မယ်သီတာ မီနီတေးအယ်လ်ဘမ်ကို ပုံမှန်ထက် ခြောက်ဆခန့် အကုန်ကျခံလုပ်ထားသည်ဟု ဝိုင်းစုခိုင်သိန်းဆို 

ရန်ကုန်၊ ဇူလိုင် ၁၂

ဂီတလောကမှာ ပေါ့ပ်သီချင်းလေးတွေနဲ့ ပရိသတ်အားပေးမှုရနေတဲ့ တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ မယ်သီတာ မီနီတေး အယ်လ်ဘမ်ကို ပုံမှန်ကုန်ကျတာထက်  ခြောက်ဆလောက် ပိုအကုန်အကျခံလုပ် ထားတယ်လို့ ၎င်းက The Voice ကို  ပြောကြားပါတယ်။

“ဒီအခွေမှာပါဝင်တဲ့ သီချင်းတစ်ပုဒ်ဆိုရင် ပုံမှန်ကုန်ကျတဲ့ သီချင်းတစ်ပုဒ်စာထက် ခြောက်ပုဒ်စာလောက်  အကုန်အကျခံ လုပ်ထားတာပါ။ မယ်သီတာ အခွေကို ပရိသတ်တွေ အားရမယ်လို့ ထင်ပါတယ်။ ဝိုင်းစုလည်း အများကြီး  ကြိုးစားထားပါတယ်” လို့ တေးသံရှင်  ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

ဒီမီနီတေးအယ်လ်ဘမ်မှာ သီချင်းခြောက်ပုဒ်ပါဝင်မှာဖြစ်ပြီး တေးသံရှင် အောင်လရေးစပ်ပေးထားတဲ့ အနားမှာရှိရင်သီချင်းကို စုံတွဲသီဆိုထားကာ ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

“ဝိုင်းစုနဲ့က အရင်ကတည်းက  သီချင်းတွဲဆိုဖို့ ရှိခဲ့တာပါ။ ဒါပေမဲ့ အကြောင်းမျိုးမျိုးကြောင့် မဆိုဖြစ်ကြဘူး။  အခုတော့ ဒီသီချင်းလေးရေးတဲ့အချိန်မှာ သူရှိတယ်။ ဘာပဲဖြစ်နေနေ သူသာ အနားမှာရှိနေရင် ကမ္ဘာပျက်လည်း မကြောက်ဘူး ဆိုတဲ့ ကျွန်တော်တို့နှစ်ယောက်အကြောင်း ရေးထားတာပါ” လို့ တေးသံရှင် အောင်လက ဆိုပါတယ်။

တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ မွေးနေ့အမှတ်တရအဖြစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ထားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *