ရေအတွက် အပိုထွက်ငွေများ

dav

 

 

မိသားစုသုံးဦးရှိသည့် နေအိမ်တွင် နေ့စဉ်သောက်ရေသန့်အတွက် အပိုထွက်ငွေမှာ တစ်နှစ်ခန့်ကြာလျှင် တရုတ်ဆိုင်ကယ်တစ်စီးကို ပိုင်ဆိုင်နိုင်သည့် ပမာဏဖြစ်သည်။

မန္တလေးမြို့တော် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်တွင် အိမ်အငှားဖြင့်နေထိုင်သည့် အိမ်ရှင်မ ဒေါ်မိုးသီအတွက် လစဉ်အိမ်ငှားရမ်းခ ကျပ်ခုနစ်သောင်းအပြင် သောက်ရေအတွက် အပိုထွက်ငွေ ကျပ်နှစ်သောင်းခန့် ရှိနေသည်။

မိသားစုသုံးဦးအတွက် နေ့စဉ် သောက်ရေအပြင် ထမင်း၊ ဟင်းချက်ပြုတ်ရန်အတွက် သောက်ရေသန့်ဘူးကို အသုံးပြုနေရပြီး အသုံးများသည့်နေ့ဆိုလျှင် နှစ်ရက်သုံးဘူးခန့်ပင် ကုန်သည်ဟု ဆိုသည်။

“တွင်းရေက ထုံးဓာတ်များတဲ့ အတွက် မသုံးရဲဘူးလေ” ဟု ရေတွင်းမှ ရေထည့်ထားသည့် ရေကန်ငယ်ကိုကြည့်ရင်း ဒေါ်မိုးသီက ရှင်းပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် မြို့နေလူထု အားလုံးလွှမ်းခြုံအောင် ရေဖြန့်ဖြူးမပေးနိုင်သေးသဖြင့် မန္တလေးမြို့တော်တွင် နေထိုင်သူအများစုမှာ ဒေါ်မိုးသီနည်းတူပင် သောက်ရေအတွက် အပိုငွေ ထပ်မံကုန်ကျ နေကြရသည်။

မန္တလေးမြို့၏ ပထမဆုံး ရေပေးရေးစီမံကိန်းကို ၁၉၈၃ ခုနှစ်က စတင်ခဲ့သည်။ စီမံကိန်းကာလ ၁၁ နှစ်ကျော် ကြာမြင့်ပြီး ၁၉၉၂ ခုနှစ်တွင် ပြီးဆုံးကာ ရေစတင်ပေးဝေနိုင်ခဲ့သည်။

ထိုကာလမှ ၂၅ နှစ်ကျော် ယနေ့အချိန်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် ချမ်းမြသာစည်၊ အောင်မြေသာစံ၊ မဟာအောင်မြေ နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် နေထိုင်သည့်လူဦးရေ ခြောက်သိန်းကျော်အတွက် နေ့စဉ် ရေဂါလန်ပေါင်း ၃၈ သန်းခန့် ဖြန့်ဖြူးပေးနေသော်လည်း ယင်းအခြေအနေမှာ လုံလောက်သည့် ဖြန့်ဖြူးမှုတော့ မဟုတ်သေးပေ။

မန္တလေးမြို့တွင် လက်ရှိစက်ရေတွင်းပေါင်း နှစ်သောင်းခွဲကျော်၊ ရေတွန်း စက်ရုံ ၁၃ ရုံတို့ဖြင့် ရေဖြန့်ဖြူးပေးနေပြီး ရေမီတာအလုံးပေါင်း ကိုးသောင်းခွဲကျော် ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန ထံမှ သိရှိရသည်။

 

ဖြန့်ဖြူးပေးနေသည့် ရေဂါလန် ၃၉ သန်းသည် သက်တမ်းကြာမြင့်သဖြင့် ယိုယွင်းပျက်စီးနေသည့် ရေပိုက်လိုင်းများ၊ ပေါက်ပြဲနေသည့် ရေပိုက်လိုင်းများကြောင့် ရေအရည်အသွေး ကျဆင်းခြင်းများဖြစ်နေသည်ဟု ဆိုသည်။

Pressure Pump ဖြင့် ရေပေးသည့်စနစ်ကြောင့် ၂၄ နာရီ ရေမဖြန့်နိုင်သဖြင့် ပိုက်လိုင်းထဲ ရေမရှိချိန်တွင် အပြင်မှရေဆိုးများ ပိုက်လိုင်းထဲ ပြန်ဝင်ခြင်း၊ အိမ်သာရေပိုက်ပေါက်များမှ ပြန်ဝင်ခြင်း၊ ပိုက်လိုင်းကွန်ရက်အတွင်း ပျက်စီးနေသည့် ပိုက်များမှ ပြန်ဝင်ခြင်းတို့ ရှိသည်ဟု ရေသန့်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် လမ်း၊ တံတား၊ အဆောက် အအုံ၊ ဆက်သွယ်ရေး စသည့်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ရေပိုက်လိုင်းများ ထိခိုက်မိကာ ရေဆိုးများဝင်ရောက်ခြင်း လည်းရှိသည်ဟု ဆိုသည်။

“Safety Water မဖြစ်ဘူး။ မဖြစ်တော့ ရေသန့်ဘူးတွေ ဝယ်သောက်နေရတယ်။ သုံးရေလောက်ပဲ ပေးနိုင်တယ်။ အဲဒီ သုံးရေကလည်း ကွာလတီမမီဘူးဆိုရင် ရောဂါတွေဖြစ်လာနိုင်တယ်” ဟု ရေသန့်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေါ်ခင်မေဌေးက မန်းစည်ပင်၏ လက်ရှိဖြန့်ဖြူးပေးနေသည့် ရေအရည်အသွေးကို ပြောပြသည်။

ရေဖြန့်ဖြူးရေး စတင်ခဲ့စဉ်အချိန်က သောက်ရေအဆင့်အထိ သုံးစွဲရခဲ့သော်လည်း ယနေ့အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးစည်ပင်က ပေးသည့်ရေမှာ သောက်ရေအဆင့်အထိ ပြန်မရောက်တော့ပေ။ သောက်ရေအဆင့်သာရရှိမည်ဆိုလျှင် မန္တလေးမြို့တော်နေ ပြည်သူတို့အတွက် နေ့စဉ်အပိုကုန်ကျစရိတ်များစွာ သက်သာသွားမည့်အပြင် ပို၍ဆိုးသည်က ယနေ့ဈေးကွက်အတွင်းမှ ဝယ်ယူသုံးစွဲနေရသည့် သောက်ရေသန့်များ၏ အရည်အသွေးကလည်း အာမခံချက်မရှိ။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရည်မှန်းချက်တွင် ရေအရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် မန္တလေး မြို့နယ်လေးခုတွင် လက်ရှိ ၇၀ ရာခိုင်နှုန်း ရေဖြန့်ဖြူးသည့်စနစ်မှ ၉၀ ရာခိုင်နှုန်းထိ ၂၄ နာရီ စဉ်ဆက်မပြတ် ရေဖြန့်ဖြူးပေးနိုင်ရန်တို့ ပါဝင်သည်။

ယင်းစီမံကိန်းကြောင့် လက်ရှိလူဦးရေခြောက်သိန်းခန့် ရေပေးဝေနိုင်ရာမှ စုစုပေါင်း ရှစ်သိန်းခန့်ကို ပိုက်လိုင်းစနစ်ဖြင့် သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

ADB ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြင့် မန္တလေးမြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ AFD ချေးငွေ ယူရို သန်း ၄၀ ဖြင့် မန္တလေးမြို့နယ်လေးခုအတွက် ၉၀ ရာခိုင်နှုန်း ရေရရှိစေရန် ရေပိုက်လိုင်းစနစ် တိုးချဲ့ဆောင်ရွက်ခြင်းတို့ ပြုလုပ်နေပြီဖြစ်ကြောင်း မန်းစည်ပင်က ထုတ်ပြန်ထားသည်။

သန့်ရှင်းသည့်သောက်သုံးရေကို ဖြန့်ဝေပေးနိုင်ပါက ရေကြောင့်ဖြစ်သည့် ရောဂါများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ မြေအောက်ရေသုံးစွဲမှုကိုလည်း ထိန်းချုပ်နိုင်ပြီး ဧရာဝတီမြစ်ရေကို သန့်စင်၍ မြေပေါ်ရေသုံးစွဲမှုကို တိုးချဲ့နိုင် မည်လည်းဖြစ်သည်။

ရေတစ်ယူနစ်တွင် ဂါလန် ၂၂၀ ရှိ သည်။ ရေတစ်ယူနစ်၏ တန်ဖိုးကို တွက်ချက်ကြည့်လျှင် ပြင်ဆင်ထိန်းသိမ်းခ၊ ဝန်ထမ်းလုပ်အားခ၊ ယာဉ်ယန္တရားငှားရမ်းခ၊ ဓာတ်အားခ၊ လုပ်ငန်းသုံးပစ္စည်းနှင့် အထွေထွေကုန်ကျစရိတ်တို့ ပါဝင်သည်။
ယင်းအတွက် တစ်ယူနစ်လျှင် ၃၀၅ ကျပ် ကျသင့်သော်လည်း လက်ရှိတွင် ၈၅ ကျပ် ဖြင့်သာ ဖြန့်ဖြူးပေးနေကြောင်း မန်းစည်ပင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရေဖြန့်ဖြူးရေးအတွက် ကျပ်သန်း ငါးထောင့်နှစ်ရာကျော် ကုန်ကျခဲ့သော်လည်း ရေမီတာဖိုး ကောက်ခံရရှိမှုမှာ ကျပ်သန်း ၁၃၀၀ ကျော်သာ ကောက်ခံရရှိခဲ့သဖြင့် ကျပ်သန်းပေါင်း ၃၈၀၀ နီးပါး အရှုံးပေါ်ခဲ့သည်။ ထိုနှစ်အတွက် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရငွေမှာ ကျပ်သန်းပေါင်း ၃၂၀၀ ကျော် ရှိခဲ့သည်။

“ရေပေးရေးအတွက် လျှပ်စစ်မီတာခ တစ်နှစ်ကို သုံးဘီလီယံလောက် ကုန်တယ်ဆိုရင် ပြန်ရတာ (ရေခွန်ပြန် ကောက်လို့ရတာ) တစ်ဘီလီယံလောက်ပဲ ရှိတယ်” ဟု စည်ပင်၏ ရေပေးရေးကိစ္စတွင် ဝင်ငွေနှင့် ထွက်ငွေကို ဒေါ်ခင်မေဌေးက နှိုင်းယှဉ်ပြောကြားသည်။

လက်ရှိ မန္တလေးစည်ပင်၏ ရေဖြန့် ဖြူးရေးစနစ်မှာ အရှုံးပေါ်နေသဖြင့် ရေမီတာ နှုန်းထား (ဧပြီ၊ မေ၊ ဇွန် အရစ်) နှင့် ကျုံး ရေခနှုန်းထား (ဇူလိုင်၊ ဩဂုတ်၊ စက်တင် ဘာအရစ်) တို့မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဟု မန္တလေးစည်ပင် အခွန်ဌာနက ဆိုသည်။

အိမ်သုံးအတွက် လက်ရှိကောက်ခံနေသည့် တစ်ယူနစ်လျှင် ၈၅ ကျပ်မှ ၂၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး စီးပွားရေးသုံးအတွက် ၁၁၀ ကျပ် မှ ၂၆၀ ကျပ်သို့လည်းကောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များ စက်ရုံသုံးအတွက် ၄၄၀ ကျပ်မှ ၆၆၀ ကျပ်သို့လည်းကောင်း၊ နိုင်ငံခြားလုပ်ငန်းရှင်များ စက်ရုံသုံးအတွက် ၈၈၀ ကျပ်မှ ၁၁၀၀ ကျပ်သို့လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဟု အဆိုပါ ဌာနမှူး ဦးဝင်းမောင်က ပြောသည်။

ယင်းအပြင် ကျုံးရေခနှုန်းထားများ ကိုလည်း သုံးစွဲသည့်ပိုက်ပေါ်မူတည်၍ ကျပ်နှစ်ထောင်မှ နှစ်သောင်းအထိ တိုးမြှင့်ကောက်ခံသွားမည်လည်း ဖြစ်သည်။

အခြားမြို့များတွင် ရေတစ်ယူနစ်အတွက် ကောက်ယူသည့် နှုန်းထားများကတော့ မတူ။ မြ၀တီမြို့တွင် ၈၀၀ ကျပ်ဖြင့် အများဆုံး ဖြစ်သည်။ မုံရွာမြို့တွင် ၇၀၀ ကျပ်၊ ဘားအံမြို့တွင် ၆၀၀ ကျပ်၊ မကွေးမြို့ တွင် ၅၀၀ ကျပ်၊ ရေနံချောင်းမြို့တွင် ၃၀၀ ကျပ်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ စဥ့်ကူး၊ ညောင်ဦး၊ တံတားဦး၊ တောင်သာ စသည့် မြို့များတွင် ၂၀၀ ကျပ်ဖြင့် ကောက်ယူ လျက်ရှိသည်။ လားရှိုးမြို့တွင်လည်း ၂၀၀ ကျပ်ပင်။

ထို့ကြောင့် မန္တလေးစည်ပင်အနေနှင့် ရေခွန် ပြောင်းလဲကောက်ခံရ ခြင်းဖြစ်သည်ဟု ဦးဝင်းမောင်က ဆိုသည်။

စည်ပင်ပေးဝေသည့် ရေမရရှိသေးသည့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်က မြေအောက်အနက် ပေ ၈၀ ခန့်တွင် ရေထွက်သော်လည်း ယခုတွင်မူ ပေအနက် အနည်းဆုံး ၁၂၀ ခန့်မှသာ ရေထွက်တော့သည်ဟု ငှားရမ်းပေးသည့် နေအိမ်များတွင် ရေတွင်းတူးဖော်မှုများကို မကြာခဏ ပြုလုပ်ပေးရသည့် ငွေတော်ကျီကုန်းရပ်နေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးဆန်းအောင်က ပြောသည်။

“ပေ ၁၂၀ ဆိုတာက အဝတ်လျှော် ရေချိုးလို့ပဲကောင်းတဲ့၊ ထုံးဓာတ်ပါတဲ့ရေပဲ ရတာ။ သောက်ရေအတွက် မရဘူး။ သောက်ရေအတွက်အဆင်ပြေတာက ပေ ၅၀၀ လောက်ထိတူးမှသောက်လို့ ရတဲ့ ရေရတာ” ဟု ၎င်းကဆိုသည်။

ငွေကြေးတတ်နိုင်သူများသာ ပေ ၅၀၀ ဝန်းကျင်အထိ တူးဖော်ကြပြီး ငွေကြေးမတတ်နိုင်သူများအတွက်မူ ပေ ၁၀၀ ကျော်သာ တူးဖော်ကာ သောက်ရေအတွက် ရေသန့်ဘူးများ ဝယ်ယူကာ ဖြေရှင်းနေကြရကြောင်း ဦးဆန်းအောင် က ထပ်မံပြောဆိုသည်။

အချို့အိမ်ထောင်စုများကမူ ဘုန်းတော်ကြီးကျောင်းများမှ အခမဲ့ပေးဝေသည့် ရေတွင်းရေကန်များတွင်သွားရောက်သယ်ယူကာ သောက်ရေပြဿနာကို ဖြေရှင်းကြကြောင်း ၎င်းကဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လူဦးရေ ၃၀ ရာခိုင်နှုန်းကို ရေဖြန့်ဝေပေး နိုင်ရန်အတွက် JICA အကူအညီဖြင့် ဆောင်ရွက်နေပြီး (ဂ)၊ (ဃ)၊ (င)၊ သင်ပန်းကုန်း၊ ငွေတော်ကျီကုန်း စသည့် ရပ်ကွက်များတွင် နေထိုင်သည့် လူဦးရေ ခြောက်သောင်းခန့်ကို ရေပေးနိုင်မည် ဖြစ်သည်။

ယင်းအတွက် ထောက်ပံ့ငွေ ဂျပန်ယန်း နှစ်ဘီလီယံကျော် အသုံးပြုမည်ဖြစ်ပြီး ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်မည်လည်းဖြစ်သည်။ အဆိုပါအစီအစဉ်တွင် အိမ်သုံးမီတာအလုံးရေ ရှစ်ထောင်ကို အခမဲ့တပ်ဆင်ပေးသွားမည်လည်း ဖြစ်သည်။

မန္တလေးစည်ပင်အနေနှင့် မန္တလေးမြို့ကို ဖြန့်ဝေပေးနေသည့် ရေတွန်းစက်ရုံ၊ ရေသိုလှောင်ကန်တို့တွင် ပိုးသတ်ဆေး များခတ်ကာ ရေသန့်အောင် ပြုလုပ်မည်ဖြစ်သော်လည်း ယနေ့အချိန်အထိသောက် သုံးရေအတွက် အပိုထွက်ငွေက မန္တလေး မြို့တစ်ခုလုံး ရင်ဆိုင်နေရသည့် ပြဿနာလည်း ဖြစ်သည်။

လူဦးရေ ၁၇ သိန်းကျော်ရှိသည့် မန္တလေးခရိုင်အတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်မှာ ပုသိမ်ကြီးမြို့နယ်မှလွဲ၍ လက်ရှိ ရေရရှိနေသည့် လေးမြို့နယ်နှင့် ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တို့ ပါဝင်သည်။

အဆိုပါ ခြောက်မြို့နယ်အတွင်း၊ အထူးသဖြင့် ရေရရှိနေသည့် လေးမြို့နယ်အတွင်း နေထိုင်သူတို့၏ ရေအတွက် အပိုထွက်ငွေက နေ့စဉ်မနည်းပေ။

၎င်းတို့ သောက်သုံးသည့် ရေသန့်ဘူးများကို တန်းစီလိုက်မည်ဆိုပါက မန္တလေး ကျုံးလေးဘက်တွင် သုံးလေးပတ်ခန့် ပတ်ရလောက်သည့် အနေအထားဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ဒေါ်မိမိအေး (အမည်လွဲ) သည်လည်း ဒေါ်မိုးသီနည်းတူ ရေအတွက် အပိုထွက်ငွေပြဿနာကို ရင်ဆိုင်နေရသူ ဖြစ်သည်။

သူတို့နေအိမ်တွင်လည်း စည်ပင်က ရရှိသည့်ရေမှာ သစ်မြစ်၊ သစ်မှုန်များ၊ တီကောင်များ ပါလာတတ်ခြင်းတို့ကို ကြုံတွေ့ရတတ်သည်ဟု ၎င်းက ဆိုသည်။

“ဘယ်လိုမှ သောက်လို့ အဆင်မပြေနိုင်ဘူး။ အဲဒီတော့ အပြင်က သောက်ရေသန့်ပဲ အမြဲဝယ်ရတယ်” ဟု ဒေါ်မိမိအေးက ပြောသည်။

မန္တလေးအိမ်ထောင်ရှင်မတို့ နေ့စဉ် ကြုံနေရသည့် ရေအတွက် အပိုထွက်ငွေများကို ရပ်တန့်ပေးသင့်ပေပြီ။ 

မြတ် (ကလေး)

 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *