Ford ကား ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်

ရန်ကုန်၊ ဇူလိုင် ၂၁

အမေရိကန်ပြည်ထောင်စု အခြေစိုက်  Ford Motor ကုမ္ပဏီနှင့် မြန်မာပြည်တွင်း ယာဉ်နှင့် ယာဉ်အပိုပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Capital Motor Limited တို့ပူးပေါင်းပြီး မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်သော စက်ရုံတစ်ခုကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားကြောင်း Capital Motor Limited ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ထွန်းက ပြောကြားသည်။

အဆိုပါစက်ရုံသည် ရန်ကုန်မြို့  ဒဂုံအရှေ့ မော်တော်ယာဉ်စက်မှုဇုန် ကင်းဝန်မင်းကြီးလမ်းနှင့်  ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းထောင့်တွင်တည်ရှိပြီး ၂၀၁၆ ခုနှစ် မတ်လကုန်တွင် စတင်ခဲ့ကာ လက်ရှိတွင် Ford အမှတ်တံဆိပ် ယာဉ်အမျိုးအစား နှစ်မျိုးတပ်ဆင်ထုတ်လုပ်နေကြောင်း ၎င်းကဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အင်းစိန်လမ်းရှိ Ford Show Room တွင်ပြုလုပ်သော စက်ရုံဖွင့်လှစ်ခြင်း အထိမ်းအမှတ်  သတင်းစာရှင်းလင်းပွဲတွင် “မြန်မာပြည်ရဲ့  ဈေးကွက်လိုအပ်ချက် မြင့်တက်လာမှုအရ ယာဉ်အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံကိုတည်ထောင်တာ ဖြစ်ပါတယ်။ ရှေ့လျှောက်တိုးတက်လာမယ့်  ဝယ်လိုအားကို မျှော်မှန်းကာ ဈေးကွက်အခြေအနေအရ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့သွားမှာပါ” ဟု အာဆီယံဆိုင်ရာ Ford ကုမ္ပဏီ၏ ဥက္ကဋ္ဌ မြ.Mark Kaufman က  ပြောကြားသည်။

Ford Motor ကုမ္ပဏီ၏ စက်ရုံတွင် ရင်းနှီးမြှုပ်နှံထားသောငွေကြေး ပမာဏအား မေးမြန်းခဲ့ရာ Ford Motor  ကုမ္ပဏီသည် ၂ နှစ်ခန့် အချိန်ယူ၍ စက်ရုံတည်ထောင်နိုင်ရန် ပြင်ဆင်ခဲ့ကြောင်း ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏကိုမူ သေချာစွာမသိကြောင်း ဦးခင်ထွန်းက  မီဒီယာများသို့ ပြောကြားသည်။

စက်ရုံကို Ford Motor ကုမ္ပဏီမှ လေ့ကျင့်သင်ကြားပေးထားသော ကျွမ်းကျင် မြန်မာလုပ်သား ၈၅ ဦးဖြင့် လည်ပတ် လျက်ရှိပြီး Ford Ranger  Double Cab နှင့် 7-Seat Ford Everest SUV မော်တော်ယာဉ်အမျိုးအစားနှစ်ခု ပေါင်း ယာဉ်အစီးရေ တစ်နှစ်လျှင် ၂၀၀၀ မှ ၃၀၀၀ အထိ ထုတ်လုပ်သွားရန် ရည်ရွယ်ကြောင်း၊ ယင်းယာဉ်များကို ရန်ကုန်နှင့် မန္တလေးရှိ အရောင်းစင်တာများမှတစ်ဆင့် ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ Ford Motor ကုမ္ပဏီထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *