နာမည်ကျော်ခြင်း အန္တရာယ်

 

နာမည်ကျော်ကြားခြင်းသည် အောင်မြင်မှုနှင့်ထပ်တူဟု မြင်သူများ မနည်းလှ။ မှန်လည်းမှန်သည်။ သို့သော် နာမည်ကျော်ကြားသလောက် ကိုယ်ပိုင်လွတ်လပ်ရေး ဆုံးရှုံးနိုင်သည်။

စင်စစ် နာမည်ကျော်ကြားမှုအပေါ်တွင် အခြေခံပြီး ကိုယ့်အောင်မြင်မှုအပေါ် တိုင်းတာခြင်းသည် အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကျော်ကြားမှုသည် ကာယကံရှင် ကိုယ့်အပေါ်တွင်သာ မူတည်သည် မဟုတ်ဘဲ ဘေးလူတို့၏ အကဲဖြတ်ပုံ၊ နားလည်နိုင်စွမ်းပေါ်လည်း မူတည်နေသည်။

ယနေ့ နာမည်ကျော်နေသော ကွယ်လွန်သွားပြီဖြစ်သော ပုဂ္ဂိုလ်ကျော်များ သူတို့ခေတ်အခါက လမ်းဘေးရောက် သူတစ်ပါးတံတွေးခွက် ပက်လက်မျောခဲ့ရခြင်းတို့သည် သာဓကဖြစ်သည်။ သူ့ခေတ်ကလူများသည် သူ့ပညာ သူ့ဖန်တီးမှုကို နားမလည်နိုင်ကြသေး။ မနာလိုမရှုစိမ့်သူ၊ ရန်သူတို့၏ ထိုးနှက်မှုအောင်မြင်သွားသောကြောင့်လည်း ဖြစ်နိုင်သည်။ နာမည်ကျော်ကြားခြင်း မကျော်ကြားခြင်းသည် ကိုယ်လုပ်သောအလုပ်၏ ရည်မှန်းချက်ပေါ်လည်း မူတည်သည်။

အချို့အလုပ်များအတွက် နာမည်ကျော်ကြားမှုသည် အန္တရာယ်ပင်ဖြစ်သည်။ တောထဲသွားပြီး တရားကျင့်သူအတွက် နာမည်ကျော်ကြားမှုသည် တရားလမ်းတွင် ချောက်ကမ်းပါးပင် ဖြစ်နိုင်သည်။ မိမိနိုင်ငံအကျိုးအတွက် သူတစ်ပါးနိုင်ငံကို လျှို့ဝှက်ထောက်လှမ်းရသော သူလျှိုများသည် ကိုယ့်ကို လူအာရုံမစိုက်မိအောင် အထူးတလည် ကြိုးစားကြရသည်။ လူအလွယ်တကူ မမှတ်မိလောက်သည့် သာမန် ရုပ်ရည်ပိုင်ရှင်များသည် ဒုစရိုက်ဂိုဏ်းများကိုဖော်ထုတ်ရန် အသွင်ယူရ သော ရဲစုံထောက်အလုပ်များနှင့် အထူးသင့်တော်သည်ဟု ဆိုကြသည်။

Showbiz ဟုခေါ်သော လူလုံးပြရသည့် ရုပ်ရှင်ဂီတနယ်ပယ်၊ ထို့နောက် နိုင်ငံရေးနယ်ပယ် ယင်းတို့တွင် နာမည်ကျော်ကြားမှုသည် အဓိကကျလှသဖြင့် နာမည်ကျော်ကြားရန် အလွန်ကြိုးစားကြရသည်။ အနောက်တိုင်း Showbiz လောကတွင် အရည်အသွေးရှိမှ ကျော်ကြား သည်ဟု ထင်ရသော်လည်း နာမည်ကျော်ကြယ်ပွင့်နှင့်အတူတူ ပွဲလိုက် တက်ရင်း သူပါနာမည်ကြီးသွားပြီး ကြယ်ပွင့်ဖြစ်သွားသူများရှိသည်။

နာမည်ကျော်ခြင်းသည် မကောင်းဘူးဟု ပြောခြင်းမဟုတ်။ ယနေ့ကဲ့သို့ သတင်းခေတ်၊ Facebook ခေတ်၊ Smart Phone ခေတ်တွင် နာမည်ကျော်ကြားမှုသည် ပိုအရေးကြီးလာသည်မှာလူတိုင်းအသိ။ နာမည်ကြီးမှ ကိုယ့်ပစ္စည်းကို လူဝယ်မည်၊ အနည်းဆုံး စမ်းသုံးမည်။ နိုင်ငံရေးသမားဆိုလျှင် ကိုယ့်ဟောပြောပွဲ လူလာမည်၊ ကိုယ်တစ်ခုခုပြောလိုက်လျှင် လူတွေ နားစွင့်ကြမည်။ ယနေ့ခေတ်ကြီးတွင် နာမည်ကျော်သူ သည် နယ်ပယ်အများစုတွင် အောင်မြင်နိုင်သည်။

သို့သော် နာမည်ကျော်ခြင်းအပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ပုံထားလိုက်လျှင် အထိနာသွားနိုင်သည်။ လူ့စိတ်သည် ‘မျောက်စိတ်’ ဟု ဆိုရလောက်အောင် အပြောင်းအလဲမြန်သည့်အတွက် ကိုယ့်ကိုလူတွေ မကြိုက်တော့လျှင် စိတ်ရောကိုယ်ပါ အထိနာတတ်သည်။ ပိုအရေးကြီးသည်က နာမည်ကျော်ခြင်း၊ လူအသိအမှတ်ပြုခြင်းသည် ကိုယ့်ကို ပြန်အုပ်စိုးသွားသည်။ ဥပမာတစ်ခု။ အလုပ်တစ်ခုတွင် ကိုယ်က ကြိုးကြိုးစားစား အချိန်တွေပုံပြီး ရင်းနှီးထားသည်၊ လူတို့က အသိအမှတ်မပြု။ ခပ်ပေါ့ပေါ့နှင့် အားမထည့်ဘဲ တော်ရိရော်ရိလုပ်လိုက်သည်ကျ လူတွေက အားပေးကြသည်။ ထိုအခါ ကိုယ်ကလည်း ခပ်ညံ့ညံ့တွေထုတ်ပြန်သည်၊ လူတွေ က အားပေးကြပြန် သည်။ သို့နှင့်ပင် ကိုယ်လည်းညံ့၊ ကိုယ့်ပရိသတ်တို့လည်း ညံ့တာတွေသာ ရကြသည်။ တကယ်ဆိုလျှင် ကိုယ့်ပရိသတ်များက ဒီတစ်ချီလက်မခံသေးလျှင်လည်း ကိုယ့်ကုန်ပစ္စည်းကို ထုပ်ခြင်းပိုးခြင်း ညံ့တာလား၊ ဘယ်မှာလိုနေတာလဲ စသည်စဉ်းစားပြီး ထပ်မံကြိုးစား သင့်သည်။

Facebook ခေတ်တွင် Like ကကြီးစိုးသည်။ Like များများရမှ အောင်မြင်သည်ဟုထင်သည်။ Like ရများသူသည် မရတော့လျှင် စိတ်ထဲက တစ်မျိုးကြီး။ သူ့စိတ်ထဲက အမြင်ကိုရေးသောကြောင့် Like လျော့သွားလျှင် ‘ငါများ ဘာမှားသွားလဲ’ စဉ်းစားကာ Like များများ ပြန်ရအောင် သူ့အမြင်အယူအဆတို့ကို ပြန်လျှော့သည်။ ထိုအခါ သူသည် ဦးဆောင်သူမဟုတ်တော့၊ လွတ်လပ်သူမဟုတ်တော့။ Like က သူ့ကို ဦးဆောင်သွားသည်၊ အုပ်ချုပ်သွားသည်။ ဘ၀သည် နေရင်းထိုင်ရင်း မလွတ်လပ်တော့။ အာဏာရှင်ကလည်း သူ့ကိုချုပ်ကိုင်ထားခြင်းမဟုတ်၊ တန်ခိုးရှင်တစ်ပါးပါးကလည်း စေစားထားခြင်းမဟုတ်၊ မိခင်ဖခင် ဆရာသခင်တို့ကလည်း ချုပ်ချယ်ထားခြင်းမဟုတ်။ ထို Like ကလေးတွေကပဲ ကိုယ့်ကို ထောင်သွင်းအကျဉ်းချလိုက်ခြင်းဖြစ်သည်။ သူ့ Post များကို ဖတ်ရှုနေသူများအဖို့လည်း သူ၏ တိုးတက်ပြောင်းလဲလာသော အမြင်တို့ကို မဖတ်ရ မသိရတော့။ နှစ်ဖက်လုံး နစ်နာကြသည်။

နိုင်ငံရေးသမားတို့လည်း ထိုဒုက္ခမျိုးကြုံရသည်။ ယခင်နုစဉ်က အယူဝါဒမျိုးနှင့် ထောက်ခံမှုရလာသည်၊ အောင်မြင်လာသည်။ ကိုယ်က ဉာဏ်မြင့်သူ သို့မဟုတ် ကြိုးစားသူ သည့်အခါ အချိန်ပြောင်းလာသည်နှင့်အမျှ အသိပညာတက်လာသည်၊ လောကကို မြင်ပုံက အရင်နဲ့မတူတော့။ ကိုယ်မြင်ပုံတွေးပုံနှင့် ယနေ့ခေတ်ပြဿနာတွေကို ချပြတော့ ကိုယ့်လူတွေက လက်မခံ။ ကိုယ်က ၂၁ ရာစုရောက်နေပြီ၊ ကိုယ့်လူတွေက ၁၉ ရာစု၊ ၂၀ ရာစုတွင် ကျန်ခဲ့သည်။ ထိုအခါ ကိုယ့်လူတွေရဲ့ ထောက်ခံမှုမှာ သာယာနေသည့်အတွက် ကိုယ့်လူတွေ ကြိုက်တာလေးပဲ ရွေးပြောရသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူ သူရဲကောင်းတို့သည် နိုင်ငံလွတ်လပ်ရေးရအပြီးတွင် ထိုသို့ပင် လွတ်လပ်ရေးဆုံးရှုံးသွားရသည်ကို ကမ္ဘာ့သမိုင်းတွင် အများအပြားတွေ့ခဲ့ရသည်။ ကိုယ့်လူများကို အမြင်၊ အလုပ်တိုးတက်လာအောင် ဦးဆောင်ရမည့်အစား ကိုယ်ကိုယ်တိုင် အပိတ်ဆို့ခံလိုက်ကြရသူ သူရဲကောင်းဟောင်းများမှာ နှမြောဖွယ်ကောင်းလှသည်။

အချို့ပုဂ္ဂိုလ်များမှာမူ ကိုယ်ပြောင်းသွားပြီးသည့်နောက်တွင် ကိုယ့်လူများ ကို သဘောပေါက်လာအောင် ပြောနိုင်ရှင်းပြနိုင်ကြသည်။ အစပထမတွင် ကိုယ့်လူများသည် မယုံသင်္ကာဖြစ်ကြ၊ သဘောမပေါက်ကြဖြစ်သော်လည်း ထိုသူရဲကောင်း၏ စိတ်ဓာတ်နှင့် စရိုက်ကိုသိကြသည့်အတွက် နားလည်သွားကြသည်။ ခက်သည်က ထိုသို့သော အောင်မြင်သည့်နိုင်ငံရေးသမားမျိုးများသည် ရှားပါးလှသည်။ အထူးသဖြင့် နိုင်ငံသည် ပညာရည်နိမ့်ကျလေ၊ အစွဲသန်လေလေ ထိုသို့သော နိုင်ငံရေးသမားမျိုးထွက်ပေါ်ရန် ခဲယဉ်းလေလေဖြစ်သည်။

ဘေးပတ်ဝန်းကျင်အမြင်ကို ထည့်တွက်ရမည်ဖြစ်သော်လည်း ဘေးပတ်ဝန်းကျင်အမြင်တို့သည် အမြဲမှန်ကြသည်မဟုတ်။ သို့သော် နာမည်ရလာသူများသည် ပတ်ဝန်းကျင်အမြင်ကို ပိုပြီးပင်ထည့်တွက်ရ သေးသည်။ အတွေးလွတ်လပ်ခြင်း၊ အလုပ်အကိုင်လွတ်လပ်ခြင်းတို့ကြောင့် နာမည်ကျော်လာသူများသည် နာမည်ကျော်လာသည့်အတွက် လွတ်လပ်မှု ပြန်ဆုံးရှုံးသွားရခြင်းမှာ တရားကျဖွယ်ကောင်းလှသည်။

လွတ်လပ်ရေးကို တိုက်ယူမှရသည့်အတွက် နာမည်ကျော်သူများ၊ လူကြိုက်များသူများသည် သူတို့၏လွတ်လပ်ရေးကို သူတို့ကိုယ်တိုင် တိုက်ယူရမည်။ နာမည်မကျော်သေးသူများလည်း လွတ်လပ်ရေးကို ကြိုတင် ထိန်းသိမ်းထားရပေမည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *