REGIONAL ROUNDUP

တနင်္သာရီ

၁၅ ရက်အတွင်း ရွှေ့ပြောင်းလုပ်သား ၆၀၀၀ ကျော် ပြန်ဝင်

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ၁၅ ရက်တာကာလအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ခြောက်ထောင်ကျော် ထိုင်းနိုင်ငံမှ မြန်မာပြည်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အထိ တိုင်းအတွင်းရှိ နယ်စပ်ဝင်ပေါက်သုံးခုမှ အထောက်အထားရှိ (BP ၊ TBP ၊ PP အစရှိသည့်) မြန်မာနိုင်ငံသား ၁၄ç၁၃၉ ဦးနှင့် အထောက်အထားမရှိသည့် နိုင်ငံသား ၆၅၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ ထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများကို ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၈ ရက်အထိ တရားဝင်လက်မှတ်များထုတ်ပေးမည်ဟု ထိုင်းဘက်က ထုတ်ပြန်ထားကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ Dawei Watch

 

မွန်

နေအိမ်တွင် အသတ်ခံရ

မော်လမြိုင်မြို့နယ် ကျွဲခြံကုန်းကျေးရွာရှိ နေအိမ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သမီးဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူမှာ ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။ ရွှေထည်အချို့လည်း ပျောက်ဆုံးနေသည်။

မိခင်ဖြစ်သူ ဒေါ်ဇော်မီလာတွင် ဝဲနထင်၊ ဝဲချိုစောင်း၊ ဦးခေါင်းထိပ်၊ ဦးခေါင်းနောက်စေ့တို့တွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး သမီးဖြစ်သူ မဇင်မာစိုး(ခေါ်)ဆာဟာဒါတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်။

ဒေါ်ဇော်မီလာ သတိမရသေးဖြင့် ဖြစ်စဉ်ကို မေးမြန်း၍ မရသေးကြောင်း မြိုင်သာယာနယ်မြေရဲစခန်းထံမှ သိရသည်။

 

ပဲခူး

အထီးကျန် ရထားတွဲ

ရန်ကုန်-မန္တလေး အမှတ် (၇) အဆန်ရထားတွဲမှ နောက်ဆုံးလူစီးရထားတွဲသည် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့အထွက် ကောက်ကွေ့ကျေးရွာ အနီးတွင် ဇူလိုင်လ ၁၆ ရက်က ပြုတ်ကျန်ခဲ့သည်။

အဆိုပါရထားတွဲကို ပြန်ဆက်၍မရသောကြောင့် ထားရစ်ခဲ့ရပြီး ခရီးသည် ၁၀၀ ကျော်မှာ လမ်းခုလတ်တွင် သောင်တင်နေခဲ့ သည်။

အသေးစိတ်ကိုမူ မြန်မာ့မီးရထားတာဝန်ရှိသူများက စုံစမ်းဆဲဖြစ်သည်။

 

ရခိုင်

ဂေဇက်ကို နှုတ်ဆက်ခြင်း

ရခိုင်ပြည်နယ်အစိုးရပိုင်သတင်းဌာနဖြစ်သည့် ရခိုင်ဂေဇက်မှ သတင်းအဖွဲ့ နုတ်ထွက်စာတင်လိုက်ပြီ ဖြစ်သည်။

သတင်းများကိုတည်းဖြတ်ရန် NLD ပါတီဝင်နှစ်ဦးကို တာဝန်ပေးအပ်ခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကလည်း သတင်း အဖွဲ့ကို အလုပ်ထုတ်မည်ဟု မကြာခဏ ခြိမ်းခြောက်ကြောင်း အဆိုပါသတင်းအဖွဲ့မှ သိရသည်။

ယင်းအပြင် အချက်အလက်မခိုင်မာဘဲ သတင်းရေးခိုင်းကြောင်း သတင်းအဖွဲ့က နုတ်ထွက်မည့်အကြောင်း ဝန်ကြီးချုပ်ထံသို့ တင်ပြသည့်စာတွင် ဖော်ပြသည်။ နုတ်ထွက်မည့်သူများမှာ မီဒီယာတာဝန်ခံ၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာ၊ သတင်းထောက် ချုပ်၊ သတင်းထောက်နှစ်ဦးနှင့် Layout ဒီဇိုင်းနာတစ်ဦးတို့ဖြစ်သည်။

 

ရှမ်း

ရောနှောဆီ ခွင့်မပြု

ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည့် ဟိုပုံး၊ ဟဲဟိုးနှင့် တောင်နီဈေးကွက်များအတွင်း ဖြန့်ဖြူးရောင်းချနေသော ရောနှောဆီများကို စားသုံးသူရေးရာဦးစီး ဌာနက လိုက်လံသိမ်းဆည်းပြီး ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်ကို ခေါ်ယူသတိပေး လိုက်သည်။

အဆိုပါရောနှောဆီများကို တောင်ကြီးမြို့ရှိ မြေပဲဆီလုပ်ငန်းတစ်ခုက ထုတ်လုပ်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနက ဝင်ရောက် စစ်ဆေးစဉ် မြေပဲဆီ၊ ဝါဆီနှင့် စားအုန်းဆီများကို ရောနှောထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဆီများကို ရောနှောပြီး မြေပဲဆီနံ့ပါသော ဓာတုပစ္စည်းဖြင့် မြေပဲဆီပြုလုပ်နေခြင်းဖြစ်သည်။ ရောနှောဆီထုတ်လုပ်ဖြန့်ဖြူးသည့် ရှမ်းလေးမြေပဲဆီလုပ်ငန်းကို ပစ္စည်း များသိမ်းဆည်းပြီး ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ သတိပေးထားသည်။

 

မကွေး

စာသင်ကျောင်း ၁၀၀ ကျော် ယာယီပိတ်

ဧရာဝတီမြစ်ရေ မြင့်တက်နေသဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုနှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဧရာ ၀တီမြစ်ရိုး တစ်လျှောက်မှ စာသင်ကျောင်း ၁၀၀ ကျော်ကို ယာယီပိတ်ထားလိုက်ရသည်။ မြစ်ရေတက်သဖြင့် ဧရာဝတီမြစ်နှင့် မုန်းချောင်း ဆုံရာဒေသတစ်ဝိုက်မှာ ရေနစ်မြုပ်မှုဒဏ်အခံရဆုံးဖြစ်သည်။

ခေတ္တပိတ်လိုက်ရသည့် စာသင်ကျောင်းပေါင်းမှာ ၁၂၉ ကျောင်းအထိရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၀၀၀ ကျော်မှာ မြစ်ရေကြောင့် ပုံမှန်စာသင်ချိန်များကို ဆုံးရှုံးနေရသည်။ အစားထိုးသင်ကြားရန် တိုင်းဒေသကြီးပညာရေးမှူးရုံးက စီစဉ်လျက် ရှိသည်။

မြစ်ရေကြီးခြင်းက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ရေနစ်မြုပ်ခံရသည့် ကျေးရွာများမှ ကျွဲနွားတိရစ္ဆာန်၊ ပစ္စည်းများကို နယ်မြေခံတပ်မတော် သား၊ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်အားဖြင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းသယ်ယူခဲ့ကြသည်။

 

ဧရာဝတီ

ရေမျောဆင်

ပုသိမ်မြစ်အတွင်း ဇူလိုင်လ ၁၆ ရက်က ဆင်သေတစ်ကောင် ရေမျောလာကြောင်း ပုသိမ်မြို့တစ်ဖက်ကမ်း၊ အမှတ် (၉)ရပ်ကွက် စိန်ကုန်းကူးတို့ဆိပ်ဒေသခံများက ဆိုသည်။

ဒေသခံများက ရဲစခန်းသို့ သတင်းပေးပို့ခဲ့သော်လည်း ဆင်သေမှာ မြစ်ကြောင်းမှတစ်ဆင့် ပင်လယ်တွင်းသို့ ဆက်လက်မျောပါ သွားသည်။

အဆိုပါဆင်မှာ တောဆင်ရိုင်းဖြစ်နိုင်ပြီး တောင်ကျချောင်းရေမှ တစ်ဆင့်မြစ်အတွင်းသို့ မျောလာခြင်းဖြစ်နိုင်ကြောင်း သစ်တော ဦးစီးဌာနဝန်ထမ်းဟောင်းတစ်ဦးက ဆိုသည်။

 

မန္တလေး

မဘသကို ဓားစာခံမလုပ်ပါနဲ့ဆိုတဲ့ ဦးဝီရသူ

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖြိုခွဲမှုကြောင့် တိုင်းပြည်ဆူပူကာ စစ်တပ်မှ အာဏာပြန်သိမ်းလျှင် မဘသကြောင့်ဟု လက်ညှိုးထိုးကာ ဓားစာခံမလုပ်ပါနှင့်ဟု ဆရာတော်ဦးဝီရသူက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုလိုက်သည်။

အစိုးရက မဘသဆိုင်းဘုတ်များဖြုတ်ချရန် ပြောဆိုထားသည့် ဇူလိုင်လ ၁၅ ရက်နေ့အပြီး နောက်တစ်နေ့ ဇူလိုင် လ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က Wira Thu Facebook အကောင့်မှတစ်ဆင့် ပြောဆိုခဲ့ခြင်းဖြစ်ကာ သည်းခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ မဘသမလိုအပ်ဟု ပြောဆိုမှုနှင့် ၎င်း၏တရားပွဲများ ပိတ်ပင်ခံရစဉ်က သည်းခံခဲ့သော်လည်း ယခုကဲ့ သို့ မဘသအဖွဲ့ကိုဖြိုခွင်းရုံမက ဆိုင်းဘုတ်ပင်ထောင်ခွင့်မပေးခြင်းသည် မဘသအဖွဲ့ကို စော်ကားခြင်းဖြစ်ပြီး ဟန်ပြအဖြစ်ပင် ဖြုတ်နိုင်မည်မဟုတ် ဟု ၎င်းကပြောသည်။ လက်ရှိ ကရင်နှင့် မန္တလေးမြို့တို့ရှိ မဘသဆိုင်းဘုတ်များကို ဖြုတ်ချသေးခြင်းမရှိဘဲ သံဃာနှင့် လူပုဂ္ဂိုလ်အချို့က စောင့်ကြပ်မှုများ ပြုလုပ်နေကြသည်။

 

ကချင်

အမှုဖွင့်ထားသည့် ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးမျှမမိ

ဖားကန့်ရှိ ငွေဆင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုန်းရင်း ဆန်ခတ်ဖြစ်စဉ်နှင့် ရေမဆေးကျောက် ရှာဖွေသူ ၁၂၀၀ ခန့်ကို အမှုဖွင့်ထားသည်။ သို့သော်တစ်ဦးတလေမျှ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ဖမ်းဆီးရမည့် ရေမဆေးသမားလွန်စွာများပြားသလို ကုမ္ပဏီလုပ်ကွက်အတွင်း လုံခြုံရေးကင်မရာ တပ်ဆင်ထားခြင်းမရှိ၍ တစ်ဦးတလေမျှ မဖမ်းနိုင်သေးကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

ရေမဆေးသမား ၁၂၀၀ ခန့်သည် ကုမ္ပဏီလုပ်ကွက်အတွင်း အဓမ္မဝင်ရောက်လာပြီး ရဲတပ်ဖွဲ့ဝင်ထံမှ သေနတ်လုယူရန် ပြင်ဆင် ခဲ့သလို ကုမ္ပဏီပိုင်မြေတူးစက်၊ ကျောက် ဖောက်စက်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

 

ဧရာဝတီ

ဆိုက်ကားဆရာကြီးများအသင်း

ပုသိမ်တွင် ဆိုက်ကားဆရာကြီးများအသင်းကို ဇူလိုင်လ ၁၆ ရက်က ဖွဲ့စည်းလိုက်သည်။

အသင်းဖွဲ့စည်းရခြင်းမှာ ဆိုက်ကားနင်းသူများနှင့် ဒေသခံများ၏အခက်အခဲကို ကူညီဖြေရှင်းရန်နှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။

လူမှုစီးပွားနိမ့်ကျလျက်ရှိသော ဆိုက်ကားနင်းသူများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် တစ်တပ် တစ်အားပါဝင်ခဲ့ကြသူများဖြစ်ပြီး ရွေးကောက်ပွဲအပြီး၌ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပင် ဂုဏ်ပြုခဲ့သေးသည်။

 

ပဲခူး

တရားပွဲ အော်ဆဲ

တရားပွဲတွင် သီလပေးမည့်ဆရာတော်ကို ဒေသခံ ၁၄ ဦးက အော်ဆဲမှု ဇူလိုင်လ ၁၄ ရက်တွင် ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ မဲဖလံကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ကျောင်းထိုင်ဆရာတော်က ခန်းနေဆရာတော်နှစ်ပါးအနက် တစ်ပါးဖြစ်သူ ဦးပညာသီရိကို သီလပေးရန် တာဝန်ပေးလိုက်ပြီးနောက် ဦးပညာသီရိကိုဆဲဆိုခဲ့ကြသည်။ ဆဲဆိုသူများမှာ ကျန်ရှိသည့်ဆရာတော်ကို ကိုးကွယ်သူများဖြစ်သည်။

အော်ဆဲသူများတွင် အမျိုးသမီးများလည်းပါဝင်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်။

 

ရခိုင်

ကျောင်းမလာဘဲ လစာထုတ်စား

ရခိုင်ပြည်နယ်တွင် နှစ်ဆယ်ချီကျောင်းမတက်ဘဲ လစာထုတ်ယူနေသည့် ဆရာ၊ ဆရာမများရှိကြောင်း ပြည်နယ်ပညာရေးမှူးက ပြောဆိုလိုက်သည်။

တက္ကသိုလ် တက်ရောက်နေဆဲဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို လစာထက်ဝက်ခန့်ပေးကာ ကိုယ်စားစာသင်ပြရန် ခိုင်းထားကြကြောင်း ၎င်းကဆိုသည်။ ဆရာ၊ ဆရာမများသည် ရသည့်လစာနှင့် စားဝတ်နေရေး မဖူလုံသဖြင့် ယင်းသို့ ဖြစ်ရခြင်းဖြစ်ပြီး ထိထိရောက်ရောက်အရေးယူမှုလည်း မရှိခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“တချို့ဆိုရင် မြို့နယ်ပညာရေးမှူးကို လာဘ်ပေးပြီး စာမပြဘဲ လစာထုတ်စားနေတာဟာ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ပေါင်း ၂၀ ကျော် ရှင်သန်နေခဲ့တာ တွေ့ရတယ်” ဟု ပြည်နယ်ပညာရေးမှူးက ဆိုသည်။

 

ပဲခူး
ရေဘေးသင့်အိမ်ခြေ ၁၀၀ နှင့် ကျောင်း ၁၀

ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဇူလိုင် ၁၆ ရက်မှစ၍ မိုးကြီးမှုကြောင့် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်ခဲ့ပြီး စာသင်ကျောင်း ၁၀ ကျောင်းကို ပိတ်ထားရလျက် ရှိသည်။

ရေဘေးသင့်ဒေသခံများမှာ ဘုန်းကြီးကျောင်းများတွင် ခိုကိုးနေရပြီး အစားအသောက်၊ ဆေးဝါးနှင့် အိမ်သာတို့ လိုအပ်လျက် ရှိသည်။

ကျောင်းများပိတ်ထားရသော်လည်း ဆရာမများမှာမူ တာဝန်ရှိ၍ ကျောင်းသို့ လာနေရဆဲဖြစ်သည်။

 

ရခိုင်
မိုင်းပေါက်ကွဲ၍ သုံးဦးသေ

မောင်တောမြို့နယ်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲသဖြင့် လူသုံးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပြောင်ပိုက်နှင့် ငါးစားကြူးကျေးရွာအကြားတွင် ပေါက်ကွဲခဲ့သည့် ယင်းမိုင်းမှာ အစွန်းရောက်အကြမ်းဖက်သမား များ၏ လက်ချက်ဟုယူဆကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၁၅ ရက်နေ့ နံနက်က အမျိုးသားလေးဦးသည် လယ်စိုက်ပျိုးပြီး ထမင်းစားနားချိန်၌ လယ်အနီးရှိ တောင်ကုန်းပေါ်သို့ တက်စဉ် မိုင်းပေါက်ကွဲခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *