e-Mandalay Web Portal ကြောင့် လာဘ်ပေးလာဘ်ယူကိစ္စ ကင်းရှင်းနိုင်ဟု မန္တလေးဝန်ကြီးချုပ်ဆို

 

မန္တလေး၊ ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်နေမှုများကို ဖော်ပြပေးမည့် e-Mandalay Web Portal ကြောင့် ဝန်ထမ်းများ၏လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းသွားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အဆိုပါ e-Mandalay Web Portal ကို ဇူလိုင်လ ၁၉ ရက်နေ့က စတင်လွှင့်တင်ခဲ့သည်။

e-Mandalay တွင် အစိုးရဌာနများမှ ပေးနေသည့် ဝန်ဆောင်မှုများ၊ ပြည်သူများ လိုအပ်နေသည့် သတင်းအချက်အလက်များ ရရှိရန် ဖော်ပြသွားမည်ဖြစ်ပြီး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပွဲစားတချို့ နည်းသွားနိုင်ပါတယ်။ ကျွန်တော်တို့က ဘာလုပ်လုပ် ပွဲစားနဲ့ လုပ်တဲ့အကျင့်က ဖြစ်နေပြီ။ လာဘ်ပေးလာဘ်ယူ ကိစ္စလည်း ကင်းရှင်းသွားနိုင်ပါတယ် ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

အဆင့် ငါးဆင့်ဖြင့် ဆောင်ရွက်သွားမည့် e-Mandalay သည် လက်ရှိတွင် အပိုင်း၁ အဖြစ် ဝန်ကြီးဌာန ၅ ခုကို ထည့်သွင်းပြီးဖြစ်ကာ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ လက်အောက်ရှိဌာနပေါင်း ၇၄ ခု၏ အချက်အလက်များ ထည့်သွင်းပြီးဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

“ Data မရသေးတဲ့ ဌာနတွေ အခုထိ ရှိသေးတယ်။ ကျွန်တော်တို့က ပြည်သူ့ဝန်ဆောင်မှုအတွက် လုပ်တာဆိုတော့ ပြည်သူတွေရဲ့ မေးမြန်းချက်ပေါ် မူတည်ပြီး ဆောင်ရွက်ရမယ် ” ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောဆိုသည်။

e-Mandalay Web Portal ကို www.emandalay.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မိုဘိုင်းလ်ဖုန်း ဖြင့်လည်း ကြည့်ရှုနိုင်ရန်အတွက် Play Store တွင် အခမဲ့ Download ပြုလုပ်နိုင်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *