ကျောက်မီးသွေးကို ကြောက်ပါသည်

 

The Voice Weekly Journal June 26 – July 2, 2017 တွင်ပါရှိသည့် ‘လျှပ်စစ်အတွက် မြန်မာတို့ရွေးချယ်ချိန်’ ဆောင်းပါးကို ဖတ်နေသော စာရေးသူသည် ဆောင်းပါးတစ်နေရာသို့ရောက်သောအခါ မျက်လုံးပြူးသွားရပါ၏။ ဆောင်းပါးတွင် “ဒီကျောက်မီးသွေးကို ကျွန်မ စိတ်ဝင်စားတာကြာပြီ။ လျှပ်စစ်မီး ဘယ်ကရရှိနိုင်လဲ။ မြန်မြန်ဆန်ဆန်နဲ့ လူထုလက်ထဲရောက်နိုင်တယ်။ ကျွန်မကတော့ ပြတ်ပြတ်သားသား ပြောနိုင်တယ်။ ကျွန်မလုပ်တာကို တာဝန်ယူရဲတယ်။ ဒီလုပ်ငန်းကို ကျွန်မဦးဆောင်ပြီးတော့ ကြိုးစားဆောင်ရွက်ပေးခဲ့တယ်။ ကျွန်မတို့လိုပဲ တိုင်းနဲ့ ပြည်နယ်တွေအကုန်လုံးက ဒီလမ်းကို လိုက်ကြပါ” ဟု ဖော်ပြထားပါသည်။ မည်သည့်ပုဂ္ဂိုလ်ပြောဆိုသည်ကို သိလိုလှ၍ ဆက်ဖတ်ကြည့်ရာ ကရင်ပြည်နယ်တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး TTCL ကုမ္ပဏီက ဇွန်လ ၂၁ ရက်တွင်ပြုလုပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က မိန့်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရပါတော့၏။

ကမ္ဘာ့နိုင်ငံအများအပြားက ကျောခိုင်းစွန့်ခွာနေသော၊ စွန့်ခွာရန် ကြိုးပမ်းနေကြသော ရုပ်ကြွင်းလောင်စာ (Fossil Fuel) ကို ကရင်ပြည်နယ် ဝန်ကြီးချုပ်က သုံးစွဲရန် အားတက်သရောဆော်ဩနေချေပြီ။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးကိုပင် အဖော်ညှိလိုက်ပါသေး၏။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မကျောရိုးဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးအပေါ် စေတနာဇောကပ်၍ ပြတ်ပြတ်သားသား ပြောလိုက်ပုံရပါသည်။

ဤနေရာတွင် ‘တာဝန်ယူရဲတယ်’ ဟူသောအပိုင်းနှင့်ပတ်သက်၍ စာရေးသူစိတ်ထဲ ဝေခွဲမရဖြစ်နေပါသည်။ ကမ္ဘာ့စွမ်းအင်မျက်နှာစာတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသော ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်သမားများ၊ အောက်ခြေ  ပြည်သူများအပါအဝင် လူအများ ဆန့်ကျင်ကန့်ကွက်မှုခံနေရသော ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားကို အဘယ်ပုံတာဝန်ယူမည်နည်းဟု တွေးတောနေမိသည်။ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း သန့်ရှင်းပါသည်ဟူသော Clean Coal Technology (CCT) ကိုယုံမှတ်၍ ပုံအပ်လိုက်မည်လော။ နည်းပညာအချို့အငဲ့ရှိခဲ့ပါလျှင် (သို့) စာချုပ်ပါစည်းကမ်းချက်လိုက်နာမှု အတိမ်းအစောင်းရှိခဲ့ပါလျှင် ပေးဆပ်ရမည့် တန်ဖိုးကား မနည်းမနော။ လူတစ်စုမဟုတ်၊ ရွာတစ်ရွာ မဟုတ်၊ လယ်တစ်ကွက် ယာတစ်ခင်းမဟုတ်၊ ကျွဲနွားတစ်အုပ်တစ်မ မဟုတ် အများဘေးသင့်ရမည့်ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးစက်ရုံမှ ကာဗွန်ထွက်ရှိမှုသည် မိုင် ၅၀ ခန့်အထိ ရောက်ရှိနိုင်သည့်အတွက် စက်ရုံတည်ရှိသည့် ဒေသခံများအပြင် အမှုန်ရောက်ရှိနိုင်သည့် ဒေသများအတွက်ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၂၂-၁၂-၂၀၁၄ ရက်က နေပြည်တော် ‘မြတ်တော်ဝင်’ ဟိုတယ်၌ ကျင်းပသော Climate Change အစီအစဉ်တွင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုး တက်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားလိုက်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က နေပြည်တော် Kempinski ဟိုတယ်၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်းက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၏ ပြောဆိုချက်ကို သတိရမိလိုက်သည်။ “ဒီ Coal နဲ့ပတ်သက်ရင် မြန်မြန်လုပ်ရမှာ။ မြန်မြန်လုပ်ရမှာမို့လို့ ဆန္ဒပြတဲ့သူတွေရှိနေရင် ဆန္ဒပြတဲ့သူတွေကို ကြောက်စရာ မလိုဘူး။ အဲဒီပတ်ဝန်းကျင် မီးရပြီး ဟန်ကျသွားပြီဆိုရင် ဆန္ဒပြတဲ့သူတွေ ငြိမ်သွားလိမ့်မယ် ….” ဟု ဆိုပါသည်။ မှန်ပါသည်။ ဒီမိုကရေစီခေတ်ကာလမို့ ဆန္ဒပြသည်ကို ကြောက်စရာမလိုပါ။ သို့ရာတွင် ပတ်ဝန်းကျင် လျှပ်စစ်မီးရရုံဖြင့် ဟန်မကျနိုင်ပါ။ ဘေးထွက်ဆိုးကျိုး အန္တရာယ်အမျိုးမျိုး ကျရောက်နိုင်မှု ရှိသေးသည်။ ယင်းကို လျစ်လျူရှုထား၍ကားမဖြစ်။

သန့်ရှင်းသော ကျောက်မီးသွေး နည်းပညာ

သန့်ရှင်းသောကျောက်မီးသွေး နည်းပညာ (Clean Coal Technology-CCT) သည် ဓာတ်အားပေးစက်ရုံသုံး ကျောက်မီးသွေးကို သန့်ရှင်းအောင် ပြုလုပ်ပေးသည်မဟုတ်ပါ။ လျှပ်စစ်ဂျင်နရေတာ လည်ပတ်စေရန်အတွက် ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊  နိုက်ထရိုဂျင် စသည့်ဓာတ်ငွေ့များ၊ အာဆင်းနစ်၊ ပြဒါး၊ ခဲ စသည့်အဆိပ်များ၊ မီးခိုးခေါင်းတိုင်ပြာ၊ မီးဖိုပြာနှင့် အမှုန်အမွှား  အနည်အနှစ်များ လေထု၊ ရေထုထဲရောက် မသွားစေရန် CCT နည်းပညာက စစ်ထုတ်ဖယ်ရှား တားဆီးပေးခြင်းသာ ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ထုတ်ပေးသည့် စက်ရုံမှ တစ်နှစ်လျှင် မီးခိုးခေါင်းတိုင်ပြာ ၁၁၆,၈၀၀ တန်၊ မီးဖိုပြာ ၈၈,၄၀၀ တန်အပါအဝင်  ဘေးထွက်ပစ္စည်း ၁၃ မျိုး ထွက်ရှိသည်ဟု မှတ်သားဖူး၏။ CCT နည်းပညာကို အသုံးပြုသော်လည်း ယင်းဘေးထွက်ပစ္စည်းများကို ရာခိုင်နှုန်းပြည့် မဖယ်ရှားနိုင်ပေ။

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်၊ ငရုတ်ကောင်းကျေးရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ မအူပင်မြို့၌ တွေ့ဆုံ ပွဲတွင် ဝန်ကြီးချုပ်က အဆိုပါစက်ရုံသည် EAI စစ်တမ်းပြုလုပ်ပြီးဖြစ်၍ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ဆိုးကျိုးမရှိသည်ကို တွေ့ရှိရသည်ဟု ပြောကြားသွားကြောင်း ၂၀၁၄ စက်တင်ဘာလထုတ် The Earth Journal တွင် ဖော်ပြထားပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပေါင်းကူးအသင်းမှ ဒေါက်တာကျော်သူက “ဆိုးကျိုးက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ မရှိဘူးဆိုတော့ ၁ ရာခိုင်နှုန်းလောက်ပဲ ဆိုးကျိုး ရှိမယ့်သဘောပေါ့။ ကျောက်မီးသွေးစက်ရုံက ဆိုးကျိုး ၁ ရာခိုင်နှုန်းပဲရှိမယ်ဆိုတာ ဘယ်မှာဖြစ်နိုင်မလဲ …” ဟု ဝေဖန်လိုက်ပါသည်။ ကျောက်မီးသွေး ဓာတ်အားဈေးကွက်ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ “အနောက်ဥရောပရော၊ အမေရိကရော ကျောက်မီးသွေးကို လျှော့ချလာနေပြီ။ အဲဒီလို ကျောက်မီးသွေး ဈေးကွက်မရှိတော့တဲ့အခါကျတော့ သန့်စင်ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်ဖို့ လျှပ်စစ်အမြန်လိုနေတဲ့နိုင်ငံတွေကို ကျောက်မီးသွေးနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းအကြီးကြီးတွေက အရမ်းကို အားစိုက်လုပ်ဖို့ ကြိုးစားနေကြတယ်။ တခြား ဘယ်နိုင်ငံကမှ သူတို့ကို လက်ခံတော့မှာ မဟုတ်တဲ့အတွက် အရှေ့တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေကို ကျောက်မီးသွေးမှ ကျောက်မီးသွေးဆိုပြီး လှုံ့ဆော်တာတွေ ခံကြရတာပါ” ဟု WWF မြန်မာရုံး၏ စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးက 7 Day Daily သတင်းစာ သို့ ပြောပြခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံအချို့နှင့် ကျောက်မီးသွေးစက်ရုံ

ကမ္ဘာပေါ်တွင် ‘မှန်လုံအိမ်ဓာတ်ငွေ့’  အများဆုံးထုတ်လုပ်မှုဖြင့် နာမည်ဆိုးရသော တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အတူ စွမ်းအင်လိုအပ်ချက် မြင့်တက်လာသည်။ အိမ်နီးချင်းနိုင်ငံများမှ စွမ်းအင်အရင်းအမြစ်များကို လောဘ တကြီး ရယူလျက်ရှိသလို ဝေးလံလှသည့် ဒေသများမှ စွမ်းအင်ကိုလည်း မဖြစ်မနေ တင်သွင်းနေရသည်။ သို့စဉ်လျက် တရုတ်နိုင်ငံအစိုးရသည် ၂၀၁၄ ခုနှစ်ကစတင်၍ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လျှော့ချလာခဲ့၏။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်း ၁၀၀ ကျော်ကို ရပ်ဆိုင်းရန် ပြည်နယ် ၁၁ နယ်သို့ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ စက်မှုနည်းပညာ အဆင့်မြင့်သော တရုတ်နိုင်ငံသည် မိမိတွင်ရှိပြီးသား ကျောက်မီးသွေးသုံးစက်ရုံများကို CCT နည်းပညာဖြင့် မကုစားသလို စက်ရုံအသစ်များလည်း မတည်ဆောက်တော့ပေ။ ယင်းစွမ်းအင်ကွက်လပ်ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဖြည့်ဆည်းပေးနေသည်။ တစ်ဖက်တွင် စွမ်းအင်ငတ်မွတ်နေသော တရုတ်နိုင်ငံသည် နျူကလီးယား ဓာတ်ပေါင်းဖို အလုံး ၆၀ တည်ဆောက်ရန် စီစဉ်နေသည်ဟု ကြားသိရ၏။

‘မှန်လုံအိမ်ဓာတ်ငွေ့’ တတိယအများဆုံးထုတ်လွှတ်သည့် အိန္ဒိယနိုင်ငံတွင်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအချို့ ပိတ်သိမ်းလိုက်ပြီဖြစ်သည်။ CCT နည်းပညာကိုအသုံးပြု၍ ဆက်လက်လည်ပတ်ရန် မကြိုးစားတော့ပေ။ ယင်းစက်ရုံများနေရာတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံများ ဝင်ရောက်လာ၏။ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ စွမ်းအင် ၄၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူအသုံးချသွားမည်ဟု သိရပါသည်။ အိန္ဒိယနိုင်ငံသည် နျူဓာတ်ပေါင်းဖို ၁၀ လုံး တည်ဆောက်ရန်လည်း စီစဉ်နေသည်ဆို၏။ တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုမှ သဘာဝဓာတ်ငွေ့ရည်တင်သွင်းရန် ကြိုးပမ်းနေပြန်သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်နေသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို လူထုက ကန့်ကွက်ဆန္ဒပြကြရာတွင် လူတစ်ဦးသေဆုံးခဲ့ရကြောင်း၊ ယမန်နှစ်ကလည်း အလားတူ ဆန္ဒပြပွဲကြောင့် လူလေးဦးသေဆုံးခဲ့ကြောင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုရပ်ဆိုင်းထားကြောင်း ၃-၂-၂၀၁၇  ရက် နေ့ထုတ် ၇ Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။ အလားတူပင် ထိုင်းနိုင်ငံတောင်ပိုင်း ‘ခရာဘီ’ ကမ်းခြေ၌ ၈၀၀ မဂ္ဂါဝပ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်ကိစ္စ နှင့်ပတ်သက်၍ လူထုဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကြောင့် ထိုင်းစစ်အစိုးရသည် စက်ရုံတည်ဆောက်ရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရပါသည်။ ဂျပန်နိုင်ငံတွင်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအများအပြား ပိတ်သိမ်းလိုက်သည်။ ယင်းစက်ရုံ များကို CCT နည်းပညာအကူအညီဖြင့် ဆက်လက်လည်ပတ်ရန် စိတ်မကူးတော့ပေ။ လိုအပ်သည့် စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဖြည့်ဆည်းနေသည်။ ယင်းအပြင် ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူဓာတ်ပေါင်းဖို ချို့ယွင်းမှုဖြစ်ပွားပြီးနောက် ပိတ်ပစ်ခဲ့သော ဓာတ်ပေါင်းဖို အားလုံးအနက် ငါးလုံးကို စွမ်းအင်လိုအပ်ချက်ကြောင့် ပြန်လည် လည်ပတ်လျက် ရှိပါသည်။

မှန်လုံအိမ်ဓာတ်ငွေ့ ဒုတိယအများဆုံးထုတ်လွှတ်သည့် အမေရိကန် ပြည်ထောင်စုကို ကြည့်ကြပါစို့။ အမေရိကန်နိုင်ငံတွင် လူထုဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၃၅ ရုံကို ယခင်ကပင် ပိတ်ထား ခဲ့ပြီးဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်ရောက်သောအခါ အခြေအနေတစ်မျိုးတစ်ဖုံဖြစ်လာ၏။  စီးပွားရေးသမားကြီး ဒေါ်နယ်ထရမ့်သည် ‘အမေရိကသည် အမေရိကန်အတွက်ဖြစ်သည်။ တစ်ကမ္ဘာလုံးအတွက်မဟုတ်’ ဟူသော ကြွေးကြော်သံနှင့်အတူ အာဏာရရှိလာသည်။ ယင်းနောက် စီးပွားရေးသမားများ သည်းခြေကြိုက်ဖြစ်သော ကျောက်မီးသွေးတူးဖော်ရေး၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်ရေးအပြင် ယခင်အစိုးရများ ပိတ်ပင်ထားခဲ့သည့် ရေနံတူးဖော်ရေးလုပ်ငန်းကိုပါ အသက်ပြန်သွင်းရန် ကြိုးပမ်းလာသည်။ တစ်ဖက်တွင် “ကျွန်တော်က အမေရိကန်နိုင်ငံသားတွေကို ကိုယ်စားပြုဖို့ ရွေးကောက်ခံခဲ့ရတာပါ။ ပါရီအတွက် မဟုတ်ဘူး” ဟု တစ်ဖန်ကြွေးကြော်ကာ ပါရီသဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက်မည်ဟု ပြီးခဲ့သည့်ဇွန်လ ၁ ရက်တွင် ကြေညာလိုက်ပါတော့သည်။ ဤကြေညာချက်ကို ‘သမိုင်းဝင်မဟာအမှား’ ဟု ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက်ဟီလာရီကလင်တန်က ဝေဖန် လိုက်၏။

 

မြန်မာနှင့် ကျောက်မီးသွေးစက်ရုံ

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ ‘တီကျစ်’ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ပထမဦးဆုံး ကျောက်မီးသွေးစက်ရုံဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် စက်ချို့ယွင်း၍ ရပ်နားထားရသည်။ ၂၀၁၅ ခုနှစ်တွင် CCT နည်းပညာအသုံးပြုထားသည့် စက်အသစ်တပ်ဆင်၍  စက်ရုံကို အကြီးစားပြင်ဆင်မှုပြုလုပ်ခဲ့ ပြီး ၂၆-၅-၂၀၁၇ ရက်နေ့မှစတင်၍ ပြန်လည် လည်ပတ်နေပါသည်။ တရုတ်နိုင်ငံ China National Heavy Machinery Corporation (CHMC) ကုမ္ပဏီနှင့် ၂၂ နှစ် အငှားစာချုပ်ဖြင့် လုပ်ကိုင်လျက်ရှိသည်။ ‘တီကျစ်’ စက်ရုံသို့ သွားရောက်လေ့လာခဲ့သော ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသခံ ကိုယ်စားလှယ်တစ်ဦးက လယ်ယာများ ပျက်စီးပြီး အထွက်နှုန်းလျော့ကျလာကြောင်း၊ အနံ့အသက်ဆိုးဝါးလှကြောင်း၊ ရွာတွင် ပေါင်မပြည့်သည့်ကလေးများ မွေးဖွားနေကြောင်း၊ ကိုယ်ဝန်ပျက်ကျမှု၊ အဆုတ်ရောဂါသည်၊ ဦးနှောက်အမြှေးရောင်သူတွေများကြောင်း၊ အသက်တိုလာကြောင်း၊ ယင်းအပြင် ရေပေါ်တွင် ကျောက်မီးသွေးအမှုန်များ တက်နေသဖြင့် ယင်းရေကိုချိုးလျှင် အရေပြားယားယံကြောင်း အသေးစိတ်ပြောပြပါသည်။

 

‘တီကျစ်’ စက်ရုံမှာ ဒေသခံလူထု၏ ကန့်ကွက်မှုအများဆုံးခံနေရသည့် စက်ရုံဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် အကျိုးသက်ရောက်မှုများကို ကျောက်မီးသွေးစီမံကိန်းအနီး မိုင် ၂၀ ပတ်လည်အတွင်း ကောက်ယူပြီး တွေ့ရှိချက်များကို ဒေသခံများနှင့်အတူ ဆွေးနွေးညှိနှိုင်းကာ ဒေသခံများသဘောတူမှသာ စီမံကိန်းကို အကောင်အထည်ဖော်သင့်ကြောင်းသတ္တုတွင်းပညာရှင် ကရင်ပြည်နယ် ဘားအံမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်၏ ပြောဆိုချက်ကို ၂၁-၁-၂၀၁၇ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖတ်ရှုရပါသည်။ ယင်းအပြင် “စက်ရုံ စီမံကိန်းလုံးဝရပ်ပေးဖို့ တောင်းဆိုတယ်။ ရပ်ထားပါ။ တိုင်းရင်းသားဒေသမှာ ကျောက်မီးသွေးစက်ရုံ အလိုမရှိဘူး။ ပတ်ဝန်းကျင် ထိခိုက်နေတာကို ပြန်ပြုပြင်ပေးပါ။ သိမ်းထားတဲ့မြေများကို ပြန်ပေးပါ။ အညစ်အကြေးများကို ကုစားပေးပါ” ဟု ပအိုင်းလူငယ်အစည်းအရုံးမှ တာဝန်ခံ ဦးခွန်ဦးက တောင်းဆိုထားပါသည်။

နောက်ထပ်၍ ကျောက်မီးသွေးစက်ရုံ ၁၀ ရုံကို တည်ဆောက်နေဆဲ၊ စီစဉ်နေဆဲဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လေးရုံ၊ မြိတ်တွင် နှစ်ရုံ၊  ရေးတွင် တစ်ရုံ၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် တစ်ရုံ၊ ရှမ်းပြည်နယ် ကျိုင်းတုံတွင် တစ်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တစ်ရုံဖြစ်ကြပါသည်။ ယင်းစက်ရုံများလည်ပတ်ပါက တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့  တန်ချိန် ၉၆ ဒသမ ၆၄  သန်း ထုတ်လွှတ်လာနိုင်သည်ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က သတိပေးပြောဆိုထား၏။ ‘တီကျစ်’ အပါအဝင် ဖော်ပြပါကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ဦးဆောင်၍ ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့်ကုမ္ပဏီ များမှာ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် အိန္ဒိယ ကုမ္ပဏီများဖြစ်ကြပြီး’ သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာ (CCT) ဖြင့် လည်ပတ်မည်’ ဟု ကြွေးကြော်လျက်ရှိသည်။ ဤတွင် စဉ်းစားစရာတစ်ချက်ရှိလာ၏။ ယင်းကုမ္ပဏီများသည် မိမိတို့မိခင်နိုင်ငံအသီးသီးရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများတွင် CCT  နည်းပညာကိုမသုံးကြဘဲ အဘယ်ကြောင့် စက်ရုံများကို ပိတ်သိမ်းလိုက်ကြသနည်းဟူသော အချက်ပင်ဖြစ်သည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိမ်းရောင်ကွန်ရက်မှ တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က “တရုတ်ပြည် နဲ့ အိန္ဒိယကြားမှာ မြန်မာပြည်ကရှိတယ်။ တရုတ်ပြည်ဆိုရင်လည်း ကျောက်မီးသွေးစက်ရုံတွေကို လျှော့နေပြီ။ အိန္ဒိယကလည်း ဝန်ကြီးချုပ် မိုဒီတို့က ပြန်ဆုတ်ဖို့ လုပ်နေပြီ။ နိုင်ငံကြီးနှစ်နိုင်ငံဆုတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ မြန်မာပြည်က ဘာဖြစ်လို့လုပ်ဖို့ ကြိုးစားတာလဲ။ မြန်မာပြည်ကို အမှိုက်ပုံအနေနဲ့ မဖြစ်စေချင်ဘူး …” ဟု ဝေဖန် ပြောဆိုလိုက်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ဆိုးကျိုးမရှိနိုင်ဟု မည်သူကဆိုဆို ပြတ်ပြတ်သားသား တာဝန်ယူရဲသည်ဟု မည်သူက အာမခံခံ ဒေသခံလူထုမှာ ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်ကို အမှန်တကယ်ပင် ကြောက်ရွံ့အားငယ်လျက်ရှိကြပါကြောင်း။       ။ 

ချိုးငှက် (သံတွဲ) ၃၀-၆-၂၀၁၇

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *