ဘဝ မာတိကာ နိုင်ငံရေး မာတိကာ နှင့် မဟာဗျူဟာ မာတိကာများ (၁)

(၁)
၁၈၊ ဇူလိုင်၊ ၂၀၁၇။ အာဇာနည်နေ့မတိုင်ခင် တစ်ရက်။ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် အငြင်းပွားစရာ အကောင်းဆုံးဖြစ်ဖွယ်ရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကား နှုတ်ဆက်ထွက်ခွါသွားခဲ့ချေပြီ။ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ဂျာနယ်လစ်၊ ဆရာကြီးမောင်စူးစမ်း ဖြစ်ပါသည်။ စွဲလန်းသူ အချို့က သူ့ကို တသသ ဖြစ်နေကြသည့်တိုင်၊ မကျေနပ်သူများကား သူ့ကို ကျိန်ဆဲနေကြပါလိမ့်မည်။ သူကတော့ ဘာကိုမှ ကြားနိုင်တော့မည်မဟုတ်တော့…။ အားလုံးကို ဥပက္ခာ ပြုသွားခဲ့ချေပြီ။

(၂)
စစ်တွင်းက၊ တပ်မတော်သား။ စစ်ကြီးပြီးတော့၊ ဘာသာသုံးခုတွင် ဂုဏ်ထူးတန်း တက်နိုင်သော အမှတ်ဖြင့်၊ အိုင်အေ အောင်သည်။ ဘောဂဗေဒ ဂုဏ်ထူးတန်းတက်သည်။ ဒေါက်တာလှမြင့် အထူးမျှော်လင့်ထားသော ကျောင်းသားတစ်ယောက်…။

သို့တစေ၊ တက္ကသိုလ်ကို ကျောခိုင်းပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သော လက်နက်ကိုင် တော်လှန်ရေးထဲ ပါသွားသည်။ တောနှင့်တောင်တွင် ပြေးလွှားရင်း၊ ‘မာက်္ခ(စ)ဘောဂဗေဒ’ ကိုပြုစုသည်။ အမေရိကန် ‘ကေတီအေ’ မှ ရေးဆွဲသော ‘ပြည်တော်သာစီမံကိန်း’ ကို လှမ်းဝေဖန်သည်။ လူထုဂျာနယ်တွင် ‘မောင်စူးစမ်း’ ကလောင်အမည်ဖြင့် ‘ဗမာ့စီးပွားရေးစစ်တမ်း’ ထွက်လာသည်။

တောမှပြန်ရောက်တော့၊ စာမေးပွဲဆက်ဖြေသည်။ အောင်သည်။ ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနတွင်၊ လက်ထောက်ကထိက ဖြစ်လာသည်။ သို့တိုင် လက်ထောက်ကထိကရာထူးကို ‘ဆိနိတ်’က မခန့်နိုင်၊ ကောင်စီကသာခန့်နိုင်သည် စသဖြင့် အငြင်းပွားရာမှ၊ နှုတ်ထွက်လိုက်ရသည်။

နောက်၊ တော်လှန်ရေးကောင်စီ၏ စီးပွားရေးအကြံပေး၊ အထူးအရာရှိ..။ ဒါလည်းကြာကြာမခံ။ နှုတ်ထွက်လိုက်ရပြန်သည်။

ရှစ်လေးလုံး အရေးတော်ပုံ အပြီးတွင်ကား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး ဗဟိုကော်မတီ…။

နောက်ဆုံး Freelance Writer အဖြစ် ၂၀၁၁ ခုနှစ် အထိရှိနေခဲ့သည်။

(၃)
ဗမာပြည်ကွန်မြူနစ်ပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ မြန်မာ့နိုင်ငံရေးကို အဓိကပုံသွင်းခဲ့သော၊ နိုင်ငံရေးပါတီတိုင်းနှင့် ပတ်သက်ခဲ့ဖူးသည်။ သို့နှင့်တိုင်…၊ ပါတီအားလုံးနှင့် ‘မဟာဗျူဟာ ကွဲလွဲချက်’ တွေရှိခဲ့သည်။

(၄)
– ဗမာပြည်ကွန်မြူနစ်ပါတီ – နှင့်
———————————-
၁။ ဒုတိယကမ္ဘာစစ်အပြီး၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်မှု အယူအဆ။ (ဘရောက်ဒါ ဝါဒဟုလည်းခေါ်)
၂။ တိုင်းရင်းသားအရင်းရှင်သည်၊ နယ်ချဲ့သမားနှင့် ပြန်မလာစတမ်း ပူးပေါင်းသွားပြီဆိုသော အယူအဆ။ (ချမ်းအေးစစ်တမ်း နှင့် ဝေဖန်)
၃။ လွတ်လပ်ရေး စစ်/မစစ် ဆိုသောအယူအဆ
၎။ လက်နက်ကိုင် တိုက်ပွဲ လိုအပ်/မလိုအပ် – ဆိုသော အယူအဆ
၅။ တိုက်ပွဲပုံသဏ္ဍာန်၊ သပိတ်လား/လယ်သမားစစ်ပွဲလား
၆။ လက်ဝဲတပ်ပေါင်းစု ပြဿနာ
၇။ မြို့သိမ်းနှင့် တောရွာ
၈။ တိုက်ပွဲ ပုံသဏ္ဍာန် ပြောင်းသင့်/မပြောင်းသင့် ကိစ္စ။

– မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ – နှင့်
—————————————–
၁။ ဆိုရှယ်လစ်စနစ်သည်၊ သမိုင်း လိုအပ်ချက် ဟုတ်/မဟုတ်။
၂။ ကတ္တားပိုင်း (Subjective Factor) ပြည့်စုံလျှင်၊ ကမ္မပိုင်း (Objective Condition) ကို ပြောင်းလဲ ပစ်နိုင်သည် ဆိုသော အယူအဆ။
၃။ ဆိုရှယ်လစ်စနစ်ကို၊ ဈေးကွက် ယန္တရားနှင့် ထိမ်းမြားပေးရန် အယူအဆ။

– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – နှင့်
—————————————–
၁။ ဦးနေဝင်းကို ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးရေး။
၂။ ရွေးကောက်ပွဲနိုင်သော ပါတီသည် အစိုးရပါတီ မဖြစ်နိုင်သေး။ (Winning party cannot be ruling party) – (‘ဂွေ့ကြီးခြောက်ဂွေ့’ – အယူအဆ)
၃။ ဈေးကွက် စီးပွားရေး နှင့် ဒီမိုကရေစီ၊ တစ်ပြိုင်နက်တည်း ချက်ခြင်း ပူးတွဲမလာနိုင်။ ဈေးကွက်စီးပွါးရေး နှင့် ဒီမိုကရေစီ၊ သူ့လမ်းနှင့်သူ သီးခြားရွေ့မည် – ဆိုသော မှန်းဆချက်။
၎။ တပ်မတော် အခန်းကဏ္ဍကို၊ အသိအမှတ်ပြုရမည်- ဆိုသော အမြင်။

– ၂၀၀၈ အခြေခံဥအဒေ နှင့် ပတ်သတ်၍
——————————————–
၁။ တပ်မတော် က စပွန်ဆာပြုရေးဆွဲပြဌာန်းသော ဖွဲ့စည်းပုံအခြေခံဥအဒေကို ရှောင်ဖယ်လို့ရမလား…။ ( Can we avoid the military sponsored constitution )
၂။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥအဒေအောက်တွင်၊ နိုင်ငံရေးပါတီတို့ ဆောင်ရွက်ရန် အဆင်သင့် ဖြစ်/မဖြစ်။
၃။ ရွေးချယ်စရာ၊ အစီအစဉ်တို့သည် ဖြစ်နိုင်ခြေ ရှိပါသလား…။ ( Politics is the art of possibles ဆိုသည်ကို နှလုံးမူရန်ဖြစ် )

(၅)
ဤသည်တို့မှာ၊ ဆရာပါဝင် ပတ်သတ်ခဲ့သော၊ နိုင်ငံရေးပါတီများနှင့် ကွဲလွဲခဲ့သော ‘အခြေခံမဟာဗျူဟာပြဿနာများ’ ဖြစ်ပါသည်။ သို့ဖြစ်လင့်ကစား၊ ဆရာက အသေးစိတ်ရှင်းမပြခဲ့။ ခေါင်းစဉ်လောက်သာ ဖော်ပြထားသည်။ စာရေးသူအနေနှင့် အနုစိတ်သိနိုင်ရန် ကြိုးစားခဲ့ဖူးပါသည်။ သို့တစေ အပြည့်အဝကား မအောင်မြင်ခဲ့။

၂၀၁၁ ခုနှစ်၊ ဆရာ စာမရေးတော့ကတည်းက၊ ဆရာ့ကျန်းမာရေးမှာ၊ တဖြည်းဖြည်း ဆိုးလာသည်။ တောထဲတွင် လက်နက်ကိုင်ဘဝဖြင့် ကျင်လည်ခဲ့သော ရက်များမှလွဲ၍၊ ကျန်ဘဝ၏ အဆစ်အပိုင်းများကို ကောင်းကောင်း မမှတ်မိချင်တော့။ သို့ဖြင့် ကွန်မြူနစ်ပါတီနှင့် ကွဲလွဲခဲ့သော မဟာဗျူဟာ ပုစ္ဆာ ရှစ်ရပ်ကိုသာ မေးမြန်းစုံစမ်းခွင့် ရခဲ့သည်။ ဖြစ်နိုင်လျှင်တော့၊ ဆိုခဲ့ပါ မဟာဗျူဟာ ပုစ္ဆာများနှင့် ဆရာ့ရပ်တည်ချက်ကို၊ စာရေးသူ ဉာဏ်မှီသမျှ တင်ပြလိုပါသည်။ သို့မှသာ ‘မောင်စူးစမ်း’ ဆိုသော ပုဂ္ဂိုလ်ကြီး၏ တန်ဖိုးကို လူငယ်တွေ ‘ဆဝါး’ နိုင်လိမ့်မည်ထင်သည်။

ယခုလောလောဆယ်၊ စာရေးသူပြောနိုင်သည်မှာ၊ မြန်မာ့နိုင်ငံရေးတွင်၊ ဆရာမောင်စူးစမ်းလို၊ လစ်ဘရယ်စိတ်အခံ ရှိသူများမှာ၊ ‘ကံမကောင်းခဲ့’ ဟူ၍သာ စိတ်ပျက်လက်ပျက် ဆိုရပါတော့မည်။ ဤနေရာတွင် ‘လစ်ဘရယ်စိတ်အခံ’ ဆိုသည်မှာ၊ မြန်မာလက်ဝဲသမားတွေ နားလည်ချက်အတိုင်း ဆိုလိုသည်မဟုတ်။ ‘အတွေးအခေါ်သစ်များကို လက်ခံသော၊ လွတ်လပ်သော၊ အစွန်းမရောက်သော’…..စသည့် အဘိဓာန်ဖွင့်ဆိုချက်အတိုင်း ဆိုလိုရင်း ဖြစ်သည်ကို သတိချပ်စေချင်သည်။

ကျော်ဝင်း
၁၈၊ ဇူလိုင်၊ ၂၀၁၇

(စနေနေ့ထွက်ရှိမည့် The Voice Journal တွင် ပါရှိမည့် ဆရာကျော်ဝင်း၏ ဆောင်းပါးအား ယမန်နေ့ ၁၈ ဇူလိုင်က ကွယ်လွန်သွားခဲ့သော ဆရာကြီး မောင်စူးစမ်းကို
 အောက်မေ့ဂုဏ်ပြုလျက်  ဖော်ပြလိုက်ပါသည်။ အပိုင်း – ၂ ကို ဆက်လက်ဖော်ပြပါမည် – အယ်ဒီတာ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *