သေနတ်များကို ကြောက်လှသည်

 

 

သာစည်သည် မ သာစည်တော့ပေ။

ဇူလိုင်လ ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်တွင် မောင်းပြန်သေနတ် ၂၂ လက် သတင်းအရ ဖမ်းမိသည်။ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် HK 33 သေနတ်အလက် ၂၀ နှင့် AK 47 နှစ်လက် ။

ယခင်နှစ်ကြိမ်လွတ်၍ ယခုတစ်ကြိမ်မိခြင်းဖြစ်သည်။ တပ်စုတစ်စုစာ လူ ၃၅ ယောက်ရှိလျှင် ယေဘုယျအားဖြင့် အနည်းဆုံး သေနတ်က ၃၅ လက်။ ထို့ကြောင့် ယခုဖမ်းမိမှုက တပ်စုတစ်စုစာနီးပါးဟု ပြောနိုင်သည်။

သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်အရှေ့ဘက် ယာဉ်လမ်းပေါ်ရှိ ကားတစ်စီးပေါ်မှ အဆိုပါလက်နက်များကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လူသုံးဦးကိုလည်း ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သေနတ်များကို ကယားပြည်နယ်မှ မန္တလေးရှိ မောရာ (ခေါ်) ကျုံးလျန်ဆန်းဆိုသည့် ချင်းအမျိုးသားထံသို့ ပို့ဆောင်ခြင်းဖြစ်ကာ မောရာတည်းခိုနေသည့် မန္တလေးမြို့မှ အင်းလေးတည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ မောရာကို ဖမ်းမိခဲ့ကြောင်း သာစည်မြို့မှ ရဲစခန်းထံမှ သိရသည်။

“ဒါတွေက တိုက်ပွဲတစ်ပွဲဆင်နွှဲနိုင်လောက်တဲ့ လက်နက်တွေပါ။ မြို့ပြတိုက်ပွဲတွေအထိ သုံးလာနိုင်တယ်။ဖမ်းမိတာက ကံကောင်းတာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ၎င်း၏အမြင်ကို ဖွင့်ဟသည်။

မြန်မာသည် လက်နက်နှင့်ပတ်သက်လျှင် ကံကောင်းလေ့မရှိပါ။

ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် လုပ်ကြံခံရသည့် ဦးကိုနီနှင့် ကိုနေဝင်းတို့ကြောင့် နိုင်ငံတစ်ဝန်းပူဆွေးသူတွေ ဒုနှင့်ဒေး။

ဤမျှမက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ပင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်အုပ်ချုပ်ရေးအချက်အချာဟုဆိုလျှင် လွန်အံ့မထင်။ ဤမျှအရေးကြီးသောမြို့ကို စီမံခန့်ခွဲရသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ပင် ဗုံးလန့်မှုများဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်ကပင် လုပ်ကြံသူများ၏ သေနတ်များကြောင့် အသက်ဆုံးပါးခဲ့ရသည့် အာဇာနည်များအတွက် ဝမ်းနည်းတသပူဆွေးသောက ရောက်ခဲ့ကြသေးသည်။

ယခုတစ်ဖန် လက်နက်များကို ဖမ်းမိပြန်သည်။ ထို့ကြောင့် နိုင်ငံအနှံ့တွင် လက်နက်များ မည်မျှရှိနေသနည်း။ ထိုထက်ပို၍ဆိုရလျှင် လက်နက်များက ပြည်သူကို ခြိမ်းခြောက်နေပြီလော။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းနှင့်ပြည်နယ်များအကြားရှိ စစ်ဆေးရေးဂိတ်များကို ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် လက်နက်များ ဥဒဟိုဝင်ထွက်နေခြင်းပေလော။

၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်းကလည်း မန္တလေးတိုင်းဒေသကြီး ရွှေဘိုသွားကားလမ်းပေါ်ရှိ မော်တော်ယာဉ်ပေါ်မှ လက်နက်မျိုးစုံနှင့် ကျည်မျိုးစုံကို ဖမ်းမိခဲ့ပြီး မန္တလေးမြို့တွင်း၌လည်း ရိုင်ဖယ်၊ နှစ်လုံးပြူးနှင့် လေသေနတ်များကို ဆက်စပ်ဖော်ထုတ်နိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကမူ စစ်ဆေးရေးဂိတ်များမရှိသောကြောင့် သတင်းလက်ဦးမှုရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်နေကြောင်း ၎င်းတာဝန်ထမ်းဆောင်စဉ်က ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သေနတ်များဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် သတင်းရ၍ ဖမ်းဆီးရမိခြင်းက သိပ်မရှိ။ ထိုပြင်လည်း ဒီမိုကရေစီအစိုးရလက်ထက်တွင် စစ်အစိုးရခေတ်နိုင်ငံရေးသမားများကို ဖိနှိပ်သည့် ဧည့်စာရင်းတိုင်ခြင်း၊ ဧည့်စာရင်းစစ်ခြင်းကို လွှတ်တော်က ဖျက်သိမ်းခဲ့သေးသည်။ ထို့ကြောင့်ပင် မည်သူဝင်၍ ၊ မည်သူထွက်သည်ကို မသိရ။

“အမျိုးသားလုံခြုံရေးဆိုင်ရာ အစီအမံတွေက အခြေအနေဆိုးရွားနေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ဆိုသည်။

ပြည်သူများထိတ်လန့်ကြောက်ရွံ့ခဲ့ရသည့် တပ်မတော်ထောက်လှမ်းရေးကလည်း မရှိတော့ချေ။ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ချုပ်ကိုင်မှုများသောကြောင့် ဖျက်သိမ်းခဲ့ရပြန်သည်။ ဤအဖြစ်အပျက်များသည် တပ်မတော်အစိုးရလက်ထက်ကဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ “ကျွန်တော်တို့ဆီမှာ သတင်းတွေ အများကြီးရှိပါတယ်”ဟု ဆိုသည်။

သို့သော်လည်း သေနတ်များပေါပေါများများတွေ့ရှိနေရခြင်းမှာ ယင်းနှစ်ချက်မရှိ၍ လုံခြုံရေးအားနည်းခြင်းကို ထင်ရှားစွာဖော်ပြနေသည်ဟု ယူဆကြသူများလည်းရှိပြန်သည်။

လက်ရှိဖြစ်ပေါ်သည် သာစည်ဖြစ်စဉ်နှင့်ပတ်သက်၍မူ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ယခုလိုဆိုသည်။

“သယ်ယူနေတဲ့အပိုင်းကတော့ တို့လည်း အစကတော့မသိဘူးပေါ့။ စစ်ဆေးတဲ့အပိုင်းကတော့ မန္တလေးမြို့အဝင်ဆို ဂိတ်ငါးဂိတ်ရှိတယ်။ ဂိတ်ငါးဂိတ်မှာတိုးမြှင့်ပြီးတော့ စစ်ဆေးနေတာရှိတယ်”

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ယခုဖြစ်စဉ်သည် အလွန်ရှုပ်ထွေးသည့် ကိစ္စဖြစ်ကြောင်း The Voice Weekly သို့ မှတ်ချက်ပေးသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေတဲ့အတွက် လုံခြုံရေးကိုလည်း အထူးသတိထားဆောင်ရွက်နေရတယ်။ တစ်ဖက်ကိုလည်း သွားပြီး မထိခိုက်မိအောင်ပေါ့”ဟု ၎င်းကရှင်းပြသည်။

တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အမည်မဖော်လိုသည့် ဗိုလ်မှူးကြီးတစ်ဦးကမူ သာစည်လက်နက်ကိစ္စနှင့်ပတ်သက်၍ ယခုလိုဆိုသည်။

“ဒါတွေက အစဉ်အစပ် နယ်စပ်က မှောင်ခိုဝင်နေတာပဲ။ လက်နက်ကိုင်တွေ လက်နက်ဘယ်ကရလဲ ပြန်ကြည့်။ နယ်စပ်က မှောင်ခိုဝယ်ပြီးရနေတာ။ ဒါနဲ့ပဲ ငါတို့ကို ပြန်တိုက်နေတာပဲလေ။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးက အစကတည်းက မကောင်းတာ။ နယ်စပ်လုံခြုံရေးမှ မကောင်းတာ။ ဒါတွေက ဝင်နေတာပဲ”

မြန်မာသည် လက်နက်နှင့်ပတ်သက်လျှင် ကံမကောင်းပါ။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်က မန္တလေးမြို့ပေါ်တွင် အရပ်သားတစ်ဦး အေးအေးလူလူ ဆိုင်ကယ်မောင်းသည်။ ဘယ်ဆီဘယ်ဝယ်ကလာမှန်းမသိသော သေနတ်ကျည်ဆန်က အဆိုပါအရပ်သား၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ အပြစ်မဲ့အရပ်သားတစ်ဦး ကြွေလွင့်ခဲ့ပြန်သည်။

ဘဲဥအစရှာမရ။ တရားခံမတွေ့။

မြန်မာနိုင်ငံရေးတွင်လည်း လက်နက်များ၏ ပါဝင်ပတ်သက်မှုက ကြီးမားသည်။ လက်နက်ရှိလျှင် စကားပြောနိုင်သည်။ လက်နက်ရှိသူထံ လက်နက်မရှိသူ၊ လက်နက်မရှိသည့်အဖွဲ့အစည်းက ဦးညွှတ်ရသည်။

ထို့ကြောင့်ပင် “မြန်မာလူငယ်များသည် လက်နက်တွင် ရူးသွပ်သွားကြပြီ” ဟူသည့် ဒေါက်တာဘမော်၏ စကားကို ယခုတိုင် ကိုးကားပြုနေရခြင်းဖြစ်သည်။

သို့သော် ပြည်သူများကမူ “သေနတ်များကို ကြောက်လှသည်”

ပြည်သူ့အိုးအိမ်၊ စည်းစိမ်ကို စောင့်ရှောက်ရန် တာဝန်ယူထားသူများကမူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြပါလိမ့်မည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစိုးရ၏ လုပ်ငန်းစဉ်ကို ယခုလို အတိုချုံးပြောပြသည်။

“လုံခြုံရေးတိုးချဲ့ဆောင်ရွက်နေတယ်”

 

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *