အာဇာနည်သတ္တိမှာ တာဝန်ကို မျက်နှာလွှဲ၊ အလွယ်ထွက်ပေါက် မရှာဟု ဒေါ်အောင်ဆန်းစုကြည်ဆို

 

ရန်ကုန်၊ ဇူလိုင် ၁၉

အာဇာနည်သတ္တိမှာ ဘ၀ကို အများအကျိုးအတွက် အသုံးပြုလိုသော ဆန္ဒအပေါ်တွင် အခြေခံပြီး တာဝန်ကို မျက်နှာလွှဲပြီး အလွယ်ထွက်ပေါက်မရှာဘဲ မလွှဲသာ၍ အသက်ပါစွန့်လွှတ်ရလျှင်လည်း သတ္တိနှင့်သာ ဖြစ်သည်ဟု လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှစ်(၇၀) ပြည့် အာဇာနည်နေ့အတွက် ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

“ထိုပုဂ္ဂိုလ်များရဲ့သတ္တိဟာ မေတ္တာကို အခြေခံလို့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာနဲ့ စေတနာကြောင့်သာ အန္တရာယ်များတဲ့ လုပ်ငန်းတွေကို စွန့်စားဆောင်ရွက်သွားကြတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်အာဇာနည်ကုန်းတွင် ကျင်းပသော နှစ် (၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးမြင့်ဆွေအပါအ၀င် အစိုးရအဖွဲ့ဝင်တို့လည်း တက်ရောက်ဂါရ၀ပြုကြသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေါင်းဆောင် ကိုးဦးမှာ လုပ်ကြံခံရမှုကြောင့် ကျဆုံးခဲ့ရသဖြင့် အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ကာ နှစ်စဉ် ကျဆုံးအာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ဂါရ၀ပြုအခမ်းအနားများ ပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *