း မူဘောင်အားဖြင့် အင်ပါယာလွှမ်းမိုးမှုအတွက် နေရာမရှိပေ။

စစ်ပြီးခေတ် ဂလိုဘယ်ချဉ်းကပ်မှု ၏ တတိယယုံကြည်မှုသည် ကမ္ဘာလုံးချီအော်ဒါကို ဗဟုပုံစံဖြင့် ရှုမြင်ခြင်းဖြစ်သည်။  အပြန်အလှန် ချိတ်ဆက်ထားမှုနှင့် ကွဲပြားမှုသည် စစ်ပြီးခေတ်ကာလ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဂလိုဘယ်ဝါဒီများ ခံယူခဲ့သည်။ တည်ဆဲနိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်း ဗဟုစုံဝါဒသည် စံနှုန်းပိုင်းအရပါဝင်ရန် လိုအပ်သည်ကို လမ်းညွှန်ထားကြောင်း ယင်းတွေးခေါ်ရှင်များ ယုံကြည်ခဲ့သည်။ ကွဲပြားသည့် တန်ဖိုးများ၊ နိုင်ငံရေး ဖွဲ့စည်းပုံများရှိသည့် နိုင်ငံများသည် အုပ်စုများ အဖွဲ့အစည်းများအဖြစ် ပူးပေါင်းလာပြီး နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ရည်မှန်း ချက်များကို တိုးတက်အောင် လုပ်ဆောင်ရ လိမ့်မည်ဟု ၎င်းတို့ခံယူသည်။သို့သော် အနောက်တိုင်း နိုင်ငံရေးနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဂလိုဘယ်လစ်များက တစ်ခါတစ်ရံ ကွန်ဆာဗေးတစ်ဆန်စွာ ခုခံမှုများကြောင့် ယင်းကဲ့သို့သော  ပါဝင်လုပ်ဆောင်ရေးမှာ ခိုင်မာခြင်းမရှိပေ။ ဂလိုဘယ်ဝါဒီများအတွက် အဓိက  စိန်ခေါ်ချက်အဖြစ် တည်ရှိနေသည်မှာ  ဒီမိုကရေစီကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုက်ညီစွာဖြန့်ချိနိုင်ရေးဖြစ်သည်။ ယင်းရည်မှန်းချက်ရရှိနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ အော်ဒါအတွက် ကျယ်ပြန့်သည့် အိုင်ဒီရော်လော်ဂျီအခြေခံကို ဖော်ထုတ်ခဲ့သည်။

ဥပမာအားဖြင့် စစ်ပြီးခေတ် ဂလိုဘယ်ဝါဒီများသည် ခေတ်မီရေးယူဆချက်သစ်တစ်ရပ်ကို အကြံပြုခဲ့သည်။ ယင်းယူဆချက်သည် သိပ္ပံနှင့် နည်းပညာ၊ ကျိုးကြောင်းဆီလျော်သည့်တွေးခေါ်မှုများတွင်သာမက ယုံကြည်ချက်၊ ဒဏ္ဍာရီ၊ ဘာသာရေးနှင့်  ကျင့်ဝတ်ပိုင်းတို့ကို ဒီမိုကရက်တစ်လူသားဆန်မှု၏ စုစည်းပေးသည့် အစိတ်အပိုင်းများအဖြစ် မှတ်ယူခဲ့ကြသည်။ ၁၉၄၀ ပြည့်လွန်နှစ်များတွင်သာမက ယနေ့ခေတ်တွင်ပင်  ဗဟုစုံဝါဒ၏ ဖြေရှင်းနိုင်ခြင်း  မရှိသေးသည့် စိန်ခေါ်မှုများအပေါ် ဂလိုဘယ်လစ်ဇင်အပေါ် ဝေဖန်သူများက အမြတ်ထုတ်ခဲ့ကြသည်။ ကမ္ဘာလုံးချီညီညွတ်မှု  ရရှိရန်အတွက် မည်သည့်တန်ဖိုးကိုမဆို  လက်ခံခဲ့ကြသည်ဟု ဝေဖန်ခဲ့ကြသည်။

ထရမ့်ခေတ်ကာလတွင် ဂလိုဂယ်လစ်ဇင်အပေါ် အခြေခံအားဖြင့် မှားယွင်းရှုမြင်နေသည်ကို အထက်ဖော်ပြပါသမိုင်းအကျဉ်းက ဖော်ပြထားသည်။ “ကျွန်တော်က အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်သလို ဂလိုဘယ်ဝါဒီလည်း ဖြစ်ပါတယ်” ဟု ထရမ့်က ၂၀၁၇ ခုနှစ် ဧပြီလတွင် Wall Street Journal ကို ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဂလိုဘယ်လစ်ဇင်အပေါ် ရှားရှားပါးပါး  ထောက်ခံပြောကြားသည့် စကားလုံးများတွင်ပင် ဂလိုဘယ်လစ်ဇင်သည် ဆန့်ကျင်ဘက်အားနှစ်ခုဖြစ်သည့် အမျိုးသားရေးဝါဒနှင့် ဂလိုဘယ်လစ်ဇင်အနက် အားတစ်ခုအဖြစ် ထရမ့်ပုံဖော်ထားသည်။

အမှန်မှာမူ ဘလိုဘယ်လစ်ဇင်သည် အမျိုးသားရေးဝါဒနှင့် အမျိုးသားအချုပ်အခြာအာဏာကို ယခင်ကတည်းက လက်ခံထားပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် လူသားလိုလားချက်အချို့နှင့် ပြုမူမှုများသည် နယ်နိမိတ်များကို ကျော်လွန်တည်ရှိနေသည်ကိုလည်း အကြံပြုထားသည်။  ၁၉၄၀ ပြည့်လွန်နှစ်များတွင် အင်ပါယာမဟုတ်သည့် နည်းလမ်းတစ်ရပ်အဖြစ်  ဗဟုစုံ၊ ဒီမိုကရေစီ ကမ္ဘာ့အော်ဒါကြီးကို ဂလိုဘယ်ဝါဒီများ ရှေ့တန်းတင်ခဲ့သည်။  ယနေ့ခေတ်တွင်မူ ဂလိုဘယ်ဝါဒီများ၏  စိုးရိမ်မှု ဆင့်ကဲကြီးထွားလာပြီဖြစ်သော် လည်း ဂလိုဘယ်လစ်ဇင်မှာမူ နိုင်ငံရေးရ  ပေါင်းစည်းချိတ်ဆက်မှုဆိုသည့် အဓိက   ယုံကြည်ချက်ကို ဆက်လက်ချိတ်ဆက်  ထားဆဲဖြစ်သည်။ ကမ္ဘာလုံးချီသက်ရောက်  မှုနှင့် အရေးကိစ္စများတွင် နိုင်ငံအဆင့်၊  ဒေသအဆင့်နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဆုံးဖြတ်ချက်များကို ဖယ်ထုတ်နိုင်သည်ဆိုခြင်းကို ဂလိုဘယ်လစ်ဇင်က  စိန်ခေါ်ထားသည်။ နိုင်ငံရေးဆက်ဆံမှုများကို ကမ္ဘာလုံးချီအမြင်ဖြင့် နားလည်ထား သည့် နိုင်ငံရေးမဟာဗျူဟာတစ်ရပ်သည်သာ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

မည်သည့်သမ္မတ သို့မဟုတ် မည်သည့်အုပ်ချုပ်ရေးအဖွဲ့မျှ အမေရိကန်ပြည်ထောင်စုကို ကမ္ဘာကြီးနှင့် ချိတ်ဆက်ထားမှုကို  ခွဲထုတ်နိုင်မည်မဟုတ်ပေ။ လက်ရှိ ကမ္ဘာ့အော်ဒါ၏ ခွဲထုတ်မရသည့် အစိတ်အပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စု ရပ်တည်နေသည်ကို မကြာသေးခင်က ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များက ပြသထားပြီးဖြစ်သည်။ အမေရိကန်အကျိုးစီးပွားကို စစ်ရေးအရတက်ကြွသည့် ဂလိုဘယ်ဝါဒ အဖြစ် ဖော်ဆောင်နိုင်သည်ကို ဆီးရီးယား ကို လေကြောင်းမှ  ဗုံးကြဲမှုက ဖော်ပြထား သည်။ ပဲရစ်ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက် ရေးမှ နုတ်ထွက်လိုက်ခြင်းဖြင့် ကမ္ဘာလုံးချီ ပါဝင်မှု ကန့်သတ်မည်ဟု ထရမ့်ပြောကြား ခဲ့သည်ကို အတည်ပြုထားသော်လည်း ယင်းကဲ့သို့လုပ်ဆောင်ရန် အချိန်ယူဆုံးဖြတ်ခဲ့ရခြင်းက ကမ္ဘာလုံးချီ ချိတ်ဆက်ထားမှု မည်မျှနက်ရှိုင်းသည်ကို  ဖော်ပြထားသည်။ အတွေးအခေါ်၊ မှတ်ချက်နှင့် တုံ့ပြန်မှုများကို တားဆီးရန်  မဖြစ်နိုင်သည့် နိုင်ငံရေးရာနယ်မြေတွင် အမေရိကန်သမ္မတ လုပ်ငန်းလည်ပတ်နေရခြင်းဖြစ်သည်။

ဂလိုဘယ်လစ်ဇင်သည် အမျိုးသားအချုပ်အခြာနှင့် ကြီးပွားချမ်းသာမှုကို  ခြိမ်းခြောက်လျက်ရှိသည်ဟု ထရမ့်က ပုံဖော်လိုက်ခြင်းကြောင့် ယင်းအကြောင်းအရာများအပေါ် သုံးသပ်ရန် လိုအပ်လျက်ရှိသည်။ ယင်းကဲ့သို့ သုံးသပ်မှုကို ဂလိုဘယ်လစ်ဇင်၏ များစွာသော အဓိပ္ပာယ်နှင့်  အသုံးအနှုန်းများကို သမိုင်းကြောင်းဆိုင်ရာ သုံးသပ်မှုများမှတစ်ဆင့် စတင်ရမည်ဖြစ်သည်။ ယင်းသည် ရှုပ်ထွေးပြီး အသွင်အပြင်များစွာရှိသည့် ကမ္ဘာ့အမြင်ဖြစ်ကာ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့အပြင်  ယင်းအမြင်သည် နှစ်ဆယ်ရာစုနိုင်ငံရေးကို နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် ပုံဖော်လျက်ရှိသည်။

ဂလိုဘယ်လစ်ဇင် ပေါ်ထွက်လာမှုကို အနီးကပ်သုံးသပ်ကြည့်ပါက အချင်းချင်း ယှဉ်ပြိုင်လျက်ရှိသည့်အမြင်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပြီး ခေတ်သစ်နိုင်ငံရေး အတွေးအခေါ်တစ်ရပ်အဖြစ် ဂလိုဘယ်လစ်ဇင် ဖွံ့ဖြိုးလာသည်ကိုမြင်ရမည်။ ဗဟုစုံဝါဒနှင့် ကမ္ဘာလုံးချီ အပြန်အလှန်ချိတ်ဆက်မှု ကြားမျှခြေ တည်ဆောက်နိုင်ရန် နှစ်ဆယ်ရာစု အလယ်ပိုင်း ဂလိုဘယ်ဝါဒီများ၏  ဒီဘိတ်များတွင် ကြိုးပမ်းခဲ့ကြသည်။ ဂလိုဘယ်လစ်ဇင်အတိတ်ကို အသေးစိတ် နားလည်မှုမှတစ်ဆင့် ၎င်း၏ ကန့်သတ်ချက်များနှင့် အကျိုးကျေးဇူးများကို ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် အရေးပါသည့် ဆွေးနွေးငြင်းခုံမှုများတွင် အသားပေးဖော်ပြနိုင်မည်ဖြစ်သည်။

ချမ်းမြေ့

ကိုးကား -Foreign Affairs

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *