တစ်ရက်ထဲပဲအချိန်ရ၊ တစ်ယောက်ထဲပဲ လျှောက်လည်မယ့်သူတွေ သွားလည်ဖို့ခရီးတစ်ခု

မြို့ပြရဲ့ ရှုပ်ထွေးလှတဲ့ဝန်းကျင်ကနေ ခဏတာဖြစ်ဖြစ် ပြေးထွက်ပြီးခရီးသွားချင်သူတွေနဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ခရီးသွား ကုမ္ပဏီတွေက စီစဉ်တဲ့ ခရီးတွေမသွားချင်ဘဲ ကိုယ့်သဘောအတိုင်း သွားချင်ရင်သွား နားချင်ရင်နား၊ ရှုခင်းကြည့်ချင်ရင် ထိုင်ကြည့် အေးအေးဆေးဆေးလေး တကယ်ကို အပန်းဖြေချင်သူတွေအတွက် ကိုယ်တိုင်စီစဉ် သွားရောက်နိုင်မယ့် ခရီးလမ်းကြောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ အတူသွားမယ့် သူငယ်ချင်းတွေစုစည်းမရလို့ တစ်ယောက်ထဲခရီးသွားဖို့ ဆုံးဖြတ်လိုက်သူတွေအတွက်လည်း ဒီခရီးလမ်းကြောင်းက တိတ်ဆိတ်အေးချမ်းတဲ့ သဘာဝရှုခင်းကိုခံစားရင်း တကယ်ကို စိတ်အေးချမ်း စေမှာပါ။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်

ကိုယ့်ရဲ့အလုပ်က စနေ၊ တနင်္ဂနွေ နှစ်ရက်မပိတ်ဘဲ တစ်ရက်ပဲ ပိတ်တယ်ဆိုရင်တော့ ပြင်ဦးလွင်ခရီးကို ရွေးနိုင်ပါတယ်။ ရန်ကုန် ကနေ ၃၅၆ မိုင်ကွာဝေးတဲ့ ပြင်ဦးလွင်ကို တစ်ကိုယ်ထဲခရီးသွားဖို့ စိတ်ကူးတယ်ဆိုရင်တော့ ညဘက် ၇ နာရီအချိန်၊ ၈ နာရီ အချိန်ထွက်တဲ့ ကားတွေနဲ့ သွားနိုင်မှာပါ။ ကားခတွေက ကျပ် ၁၀ç၀၀၀ ဝန်းကျင်ကနေ ၂၀ç၀၀၀ ဝန်းကျင်အထိရှိလို့ ကိုယ့်ရဲ့ ဘတ်ဂျက်အခြေအနေကို လိုက်လို့ ကားရွေးချယ်စီးနိုင်ပါတယ်။

ည ၈ နာရီထွက်တဲ့ကားကို ရွေးချယ်ခဲ့တယ်ဆိုရင် မနက် ၆ နာရီ ဝန်းကျင်လောက် ပြင်ဦးလွင်ကိုရောက်မှာပါ။ တစ်ရက်ပဲ အချိန်ရခဲ့တယ်ဆိုရင်တော့ အပြန်လက်မှတ်ပါ ကားဂိတ်မှာ တစ်ပါတည်းဖြတ်ထားခဲ့ဖို့ မှာချင်ပါတယ်။ ပြင်ဦးလွင်ကို ရောက်ပြီ ဆိုတာနဲ့ ပြင်ပရှုခင်းတွေလည်း ကြည့်ချင် တစ်ယောက်ထဲလည်တာမျိုး၊ ခရီးသွားဖော်များများ စားစားမပါဘူးဆိုရင်တော့ ဆိုင်ကယ်နဲ့ လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။

ပြင်ဦးလွင်ကားဝင်းမှာ ဆိုင်ကယ်ကယ်ရီတွေရှိပြီး အလှည့်ကျစနစ်နဲ့ ကယ်ရီဆွဲပေးနေတာပါ။ ပြင်ဦးလွင်မြို့တွင်း လည်ပတ်စရာ တွေဖြစ်တဲ့ ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြောင်၊ ပွဲကောက်ရေတံခွန်၊ ဘုံကျောင်း၊ ကန်တော်ကြီးတွေကို လိုက်ပို့ပေးမှာဖြစ်ပြီး ကယ်ရီခက တစ်သောင်းခွဲကျသင့်မှာပါ။

ဆိုင်ကယ်နဲ့လည်ပတ်ရမှာမို့ ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းလှတဲ့ မြို့ ရှုခင်းကို သေချာမြင်တွေ့ခံစားနိုင်မှာဖြစ်ပြီး ပြည်ချစ်ဘုရားကို အရင်ပို့လေ့ရှိတတ်ကြပါတယ်။ ပြည်ချစ်ဘုရားက အမြင့်ပိုင်းမှာတည်ရှိတာမို့ အေးချမ်းလှတဲ့မြို့ရှုခင်းကို ကြည့်ရှုနိုင်သလို ဓာတ်ပုံ ရိုက်ဖို့လည်း ရှုခင်း တွေက လှတာတွေ့ရပါတယ်။

အဲဒီကနေ ပိတ်ချင်းမြောင်ကို ဆက်သွားလို့ ရောက်ခဲ့ပြီဆိုရင်တော့ ပိတ်ချင်းမြောင်ဂူထဲမဝင်ခင် ညဘက်ခြမ်းမှာရှိတဲ့ ငါးမိနစ် လောက် လျှောက်ရုံနဲ့ရောက်တဲ့ သုံးဆင့်ရေတံခွန်ဆိုတာကိုလည်း သွားကြည့်စေချင်ပါတယ်။ ရေတံခွန်အကြီးစားကြီး မဟုတ်ပေမယ့် အရိုင်းဆန်ဆန်နဲ့ လှတဲ့ပုံစံမျိုးမို့ ရေကျသံကို နားထောင်ရင်း ရေတံခွန်ထဲ ခြေထောက်ရေစိမ်လို့ အေးဆေးထိုင် ကြည့်မယ်ဆိုရင်လည်း စိတ်ကိုအေးချမ်းစေမှာပါ။ သုံးဆင့်ရေတံခွန်မှာ ရေကစားချင်တယ်ဆိုရင်တော့ အဝတ်ပိုတွေ ယူသွား နိုင်ပြီး ရေနစ်သေဆုံးခဲ့သူတွေ စာရင်းကိုလည်း ဆိုင်းဘုတ်တပ်ပြီး သတိပေးထားတာမို့ ရေကူးတတ်မှသာ ရေထဲဆင်းဖို့ အကြံပြု ချင်ပါတယ်။ ရေတံခွန်အဆင်းနားမှာ အပေါ်ကိုတက်တဲ့ လူတစ်ယောက်သွားရုံ မြေသွားလမ်းလေးတစ်လမ်းရှိပြီး ရေတံခွန်ကို အနီးကပ်မြင်ရမယ့်လမ်းလို့ ထင်မြင်စရာရှိပေမယ့် တကယ်တက်သွားလို့ အပေါ်ရောက်သွားတဲ့အခါ ရေတံခွန်နဲ့မနီးသလို မြင်ကွင်းကလည်း သိပ်မလှတာမို့ မတက်စေချင်ပါ ဘူး။ (တက်ရခက်သလို မြေသားလမ်းမို့ မိုးတွေရွာထားတယ်ဆိုရင် ချော်လဲတာမျိုးကြုံနိုင်ပြီး လူလည်း အသွားအလာနည်းလို့ မတက်တာ ပိုကောင်းပါတယ်။)

ပိတ်ချင်းမြောင်ဂူကတော့ သဘာဝဂူကို လေ့လာချင်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းပြီး ဂူထဲမှာ နေရာလွတ်နဲ့ ထောင့်တိုင်းမှာ တည်ထားတဲ့ဘုရားစေတီတွေကိုလည်း ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။ ဘုရားစေတီတွေကများပြားလို့ အဆူတိုင်း လိုက်ဖူးဖို့တော့ သိပ်မလွယ်ကူပါဘူး။ ရေတံခွန်နဲ့ ဆက်စပ်နေတာမို့ နေရာအချို့မှာ သဘာဝကျောက်ဆက်နေရာတွေက ရေကျနေလို့ သွားလမ်းတစ်လျှောက်ရေတွေစိုနေတာမို့ ဂူထဲလေ့လာတဲ့အခါ မှာ ခြေမချော်အောင် သတိထားဖို့ ပြောချင်ပါတယ်။ ရန်ကုန်မှာ အလွယ်မရတဲ့အစားအစာတွေ စားချင်တယ်ဆိုရင်တော့ ပိတ်ချင်းမြောင်ဂူအနီးမှာ ဖွင့်လှစ်ထားတဲ့ စားသောက် ဆိုင်အချို့မှာ ယုန်သား၊ ဂျီသားနဲ့ ဆတ်သားတွေရပြီး တစ်ပွဲကို ကျပ် ၃၅၀၀ ဝန်းကျင်လောက်ပေးရမှာပါ။ ဒေသခံတွေ အဆိုအရတော့ ယုန်သားနဲ့ ဂျီသားက စစ်တယ်လို့ဆိုပါတယ်။

ပိတ်ချင်းမြောင်ဂူနားက စားသောက်ဆိုင်တွေမှာ မစားချင်ဘူးဆိုရင်တော့ ပိတ်ချင်းမြောင်အပြန်လမ်းမှာ ပြင်ဦးလွင်မြို့ရဲ့ စိမ်းလန်းနေတဲ့ မြို့ရှုခင်းတွေကို လှမ်းကြည့်နိုင်မယ့် ကုန်းမြင့်သာဆိုတဲ့ စားသောက်ဆိုင်ရှိပြီး တစ်ခါပြင်ကို ၁၅၀၀ ကျပ် ကျသင့်မှာပါ။ အရန်ဟင်းတွေ အတော် စုံစုံပါတဲ့အပြင် လက်ရာလည်း စားရအဆင်ပြေပါတယ်။

ကယ်ရီက လိုက်ပို့ပေးမယ့်နေရာက ငါးနေရာဆိုပေမယ့် ကိုယ်သွားလိုတဲ့နေရာတွေကို လိုတိုးပိုလျှော့သွားရင်းနဲ့ ညှိနှိုင်းနိုင်ပြီး ပြင်ဦးလွင်မှာ နာမည်ကြီးဆိုင်ဖြစ်တဲ့ ဒီဇင်ဘာစားဥယျာဉ်ကိုလည်း ဝင်ကြည့်ဖို့ လမ်းညွှန်ပေးချင်တယ်။ အဲဒီစားဥယျာဉ်မှာ အဆာပြေစာရော၊ အဝစားနိုင်မယ့် အစားအစာတွေရော အစုံအလင်ရပြီး ပြင်ဦးလွင်အပြန်လက်ဆောင်ဖြစ်တဲ့ ဝိုင်တွေလည်း ဝယ်နိုင်မှာပါ။ ကျယ်ဝန်းတဲ့ ဒီဇင်ဘာခြံထဲ စိုက်ပျိုးထားတဲ့ ပန်းမျိုးစုံနဲ့ တိရစ္ဆာန်လေးတွေမွေးထားတဲ့ ဥယျာဉ်ငယ်လေးလည်း အဲဒီခြံထဲမှာပဲရှိပါတယ်။ ခြံစိုက်နေတဲ့လူတွေကိုလည်း တွေ့နိုင်ပြီး ဓာတ်ပုံရိုက်လို့ လှတဲ့ရှုခင်းတွေ ရှိပါတယ်

ခုမှ ပြင်ဦးလွင်ကိုရောက်ဖူးပြီး စလည်မယ့်သူတွေဆိုရင်တော့ ပွဲကောက် ရေတံခွန်ကို သိပ်အများကြီး မမျှော်လင့်စေချင်ပါဘူး။ အစဉ်အဆက် လာခဲ့တဲ့ လူများတာမို့ ဒေသခံတွေကိုယ်တိုင်က မလှတော့ဘူးလို့ ဆိုနေကြပါပြီ။ ဘုံကျောင်းကတော့ ရန်ကုန်မှာ ရှိတဲ့ ဘုံကျောင်းတွေရဲ့ပုံစံမျိုးနဲ့ သိပ်မကွာ လှပေမယ် အဝန်းအဝိုင်း ကျယ်ပြီး အပေါ်ကိုတက်ကြည့်နိုင်မယ့် မျှော်စင်လို တစ်ခု ရှိပါတယ်။ လတ်ဆတ်တဲ့ သဘာဝလေကို ရှူရှိုက်ချင်တယ် ဆိုရင်တော့ အဲဒီမျှော်စင်ကိုတက်နိုင်ပြီး သိပ်မမြင့်လှတာမို့ တက်ရအဆင်ပြေ ပါတယ်။ ဘုံကျောင်းထဲ ဟိုဒီလျှောက်ကြည့်ပြီး ဓာတ်ပုံရိုက်သူတွေ များပါတယ်။

ပြင်ဦးလွင်မှာ အချိန်ပေးပြီး လည်ပတ်ဖို့ ညွှန်ပေးချင်တာကတော့ ကန်တော်ကြီး ဥယျာဉ်ဖြစ်ပြီး ဥယျာဉ်ထဲကို ကားလေးတွေ ငှားပြီး လည်ပတ်ရင်တော့ ကန်တော်ကြီးအနှံ့ ပိုစုံနိုင်ပေမယ့် ပန်းပင်ပျိုးပင်တွေကြား အေးဆေးလမ်းလျှောက်လည်ရတာ ကလည်း စိတ်ချမ်းသာဖို့ တစ်မျိုးကောင်းလှတာမို့ အပင်ပန်းခံနိုင်တယ်ဆိုရင် လမ်းလျှောက်ပြီးသာ သွားကြည့်စေချင်ပါတယ်။

မကြောက်တတ်ဘူးဆိုရင် ရေကူးနေတဲ့ ငန်းနက်လေးတွေအနား ထိကပ်ပြီး ဓာတ်ပုံ ရိုက်နိုင်သလို သစ်ခွဥယျာဉ်ထဲလည်းဝင်လေ့လာနိုင်မှာပါ။ တကယ်လို့ အမြင့်တက်ရ မကြောက်တတ်သူ၊ အမောလည်းအတန်အသင့်ခံနိုင်သူဆိုရင်တော့ ကန်တော်ကြီး ထဲက မျှော်စင်ကို တက်ကြည့်ပါလို့ ပြောချင်ပါသေးတယ်။ မျှော်စင်က အတော်မြင့် လို့ အောက်ကနေ မျှော်ကြည့်ရုံ နဲ့ လက်လျှော့သွားသူတွေလည်း ရှိပါတယ်။ မျှော်စင်တက်ခ ၂၀၀ ပေးရမှာဖြစ်ပြီး အပေါ်ရောက်ရင် တက်ခဲ့ရတာနဲ့ တန်အောင် အမောပြေလေအေးနဲ့ သဘာဝရှုခင်းက စောင့်ကြိုနေမှာပါ။ ကိုယ်သွားချိန်က လူလည်းရှင်းတယ် စိတ်လည်း ပါတယ်ဆိုရင် အာခေါင်ခြစ်ပြီး ပြောချင်ရာကို အော်ပြောခဲ့လိုက်ပါ။

ကန်တော်ကြီးထဲရောက်ရင် လတ်တလော နာမည်ကြီးနေတဲ့ Bamboo ဆိုတဲ့ဆိုင်က ကန်တော်ကြီးဝင်ပေါက်နဲ့ သိပ်မဝေးလှတဲ့ နေရာမှာ ဖွင့်ထားပြီး ဆိုင်အတွင်းပိုင်းပြင်ဆင်မှုက သပ်ရပ်သလို အပြင်ဘက်ရှုခင်းကလည်း စိမ်းစိုနေလို့ ထိုင်လို့ကောင်းပါတယ်။ သို့ပေမဲ့ လာတဲ့လူများလို့ နေရာအခက်အခဲရှိသလို လူများရင် များသလို ကိုယ်မှာတဲ့ အစားအစာက ကြာတတ်ပါတယ်။ ဝန်ထမ်းတွေကို သေချာလေ့ကျင့်ပေးထားသလို အစားအစာတွေရဲ့ အရသာကလည်းကောင်းလို့ အချိန်ပေးနိုင်တယ် စိတ်ရှည်တယ်ဆိုရင်တော့ အဲဒီဆိုင်လေးကလည်း သွားချင်စရာပါ။

ငါးနေရာပြည့်သွားရင်တော့ တစ်နေ့တာဆိုင်ကယ်ကယ်ရီက ပို့ပေးမယ့်အစီအစဉ်ပြည့်သွားပြီဖြစ်ပြီး ကိုယ်သွားနေတဲ့ အချိန် အတွင်း အချိန်ယူချင်သလောက်ယူ စောင့်ပေးပါတယ်။ ငါးနေရာပြည့်သွားလို့ အချိန်ရသေးတယ်ဆိုရင်တော့ ဆိုင်ကယ် ကယ်ရီနဲ့ညှိပြီး အနီးစခန်းကနေ မိနစ် ၂၀ ကျော်လောက် အချိန်ယူသွားရတဲ့ The View Resort ကိုသွားပြီး The View ကနေ ဓာတ်တော်ချိုင့်ရေတံခွန်ကို အပေါ်စီးက အေးအေးဆေးဆေးထိုင်ကြည့်နိုင်ပါတယ်။

ကိုယ်အချိန်ရတာ တစ်နေ့တာပဲဆိုရင်တော့ ပြင်ဦးလွင်ကို ဒီလောက်လည်ပတ်ရရင်ကို စိတ်အပန်းပြေနိုင်မှာဖြစ်ပြီး ညဘက် ပြင်ဦးလွင်- ရန်ကုန်ကားနဲ့ ပြန်ခဲ့ရုံပါပဲ။ ပြင်ဦးလွင်ကနေ မန္တလေးကို ဆင်းချင်တယ်ဆိုရင်တော့ ကားကွင်းကနေ Taxi လို ကားမျိုးနဲ့ဆို ၅၀၀၀ ကျပ်လောက် ပေးရမှာဖြစ်ပြီး ဟိုင်းလတ်အသေးကားတွေနဲ့ဆို ၁၅၀၀ ကျပ်ပေးရမှာပါ။ မန္တလေးအထိ သွားတဲ့ကားတွေက ညနေ ၆ နာရီလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်သွားလည်မယ်ဆို ခုချိန်က မိုးတွင်းကာလမို့ ရန်ကုန် ကနေ မိုးကာအင်္ကျီအရှည်နဲ့ ထီးတွေမမေ့မလျော့ယူသွားဖို့ တိုက်တွန်းချင်ပါတယ်။

လည်ပတ်ဖို့အတွက် ပြင်ဦးလွင်ရောက်မှ သီရိမေတ္တာ- သီရိ ပဒေသာကားကွင်းက အလှည့်ကျ ဆိုင်ကယ်ကယ်ရီကို ငှားနိုင်သလို ရန်ကုန်ကနေ ကြိုပြီးချိတ်သွားချင်တယ်ဆိုရင်တော့ ဦးပေါက်စ ဖုန်း- ၀၉ ၄၀၂၅၆၀၂၄၈ ကို ဆက်သွယ်နိုင်မှာပါ။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *