NGO၊INGO များ ပြည်တွင်းထုတ်ကုန်သုံးရန်အပါအဝင် လုပ်ငန်းရှင်များအခက်အခဲ ဒုတိယသမ္မထံတင်ပြ

ရန်ကုန်၊ ဇူလိုင် ၂၀
အစိုးရမဟုတ်သောအဖွဲ့အစည်များဖြစ်သည့် NGO နှင့် INGO များသည် ပြည်တွင်း၌ အခွန်မဆောင်ရဘဲ အထောက်အပံ့ဖြင့် လည်ပတ်သောလုပ်ငန်းများဖြစ်သောကြောင့် ပြည်တွင်းထုတ်ကုန်များကို သုံးစွဲကြရန် ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောကြားသည်။
ဇူလိုင်လ ၂၀ ရက်တွင် UMFCCI ၌ ပြုလုပ်သော ဒုတိယသမ္မတ(၁)နှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငါး၊ ပုစွန် ကန်များအတွင်း ခိုးမှု၊ လုယက်မှုနှင့် အဓမ္မကျူးကျော်မှုများကို ဥပဒေအရဆောင်ရွက်ပေးရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်က ဆိုသည်။
မြန်မာနိုင်ငံဟင်းသီးဟင်းရွက်နှင့် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ကလည်း ယခုတည်ဆောက်လျက်ရှိသည့် တညင်းကုန်းဈေးနည်းတူ လက်ကားဈေးများကို ရန်ကုန်မြို့ခရိုင်အလိုက်တွင် ဖော်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
လက်ရှိတည်ဆောက်လျက်ရှိသော ဒညင်းကုန်းဈေးသည် နိုင်ငံတကာအဆင့်မီအကျယ်အဝန်းရှိသောကြောင့် ခရိုင်အလိုက်ဈေးများထပ်မံတည်ဆောက်ရန် မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံသကြားနှင့်ကြံလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက Re-Export သကြားကို ခွင့်မပြုရန်နှင့် ပြည်တွင်း၌ သကြားစက်ရုံဆောက်သည့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ဒုတိယသမ္မတထံ တင်ပြခဲ့သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကမူ Re-Export လုပ်ခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပြောကြားသည်။
NLD ဦးဆောင်သော အစိုးရလက်ထက်တွင် ဒုတိယသမ္မတနှင့် ပြည်တွင်းလုပ်ငန်းရှင်းများ လစဉ်တွေ့ဆုံမှုကို ပြုလုပ်ခဲ့ရာ (၈) ကြိမ်မြောက်ရှိပြီဖြစ်သည်။