ချင်းပြည်နယ် ပြန်လာမည်လော

 

ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဟူသော ဝိသေသကို အကြောင်းမဲ့ရရှိထားခြင်းတော့ မဟုတ်ပေ။
နိုင်ငံအတွင်းရှိ အိမ်ထောင်စုတစ်ရာလျှင် အိမ်ထောင်စု ၃၀ ခန့် (၃၂ ဒသမ ၄ ရာခိုင်နှုန်း) က အစိုးရ၏ လျှပ်စစ်မီးကို သုံးစွဲနေရချိန်တွင် ချင်းပြည်နယ်တွင် အိမ်ထောင်စုတစ်ရာလျှင် အိမ်ထောင်စု ၁၅ စု (၁၅ ဒသမ ၄ ရာခိုင်နှုန်း) ခန့်က လျှပ်စစ်မီးရရှိလျက်ရှိသည်။ နွေရာသီ၌ပင် လမ်းမကောင်းမှုကြောင့် တစ်မြို့နှင့်တစ်မြို့ သွားလာရခက်သော အဆိုပါ ပြည်နယ်သည် မိုးရာသီတွင်  တောင်ပြိုမှုကြောင့် သက်စွန့်ဆံဖျားသွားလာနေရပြန်သည်။

လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇၀ နီးပါးကာလအတွင်း အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများက  ထိုက်သင့်သည့်အလျောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့သော်လည်း ချင်းပြည်နယ်ကမူ ဒုံရင်း။

ချင်းပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ငြိမ်းချမ်းသွားသော်လည်း ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်သည့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်မရသေးပါ။ လျှပ်စစ်မီးမရရှိမှုနှင့် ဆိုးရွားသော  လမ်းပန်းဆက်သွယ်ရေးကြောင့် ဒေသခံများက ဆင်းရဲနွမ်းပါးမှုနွံအတွင်းမှ မရုန်း ထွက်နိုင်သကဲ့သို့ စီးပွားရေးသမားများ လက်ရှောင်သည့် ပြည်နယ်တစ်ခုဖြစ်လာသည်။ သို့သော် … ။

“ကျွန်တော်တို့က ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို လမ်းဖွင့်ပေးချင်တယ်” ဟု ဆိုလာသူက ဦးလျန်ကျုံးနုန်  ဖြစ်သည်။
သူက ရန်ကုန်မြို့တွင် ရတနာလုပ်ငန်း လုပ်ကိုင်နေသည့် ချင်းပြည်ဇာတိဖွားဖြစ်ပြီး အသစ်ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CSCCI) ၏  ဥက္ကဋ္ဌလည်းဖြစ်သည်။

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CSCCI) ကို ဇွန်လ ၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ CSCCI သည် ချင်းပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ချင်းပြည်ဖွားလုပ်ငန်းရှင်တို့၏ ဦးဆောင်မှုဖြင့် ယခုနှစ် ဇွန်လ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်ပြီး လက်ရှိတွင် အသင်းဝင်ပေါင်း ၆၀ နီးပါးရှိနေပြီဖြစ်သည်။

ဒေသခံလုပ်ငန်းရှင်များကိုယ်စား CSCCI က ပြည်နယ်စီးပွားရေးအဟန့်အတားများကိုပယ်ဖျက်ရန် စွမ်းနိုင်မည်လား။ စိန်ခေါ်မှုများက ဒုနှင့်ဒေးပင်။
ချင်းပြည်နယ်တွင် လိုအပ်ချက်များအနက် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့်  လျှပ်စစ်မီးမရရှိမှုက ထိပ်တန်းပြဿနာ များဖြစ်သည်။

ကလေးမြို့မှ ချင်းတောင်သို့လာရောက်သည့် ကားလမ်းတစ်လျှောက်တွင်  လမ်းပျက်နေခြင်း၊ တံတားပျက်နေခြင်း များတွေ့ရှိသဖြင့် ချင်းပြည်နယ်ရှိ ဆောက်လုပ်ရေးတာဝန်ရှိသူများကို ဆက်သွယ် ပြောကြားသော်လည်း ဖြေရှင်းပေးနိုင် ခြင်းမရှိခဲ့ကြောင်း ဖလမ်းမြို့အခြေစိုက် ဖိုင်ဇောင်းမော်တော်ယာဉ်လိုင်းပိုင်ရှင်  ကိုပါဟဲက ညည်းတွားသည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း  လမ်းပြင်ဆင်မှုများကို ချင်းပြည်နယ် ဆောက်လုပ်ရေးအဖွဲ့က တာဝန်ယူလိုက်သည့်အတွက် လမ်းတံတားချို့ယွင်းချက်များကို အချိန်နှင့် တစ်ပြေးညီဆက်သွယ်  ပြောဆိုနိုင်ခဲ့ပြီဟု ၎င်းကပြောသည်။

“ဒါပေမဲ့ လမ်းတွေကတော့ အရင်လိုဆိုးတုန်းပါပဲ။ လမ်းမှာ မြေတွေပြိုလို့ ဖယ်ရှားတာတွေ လုပ်ပေးနေပေမယ့်  မြေစာတွေကို လမ်းဘေးပဲ ပြန်ပစ်တဲ့အတွက် အဲဒီမြေစာတွေကပဲ ပြန်ပြိုတာရှိတယ်။ ပြန်ပြိုတဲ့အခါ မူလလမ်းတွေပါ  ပြန်ပါသွားတာမျိုးတွေ ဖြစ်နေတယ်”  ဟု ကိုပါဟဲက ပြောပြသည်။

ထိုမျှမက ချင်းပြည်နယ်တွင် ယာဉ်ရပ်နားရန်နေရာပင် အခက်တွေ့နေရသည်။  လူဦးရေနည်းသော်လည်း မော်တော်ယာဉ် လိုင်းများ တရားဝင်ရပ်နားရန် ကားကွင်းမရှိ။ ထိုကြောင့် မော်တော်ယာဉ်လိုင်းများရှိ  မော်တော်ယာဉ်များမှ ညအချိန်ယာဉ်ရပ်နား ရန် အခက်တွေ့နေရသည်။ သို့သော်လည်း  ဇူလိုင်လပထမပတ်က ထန်တလန်မြို့တွင် ချင်းပြည်နယ်၏ ပထမဆုံး တရားဝင်ယာဉ်ရပ်နားကွင်းကို ဖွင့်လှစ်ခဲ့သည်။ ကျန်သည့် မြို့များတွင် မရှိသေး။ စက်သုံးဆီဆိုင်များ မရှိမှုကလည်း ချင်းပြည်နယ်အတွက် အခက်အခဲတစ်ရပ်ပင်။ မသန့်သည့် စက်သုံးဆီများ ထည့်မိသဖြင့် မော်တော်ယာဉ်ပြန်လည်ပြုပြင်စရိတ် သိန်းဆယ်ဂဏန်း ကုန်ကျသည့် ယာဉ်ပိုင်ရှင်များလည်း ရှိသည်။

“ကျွန်တော်တို့ဆို ဆီမသန့်တာ  ထည့်မိလို့ ကားပျက်ပြီး ပြန်ပြင်ဆင်ရတာ  သိန်းငါးဆယ်လောက် ကုန်ခဲ့ဖူးတယ်”  ဟု ကိုပါဟဲက ဆိုသည်။ ဤသို့သော အခြေအနေများကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှု နည်းပါးလာခြင်း၏ အဓိကအကြောင်းရင်းပင် ဖြစ်လာသည်။
ချင်းပြည်နယ်က စက်မှုလုပ်ငန်းနှင့်ပတ်သက်လျှင် ကံမကောင်း။ ဟိုးယခင်ကတည်းက အစိုးရကလုပ်သည့် စက်ရုံများလည်း မအောင်မြင်၊ ပုဂ္ဂလိက စက်ရုံအချို့လည်း အဆင်မပြေ။ အကြောင်းရင်းက  များစွာရှိသည်။ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ ဆက်သွယ်ရေး မကောင်းမွန်မှုတို့အပြင် တည်းခိုစရာဟိုတယ်၊ တည်းခိုခန်း နည်းပါး နေမှုတို့က အဓိကဖြစ်သည်။

“အဓိကကတော့ ကုန်သိုလောင်ဖို့ပေါ့။ လျှပ်စစ်မီးမရှိတော့ ကုန်သိုလှောင်တဲ့ နေရာတွေမှာ အခက်အခဲရှိတယ်” ဟု CSCCI ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့်  ဦးမန်လျန်းက ပြောပြသည်။ နွေရာသီဆိုလျှင် ရေရှားပါးသည့်  ပြဿနာ၊ ကျန်သည့်အချိန်ဆိုလျှင်  လျှပ်စစ် မီး ခက်ခဲသည့်ပြဿနာတို့နှင့် ရင်ဆိုင်ရ သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများက စိတ်ဝင် စားမှု နည်းပါးခြင်းဖြစ်ကြောင်း လုပ်ငန်း ရှင်များက ဆိုသည်။ နိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကိုပင် အားပေးရန် အစိုးရမစွမ်းနိုင်သေးသည့် အချိန်တွင် ချင်းပြည်နယ်ရှိ SMEs များမှာလည်း အများနည်းတူ ခံစားနေရပြန်သည်။ ပြည်နယ်အတွင်းရှိ လုပ်ငန်းများသည် အရင်းအနှီးနှင့် နည်းပညာတို့တွင်  များစွာလိုအပ်လျက်ရှိသည်။

ချင်းပြည်နယ်တွင် SMIDB ဘဏ် (အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်) မရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ SMIDB ဘဏ်သို့ ငွေလာချေးယူရသည်။ သို့သော်လည်း စည်းကမ်းသတ်မှတ်ချက်များ များပြားလွန်းသဖြင့် လျှောက်ထားသူတိုင်းမရ။ သာဓကအနေနှင့် ၂၀၁၄ ခုနှစ်က လျှောက်ထားသူ ၂၇ ဦးရှိခဲ့ပြီး ချေးငွေရရှိသူမှာ တစ်ဦးတည်းသာဖြစ်သည်။ ထိုသူရရှိသည့် ချေးငွေက ကျပ်သိန်းနှစ်ရာ။ ယင်းနောက်ပိုင်း ချေးငွေလျှောက် ထားရန်လည်း မရရှိတော့။ လျှောက်ထားသူလည်း မရှိတော့။ လုပ်ငန်းရှင်များမှာ ကိုယ်ထူကိုယ်ထဖြင့်သာ ရုန်းကန်ခဲ့ရသည်။

“ဒီလိုအခက်အခဲမျိုးတွေကို ကျွန်တော်တို့က ဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်ပေးမှာပေါ့။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့တုန်းက သတင်းစကားတစ်ခုရခဲ့တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က စက်တင် ဘာလကျရင် ချင်းပြည်နယ်မှာ ရုံးလာဖွင့်ဖို့ရှိတယ်။ အဲဒီအခါကျရင် ချင်းပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မယ်” ဟု ဦးလျန်ကျုံးနုန် က ဆိုသည်။

ပြည်နယ်အစိုးရ၏ အစီအစဉ်တွင်လည်း လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ် ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် စက်မှုဇုန်များတည်ထောင်မည့် ကိစ္စလည်းပါဝင်သည်။ “ပလက်ဝဆိုရင် ကုလားတန်စီမံကိန်းကြောင့် ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်တဲ့အတွက် စက်မှုဇုန်တည်ဖို့ ရွေးချယ်တာပါ။  လာမယ့်နှစ်ဆိုရင် မဟာဓာတ်အားလိုင်းလည်း ရောက်တော့မယ်။ ဟားခါးကျတော့  အလယ်ပိုင်းဒေသတွေအတွက် အဆင်ပြေ နိုင်မယ့်အတွက် ရွေးချယ်ထားတာပါ” ဟု ၎င်းကရှင်းပြသည်။
ယင်းအပြင် ပလက်ဝမြို့တွင် စက်မှုသင်တန်းကျောင်းကိုလည်း လာမည့်ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ချင်း ပြည်နယ်အတွင်းရှိ SMEs လုပ်ငန်းရှင်များအတွက် ချေးငွေရရှိနိုင်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ သိရသည်။

“ဒီလိုစက်မှုဇုန်တွေ ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စက်မှုကဏ္ဍအတွက် အခွင့်အလမ်းတွေ ဖြစ်လာမယ်။ ဒေသနဲ့ ကိုက်ညီတဲ့ တီထွင်ဖန်တီးမှုအပိုင်းတွေ လုပ်လာနိုင်မယ်” ဟု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောဆိုသည်။ သို့သော် ချင်းပြည်နယ်၏ ကုန်စည်ပို့ဆောင်ရေးတွင် မရှိမဖြစ်အရေးပါသည့် ဟိုင်မွာလ်ဂျစ်ကားကဲ့သို့ လုပ်ငန်းကြီးမျိုးတော့ မပြုလုပ်နိုင်သေးဟု ဆိုသည်။

 

ချင်းပြည်နယ်တွင် စက်မှုဇုန်ဖွင့်လှစ် လိုက်ခြင်းအားဖြင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တိုက်ရိုက်အကျိုးပြုနိုင်မည် ဖြစ်သလို ဒေသတွင်း အလုပ်အကိုင်ရရှိနိုင်မှုကိုလည်း အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။

ဆိုရလျှင်တော့ စက်မှုဇုန်စီမံကိန်း က NLD အစိုးရလက်ထက်မှ စီမံခြင်းတော့မဟုတ်။ ဦးသိန်းစိန်အစိုးရ လက်ထက် ကတည်းကပင် ဟားခါးမြို့တွင် ဧကသုံးဆယ် ကျယ်ဝန်းသည့်မြေပေါ်၌ စက်မှုဇုန်တည်ဆောက်ရန် ကြံရွယ်ခဲ့သည်။ ဟားခါးနှင့်  ဖလမ်းမြို့ကြားနေရာတွင် ပြုလုပ်ရန်  လျာထားခဲ့ပြီး ကွင်းဆင်းတိုင်းတာမှုများပင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ချင်းတောင်သွား ဂျစ်ကားများ ထုတ်လုပ်နိုင်ရန်အဆင့်ထိပင် ရည်ရွယ်ခဲ့သော်လည်း ယင်းစီမံကိန်းကလည်း အစိုးရအကူးအပြောင်းနှင့်အတူ ပါဝင်သွားခဲ့သည်။

လက်ရှိ ချင်းပြည်နယ်အတွင်း အကြီးစားစက်မှုလုပ်ငန်း ခြောက်ခုနှင့်အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ၂၀၀  ကျော်ရှိသည်။ ယခင်က အခြားဒေသများတွင် ရင်းနှီးမြှုပ်နှံသည့်သူများလည်း ချင်းပြည်နယ်အတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။ သို့သော် အခြေအနေအရ လုပ်ငန်းကြီးကြီးမားမား တော့မရှိသေး။

သို့သော်လည်း အသစ်ပြန်လည် ရေးဆွဲထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင်မူ ဖွံ့ဖြိုးမှုအနည်းပါးဆုံးဖြစ်သည့်  ချင်းပြည်နယ်ကဲ့သို့ ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်သက်သာခွင့် မက်လုံးများကို အမြင့်ဆုံးပေးထားပြန်သည်။ ချင်းပြည်နယ်၏ အားသာချက်များ ဖြစ်သည့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရန် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေဆဲဖြစ်ကြောင်း CSCCI ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ကိုယ်တိုင်လည်း လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ရွှေဟိန်းက ဆိုသည်။

လျှပ်စစ်မရှိသည့်နေရာဖြစ်၍ လျှပ်စစ်ထုတ်လုပ်သည့်လုပ်ငန်းများ၊ လမ်းတံတား တည်ဆောက်ခြင်းကဲ့သို့ အခြေခံအဆောက် အဦ တည်ဆောက်သည့်လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံသူများအတွက် မျက်စိကျစရာဖြစ်သည်။ “လုပ်ငန်းအသေးလေးတွေလောက်ကပဲ အရင်စသင့်တယ်။ နောက်ဈေးကွက်မှာဝင်နိုင်မယ့် အရာမျိုးကို ရင်းနှီးမြှုပ်နှံရမယ်။ ၀ဥကို စိုက်ပျိုးရင် တစ်နှစ်ကို  သိန်းငါးဆယ်လောက် ပြန်ရနိုင်ပြီး တောင်ယာအလုပ်ကတော့ ဆယ်သိန်းလောက်ပဲ ပြန်ရနိုင်တာဆိုတော့ ၀ဥကို ရင်းနှီးမြှုပ်နှံဖို့အတွက် ပိုကောင်းတယ်” ဟု ဦးမန်လျန်းက ချင်းပြည်နယ်တွင်းစီးပွား ရေးလုပ်ငန်းအတွက် အကြံပြုပြောဆိုသည်။

ယခုမူ စက်မှုဇုန်စီမံကိန်းများလည်း ပြန်လာပြီ။ လျှပ်စစ်မီးရရှိရေး စီမံကိန်းများလည်းရှိနေသည်။ ချင်းပြည်နယ်ရှိ လုပ်ငန်းရှင်များကို ကူညီနိုင်မည့် CSCCI လည်း  လာချေပြီ။ ပြည်နယ်နှင့်တိုင်း အားလုံးနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုက သုံးဆခန့် နောက်ကျနေသည်ဟု ပြောစမှတ်ရှိသည့် ချင်း ပြည်နယ်အတွက် SMEs ဖွံ့ဖြိုးရေး အိပ်မက်များ ပြည့်လုမည်လော။ “ကျွန်တော်တို့အသင်းက ချင်းပြည်နယ်ကို ကြယ်တစ်လုံးလို အလင်းပေးနိုင်မယ်။ ချင်းပြည်နယ်အတွက်တင်ပဲ မဟုတ်ဘူး။ ချင်းလူမျိုးတွေအတွက်ဖြစ်တယ်” ဟု CSCCI ၏ ဘဏ္ဍာရေးမှူး ဦးပီတာငွန်ဇကျုံးက တင်စားပြောဆိုသည်။ သူက ယင်းသို့ဆိုချိန်တွင်ပင်  ဖိုင်ဇောင်းယာဉ်လိုင်းပိုင်ရှင် ကိုပါဟဲက ဖလမ်းမြို့တွင် နာမည်ကြီးသည့် စပျစ်ဝိုင်ကို စီးပွားဖြစ်ထုတ်လိုသော်လည်း ငွေမရှိ၍ စိတ်ညစ်နေချိန်ဖြစ်သည်။

သို့သော်လည်း သူက အားမလျှော့။  ချေးငွေရရှိလျှင်တော့ လုပ်နိုင်မည်ဟု  ကိုပါဟဲက ဆိုသည်။သန်းခေါင်ထက်ညဥ့်နက်ခဲ့သော  ချင်းပြည်နယ် စီးပွားရေးလုပ်ငန်းများအတွက် အရုဏ်ဦးရောင်ခြည်သန်းလုပြီ လောဆိုသည်က စောင့်ကြည့်ရပေတော့မည်။

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *