မအူပင်တွင် အသက် ခုနစ်နှစ်အရွယ် ကျောင်းသူ အသတ်ခံရ

 

မအူပင်၊ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျွဲဒုန်းနယ်မြေ ရဲစခန်းအပိုင် ဘီးလင်းကျေးရွာတွင် အသက် ခုနစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦး ဇူလိုင်လ ၂၀ရက်နေ့က အသတ်ခံရကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါကျောင်းသူသည် ယနေ့ နံနက်က ကျောင်းပြင်သို့ မုန့်ဝယ်ရန် ထွက်သွားခဲ့ပြီး ကျောင်းနှင့် ပေ ၄၀၀ ကျော် ဝေးသော လူမနေသည့် ခြံ၏ အနောက်ဘက် လယ်ကွင်းစပ်တွင် မှောက်လျှက် သေဆုံးနေကြောင်း၊ လည်ပင်းညိုမဲ ပွန်းပဲ့ ဒါဏ်ရာ ရရှိပြီး ပြင်ပဒါဏ်ရာ မတွေ့ရှိကြောင်း၊ ရွံ့နွံအတွင်း ခေါင်းနစ်မြုပ်ခံရ၍ အသက်ရှူကြပ်ကာ သေဆုံးဟန်ရှိကြောင်း အဆိုပါရုံးမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။

‘ဖခင် ဖြစ်သူက ကလေးကို နားကွင်းတစ်ရံ ဆင်ပေးထားတယ် ပြောတယ်။ ဒါပေမဲ့ ကလေးမှာ နားကွင်း မရှိတာတွေ့ရတယ်။ ကလေးက ကျောင်းဝတ်စုံနဲ့ သေဆုံးနေတာ တွေ့ရတယ်။ အလောင်းဘေးနားမှာ အအေးပုလင်း (အဆီပုလင်း) အခွံနဲ့ထည့်ထားတဲ့ အရက်ပုလင်းလည်းတွေ့ရတယ်’ ဟု ၎င်းက ရှင်းပြသည်။

ကျောင်းများတွင် ကလေးများကို တန်ဖိုးရှိ လက်ဝတ်ရတနာများ ဝတ်ဆင်ပေးခြင်းမပြုရန် ကြေငြာချက် ထုတ်ပြန်ထားကြောင်း၊ မိဘများအနေနှင့် မိမိကလေးငယ်များအတွက် အန္တရာယ်ကို ဖိတ်ခေါ်သော လုပ်ရပ်များကို မလုပ်မိစေရန် သတိထားရမည်ဖြစ်ပြီး ကျောင်းများအနေနှင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းရောက်ပြီးနောက် ပြင်ပသို့ ထွက်ခွင့်မပြုသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောကြားသည်။

ဖခင်ဖြစ်သူ ဦးမျိုးမြင့် ၏ တိုင်ကြားချက်အရ ကျွဲဒုန်းနယ်မြေရဲစခန်းတွင် ရာဇသတ် ကြီး ပုဒ်မ ၃၀၂ ၊ ၃၉၄ တို့ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းမိနိုင်ရန်နှင့် အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *