လွှတ်တော်ကို မထီမဲ့မြင်ပြုသဖြင့် မိုးပျံပူဖောင်းပျံသန်းခြင်းရပ်ဆိုင်းရန် အဆိုထပ်တင်မည်

ရန်ကုန်၊ ဇူလိုင် ၂၀

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သည့် (ပြည်သူပိုင်မြေပြန်ရရေး) အဆိုကို လေးစား လိုက်နာခြင်းမရှိဘဲ လွှတ်တော်ကို မထီမဲ့မြင်ပြုသောကြောင့် ပြည်သူပိုင်မြေရှိ Mingalarbar Balloon မိုးပျံပူဖောင်းပျံသန်းဝန်ဆောင်မှုကို ရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဒုတိယအကြိမ်အဆို ထပ်မံတင်သွင်းမည်ဟု မင်္ဂလာတောင်ညွှန့်မဲဆန္ဒ နယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“အဆိုနဲ့ငြိနေလို့ပါ။ အဆိုမှာပါတာက အများပြည်သူပိုင်နေရာပါတယ်။ ပန်းခြံ၊ စာကြည့်တိုက်လို နေရာမျိုး တွေကလွဲလို့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမယ့် ဘယ်နေရာမဆို ကျွန်တော်တို့ ဘာမှ ပြောစရာ မရှိပါဘူး” ဟုလည်း ၎င်းက The Voice သို့ ပြောကြားသည်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြည်သူပိုင်မြေပြန်ရရေး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်ကံ့ကော်ပင်ကျွန်းတွင် ရန်ကုန်မြို့၏ ရှုခင်းအလှကိုကြည့်ရှုနိုင်မည့် အဆိုပါ ဝန်ဆောင်မှုကို ဇွန်လ ၁၇ ရက်နေ့က စတင်ပြီး အခကြေးငွေနှင့် ဝန်ဆောင်မှုစတင်ပေးခဲ့သည်ဟု အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သည့် Culture Attration ကုမ္ပဏီ ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြား သည်။

“ ဒါကလည်း သူ့ Right အရ သူ ပြောမှာပါ့ဗျာ။ ကျွန်တော်တို့ဘက်ကလည်း ပွင့်လင်းမြင်သာစွာ ပေးဆောင် တာရော၊ လုပ်သင့်လုပ်ထိုက်တာတွေရော လုပ်ထားတယ်ဗျာ။ ဒါတွေအားလုံးကတော့ဗျာ ကျွန်တော်တို့က Authorize (အာဏာပိုင်) မဟုတ်ပါဘူး။ Authorize (အာဏာပိုင်) အရပဲ ဆုံးဖြတ်မှာပါ” ဟု ၎င်းက ပြောဆို သည်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ကံ့ကော်ပင်ကျွန်းနေရာတွင် လုပ်ငန်းမစတင်ရန်နှင့် လွှတ်တော် က အဆိုကိုဆွေးနွေးပြီး နေရာပြောင်းရွှေ့ရန်အတည်ပြုခဲ့ပါက ကုမ္ပဏီဘက်က နစ်နာနိုင်သည်ဟု ခေါ်ယူအသိ ပေးခဲ့သည်ဟု ဦးလှဌေးက ပြောကြားသည်။

ဟီလီရမ်ဓာတ်ငွေ့သုံး Mingalarbar Balloon မိုးပျံပူဖောင်းပျံသန်းဝန်ဆောင်မှုကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မိုးပျံပူပေါင်းပျံသန်းဝန်ဆောင်မှု နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်စတုတ္ထအကြိမ် မြောက်ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရခဲ့ပေ။

ဩဂုတ်လတွင် ကျင်းပမည့် ပဉ္စမအကြိမ်လွှတ်တော်တွင် အဆိုထပ်တင်ရန် စီစဉ်ထားသည်ဟု ဦးလှဌေးက ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *