Blogger နေခြည်ဦးနှင့် တွေ့ဆုံခြင်း

“ Blogger တွေရဲ့ တကယ့်ပလက်ဖောင်းက Youtube ဖြစ်နေတယ်။ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းပေါ်မှာပဲ ရပ်တည်နေရတာက နေခြည်ရဲ့ အကြီးမားဆုံး အခက်အခဲတစ်ခုလို့ မြင်ပါတယ်”

ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်အားပေးမှုရလာတဲ့ Blogger နေခြည်ဦးကို Blogger အဖြစ် စတင်ဝင်ရောက်ဖြစ်ပုံ၊ Blogger ဘ၀မှာ ကြုံတွေ့ရတဲ့အခက်အခဲ၊ ချစ်သူ သရုပ်ဆောင်အောင်ရဲလင်းကြောင့် အောင်မြင်လာတယ်လို့ ဝေဖန်မှုတွေအပေါ် ခံစားချက်တွေနဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုနဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေမှု အပိုင်းတွေကို The Voice က မေးမြန်းထားတာဖြစ်ပါတယ်။

Voice : Beauty by Naychi ဆိုပြီး ပရိသတ်အားပေးမှုရတဲ့အပေါ် ခံစားချက်က စပြောပါဦး။
NCO : လူချစ်လူခင်ပေါတယ်ဆိုတာ လုပ်ယူလို့လည်းမရဘူး။ ပေးဝယ်လို့လည်း မရဘူး။ အဲဒီအတွက် နေခြည်အရမ်းပျော်ပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်လေးတစ်ခု အရာ ထင်သွားတဲ့အတွက် နေခြည် အရမ်းကျေနပ်ပါတယ်။

Voice : မှုခင်းဆေးပညာသင်ခဲ့ရာ ကနေ Blogger အဖြစ် ဘယ်လိုမျိုး ဝင်ရောက်လာတာလဲ။
NCO : နေခြည် မြန်မာနိုင်ငံကို ပြန်လာတော့ နေခြည်တက်ခဲ့တာ မှုခင်းဆိုတော့ မှုခင်းနဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းက အရမ်းရှားနေသေးတယ်။ ဒါကြောင့် မိဘစီးပွားရေးမှာ ဝင်လုပ်ခဲ့တယ်။ ဝင်လုပ်ပေမယ့် မိဘနဲ့ လူငယ်ကြားက ပြဿနာလေးတွေရှိတော့ နေခြည် အဆင်မပြေဘူး။ အဆင်မပြေ တော့၊ နေခြည်က Blogger အလုပ်ကို အောင်မြင်ရမယ်ဆိုတဲ့ ရည်ရွည်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ဝါသနာ ကို အရင်းတည်ပြီး Blogger ကို စလုပ်ခဲ့တာ။ အစကတော့ ဝါသနာအရပေါ့။ အခုတော့ နေခြည် Full Time Blogger အနေနဲ့ လုပ်နေပါတယ်။

Voice : နေခြည်တက်လာတဲ့ပညာနဲ့ အခုလုပ်နေတာက တခြားစီဖြစ်နေတော့ ဘယ်လိုမျိုး အခက်အခဲ ကြုံတွေ့ရလဲ။
NCO : International Blogger တွေကြည့်ရင်လည်း သူတို့ဆီမှာ ပလက်ဖောင်းတွေ အရမ်းများ တယ်။ ဥပမာ- Youtube ၊ Instagram ၊ Twitter မျိုးစုံ ရှိပါတယ်။ မြန်မာနိုင်ငံမှာကျတော့ နေခြည်တို့က ဖေ့စ်ဘွတ်ခ်တစ်ခုတည်းမှာ ရပ်တည်နေရတဲ့အတွက် နေခြည်မှာ Content Create လုပ်တာတွေ၊ ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုတွေတင်တာကအစ နေခြည့်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကိုယ်က Youtube မှာ Blogger လုပ်ချင်တာပေါ့။ Blogger တွေရဲ့ တကယ့်ပလက်ဖောင်းက Youtube ဖြစ်နေတယ်။ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းပေါ်မှာပဲ ရပ်တည်နေရတာက နေခြည်ရဲ့ အကြီးမားဆုံး အခက်အခဲတစ်ခုလို့ မြင်ပါတယ်။

Voice : နေခြည်ဦးက ကုန်ပစ္စည်းတစ်ခုကို Review လုပ်ပေးလိုက်တာနဲ့ ပစ္စည်းပြတ်ပြီး အော်ဒါပိတ်ရတဲ့အထိ အောင်မြင်နေတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။
NCO : နေခြည်တို့က Customer တွေထဲက Customer တစ်ယောက်ပေးတဲ့ Review ပေါ့နော်။ ဒါပေမဲ့ နေခြည့် အနေနဲ့ကျတော့ Influencer တစ်ယောက်လိုမျိုးဖြစ်နေတဲ့အတွက် နေခြည်ပြောတာလေးတွေ ယုံကြည်ပြီး သုံးပေးကြတယ်။ နောက်ပိုင်းအဆင်ပြေလာတော့ နေခြည် ဘာပဲပြောပြော နေခြည်ကိုယုံတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ ဒီ Beauty by Naychi ရဲ့ Fan တွေက သုံးတယ်လို့ နေခြည်ထင်ပါတယ်။ အဲဒီအတွက် နေခြည်ရဲ့ခံစားချက်က အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်တစ်ခုက နေခြည်တို့လည်း စွန့်စား ပြီးတော့ Review ပေးရတာပါ။ Skin Care ပေးရင်လည်း တစ်ယောက်နဲ့ တစ်ယောက် အရေပြားက မတူဘူး။ ဒါပေမဲ့ နေခြည်ပေးလိုက်တဲ့ ပစ္စည်းလေးတွေက အားလုံးနဲ့ အဆင်ပြေတယ်။ တော်တော်များများနဲ့ အဆင် ပြေတဲ့ အတွက် နေခြည်တကယ်ကို ကျေနပ်ပါတယ်။

Voice : နေခြည်ဦးဆိုပြီး ပရိသတ် ပိုသိလာကြတာ ဘာကြောင့်ဖြစ်မလဲ။
NCO : Beauty by Naychi မှာ နေခြည်ဦးဆိုပြီး စပြီးတော့ လူသိများလာတာ အမေများနေ့မှာပါ။ နေခြည့် မေမေနဲ့ Live လွှင့်လိုက်တာပါ။ ဒါကလည်း နေခြည်တို့ ကြိုတင်ကြံဆပြီးတော့ လုပ်ထားတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အဲဒီအတွက် Liveက အရမ်းအသက်ဝင်သွားတယ်။ မေမေပြန်ဖြေပေးတဲ့ မေးခွန်းတွေကြောင့် နေခြည့်အကြောင်းကို ပိုသိသွားကြတယ်။ နေခြည်ငယ်ငယ်တုန်းကအကြောင်းတွေ၊ အမေနဲ့ သားသမီးတွေ ကြားမှာရှိတဲ့ Relationship ကို လူတွေကပိုသိတဲ့အတွက် အသစ်အဆန်းတစ်ခုအနေရော၊ Inspiration တစ်ခုအနေနဲ့ရောမြင်ပြီးတော့ လူသိများလာတာထင်ပါတယ်။

Voice : အလှအပအပြင် တခြားအကြောင်းအရာတွေကို Live လွှင့်ဖြစ်နေတာက ဘာကြောင့်လဲ။
NCO : နေခြည် နံနက်မိုးလင်းတာနဲ့ ငါဘာလေးလုပ်ရမလဲ။ လူတွေကို ငါ ဘယ်လို Influence လုပ်ရရင်ကောင်းမလဲ။ Influence ဆိုတာ ဓာတ်ပုံလေးတွေတင်နေရုံနဲ့ Infulence မဟုတ်ဘူး။ နေခြည်တို့ ဘာဗဟုသုတလေးတွေ ပေးရင် ကောင်းမလဲဆိုပြီး အမြဲစဉ်းစားဖြစ်တယ်။ နေခြည်ပြောချင်တာက မိတ်ကပ်ကို နေခြည်တို့သုံးတဲ့ Brand ရယ်ကိုမှ သုံးစရာမလိုပါဘူး။ အဓိက နေခြည်ပေးချင်တဲ့ Message က ပြည်တွင်းမှာ ရှိတဲ့ ပစ္စည်းတွေထဲမှာ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာဆိုးတယ်။ နေခြည်တို့ ကိုယ်တိုင်လည်း အများကြီး ရင်းနှီးထားတယ်။ အချိန်ပိုင်းအရ၊ ငွေပိုင်းအရပေါ့။ နေခြည်တို့အနေနဲ့ Beauty မှာဆိုလည်း Beauty expert သဘေမျိုးနဲ့ Review တွေပေးတယ်။ အလှအပရေးရာ၊ တခြား Lifestyle မှာလည်း ကိုယ်ကိုယ်တိုင်လည်း ကျန်းမာအောင်နေတယ်။ Gym ဆော့တယ်။ ဒါလေးနဲ့ လူတစ်ယောက်ရဲ့ တစ်နေ့တာ Lifestyle မှာ ပိုပြီးတော့ Infulence ရအောင်လုပ်နေတာပါ။

Voice : လူမှုကွန်ရက်စာမျက်နှာပေါ်က ဝေဖန်မှုတွေအပေါ် ဘယ်လိုမျိုးဖြတ်ကျော်လေ့ရှိလဲ။
NCO : ဝေဖန်မှုဆိုတာ နေခြည်တို့ နာမည်ကြီးလာမှ ဝေဖန်မှုဆိုတာ မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်မှာလည်း ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာ ဖေ့စ်ဘွတ်ခ်မှာ အမြဲဖြစ်နေတဲ့ ကိစ္စတစ်ခုပါ။ နေခြည်ပေးချင်တဲ့ Message ကတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်ကိုတိုက်ခိုက်တာကို ဘယ်တော့မှ ပြန်ပြီး မတုံ့ပြန်ပါနဲ့။ အထူးသဖြင့် Public တင်ပြီးတော့ ပြန်ပြီး မတုံ့ပြန်ပါနဲ့။ တကယ်လို့ ကိုယ်မကျေနပ်ဘူးဆိုရင် နေခြည်တို့မှာ တခြား Private သုံးလို့ရတဲ့ Message တွေရှိတယ်။ ဖုန်းတွေခေါ်လို့ ရတယ်။ နောက်ဆုံး လူချင်းတွေ့လို့ရတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူပေါင်းများစွာ သုံးနေတဲ့ သိတဲ့လူတွေ၊ မသိတဲ့လူတွေ အရှေ့မှာ ကိုယ့်ကိုဝေဖန်လို့ ကိုယ်က တုံ့ပြန်ပြီးပြောလိုက်ရင် ဒါက လူတွေအတွက် ဖျော်ဖြေမှုတစ်ခု ဖြစ်သွားတယ်။ ကိုယ့်ရဲ့ အတွင်းရေးအကြောင်းတွေ၊ သူများတွေ မသိစေချင်တဲ့အကြောင်းတွေ တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်တိုက်ခိုက်ရင် အကုန်ပေါ်ကုန်တာပေါ့။ အဲဒီတော့ တခြားလူတွေအတွက် Entertainment တော့ အဖြစ်မခံပါနဲ့။ ဝေဖန်တိုက်ခိုက်မှုတွေကြုံလာရင် နေခြည် အမြဲပြောနေကျစကား ရှိတယ်။ ကိုစိုင်းပြောသလို ကောင်းတာ ဆိုရင် ယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဘယ်တော့မှ Perfect မဖြစ်ဘူး။ မကောင်းတာဆိုရင် လျစ်လျူရှုလိုက်တယ်။ ဘယ်တော့မှ ပြန်ပြီးမတုံ့ပြန် ပါနဲ့လို့ ပြောချင်ပါတယ်။

Voice : ကိုယ်ပိုင် Brand နဲ့ စီးပွားရေးလုပ်မယ်ဆိုတာက ဘယ်တော့လောက်ဖြစ်မလဲ။
NCO : ကိုယ်ပိုင် Brand က နည်းနည်းကြာဦးမယ်။ နေခြည်တို့က ဈေးကွက်အခြေအနေကို ကြည့်နေရတော့ ကိုယ်တိုင်ကလည်း စီးပွားရေးနဲ့ မာစတာယူထားတော့ အဓိကဘာထုတ်ရမလဲ တော်တော်ကြီး စဉ်းစား နေရတယ်။ နေခြည်က သေချာလေးအချိန်ယူပြီးတော့ ထုတ်ဖြစ်မယ်။

Voice : နေခြည်ဦးရဲ့ အောင်မြင်မှုက ချစ်သူသရုပ်ဆောင်အောင်ရဲလင်းကြောင့် ဖြစ်လာတာလို့ ပြောတဲ့အပေါ် ဘာများပြောချင်လဲ။
NCO : နေခြည့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကြောင့် အောင်မြင်လာတယ်ဆိုတာ နေခြည့်ဘက်က ငြင်းပယ်လို့မရပါဘူး။ ကိုယ်ဘယ်လိုပဲကြိုးစား၊ ကြိုးစား သူ့ရဲ့ Suporting မပါဘူးလို့ ပြောပြော၊ ဒါ သူ့ကြောင့် နေခြည့်ကို စိတ်ဝင်စားမှုပိုများလာတယ်ဆိုတာ နေခြည့်အနေနဲ့ ငြင်းလို့မရဘူး။ အဲဒီအတွက် သူ့ရဲ့ ပရိသတ်တွေကလည်း နေခြည်ဦး ဘယ်သူလဲဆိုတာ ပိုသိချင်လာကြတယ်။ အဲဒီတော့ နေခြည့်ရဲ့ အောင်မြင်မှုက သူ့ကြောင့် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တယ်လို့ ပြောချင်ပါတယ်။

Voice : နှစ်ယောက်ကြားမှာ နားလည်မှုကို ဘယ်လိုမျိုးတည်ဆောက်ထားလဲ။
NCO : နေခြည် Blogger စမဖြစ်ခင်ကတည်းက သူနဲ့ Relationship စဖြစ်နေတာပါ။ အဲဒီအတွက် နားလည်မှုက အစကတည်းကရှိတယ်။ အထူးသဖြင့် နေခြည့်ဘက်က နားလည်မှုရှိတာ နေခြည်က အနုပညာ အသိုင်းအဝန်းကလည်း မဟုတ်ဘူး။ သာမန်မိန်းကလေးတစ်ယောက်က အနုပညာရှင်ကို ကြိုက်တဲ့ အတွက် ပေါ့နော်။ အခု နေခြည်အောင်မြင်လာတော့ သူ Suporting အများကြီးပေးတယ်။ ဆိုးတူကောင်းဖက်၊ တိုင်ပင်ဖော် ဖြစ်လာတယ်။ အဲဒီအတွက် နေခြည်တို့ ကြားမှာ တမင်သတ်သတ်ကြီး နားလည်ပေးရတဲ့အပိုင်း မရှိပါဘူး။

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *