သရုပ်ဆောင် နေတိုးနှင့် တွေ့ဆုံခြင်း

“Rose Rider ကားက ကျွန်တော်တို့ဘ၀အတွက် မှတ်တိုင်တစ်ခု၊ နှင်းဆီကိုအားပေးခဲ့တဲ့ ပရိသတ်အတွက် နှင်းဆီကနေရိုက်တဲ့ ရုပ်ရှင်တစ်ခုအနေနဲ့ ပေးဆပ်တဲ့သဘောနဲ့ ထုတ်လုပ်ရိုက်ကူးထားတာပါ။ အကျိုးအမြတ် ကို ထည့်မတွက်ထားပါဘူး”

ကြောက်ကြောက်ကြောက် ဇာတ်ကားကို DOP (Director of Photography) အနေနဲ့ တာဝန်ယူခဲ့ပုံ၊ မိန်းမလျာဇာတ်ရုပ်နဲ့ ဖေ့စ်ဘွတ်ခ်မှာဝေဖန်မှုခံနေရတဲ့ တာတေကြီးဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံ၊ မကြာခင် ထုတ်လုပ်ရိုက်ကူးသွားမယ့် Rose Rider ဇာတ်ကားအပေါ် ရင်ခုန်သံတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို The Voice က သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး မေးမြန်း ထားတာဖြစ်ပါတယ်။

Voice : ကြောက်ကြောက်ကြောက် ဇာတ်ကားထဲမှာ ကာရိုက်တာက ဘယ်လိုမျိုးလဲ။

NT : ကျွန်တော့် ကာရိုက်တာက ကြောက်တတ်ပေမယ့် မကြောက်တတ်ဘူးလို့ နာမည်ကြီးတဲ့ လူတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

Voice : ဒီကားမှာ သရုပ်ဆောင်အပြင် DOP (Director of Photography) အပိုင်းပါ တာဝန်ယူထားတော့ ဒီကားနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောချင်လဲ။

NT : အဓိကကတော့ ဒီကားရဲ့ပုံစံကိုက ကြောက်တာနဲ့ ရယ်စရာကို ရောထားတာပါ။ ထူးခြားတဲ့အနေနဲ့က ဓာတ်ပုံ ပြိုင်ပွဲတွေ လုပ်ဖြစ်တယ်။ အခုလိုမျိုး ဓာတ်ပုံပြိုင်ပွဲကလည်း ကြောက်တာနဲ့ ရယ်စရာတွေကိုရောထားတဲ့ ဇာတ်ကောင်တွေက သာမန်ကားတွေနဲ့ မတူဘူးဆိုတော့ ဒီလိုအခွင့်အရေးတွေလုပ်လို့ရတာပေါ့။ ကားတိုင်းကိုတော့ ပြိုင်ပွဲတွေလုပ်လို့ မရဘူးလေ။ ဒီကားလေးက ထူးခြားချက်တွေရှိတယ်။ ဒီကားထဲမှာ ဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးတွေ၊ပရိသတ်အတွက် ပျော်စရာကောင်း မယ့် အက်တင်အမျိုးအစားလေးတွေ ပါတယ်ဆိုတော့ ဒီကားလေးက ကျွန်တော့်အတွက် အမှတ်တရ ဖြစ်တယ်။ ကျေလည်း ကျေနပ်ပါတယ်။ ပြီးတော့ ကျွန်တော့် ပထမဦးဆုံး DOP အနေနဲ့ တာဝန်ယူပြီးလုပ်ထားတဲ့ ကားလေးလည်းဖြစ်တော့ အခက်အခဲ တွေက အများကြီးရှိခဲ့ပါတယ်။

Voice : နောက်ထပ် DOP (Director of Photography) အနေနဲ့ ကမ်းလှမ်းလာရင် လက်ခံသွားဖို့ရှိလား။

NT : ရှိပါတယ်။ ဒါပေမဲ့ အဓိကဇာတ်အပေါ်တော့ မူတည်ပါတယ်။ ကျွန်တော်ပါဝင်မယ့် အခန်းကဏ္ဍအပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်လုပ်လို့ရတဲ့ အခွင့်အရေးပေးလာရင်တော့ လုပ်သွားဖို့ရှိပါတယ်။

Voice : မိန်းမလျာပုံစံနဲ့ သရုပ်ဆောင်ထားတဲ့ တာတေကြီးဇာတ်ကား ဖေ့စ်ဘွတ်ခ် မှာ (Teaser) တင်လိုက်ချိန်မှာ ဝေဖန်မှုတွေရှိနေတော့ ဒီကားက ဘယ်လို Message ပေးချင်တာလဲ။

NT : အဓိက လူတစ်ယောက်ဖြစ် တည်လာမှုမှာ မိန်းမလျာဇာတ်ကောင်တွေ ရှိတယ်လေ။ အဲဒီဇာတ်ကောင်တွေကို ဟာသအမြင်နဲ့ ရိုက်တာများကြတယ်။ ဒီကားမှာ သူ့ရဲ့ဘ၀ပေးအခြေအနေ၊ နောက်ပြီးတော့ သူ့ဘ၀ရဲ့ ဖြတ်သန်းလာတဲ့ ဘ၀ တစ်ခုမှာ ဒီလိုမျိုး မိန်းမလျာစိတ်ဝင်နေတဲ့ လူတစ်ယောက်မှာ သူ့ရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကိုထုတ် ဖော်ထား တယ်။ အဓိက ကျွန်တော်တို့က ဘ၀နဲ့ သရဲကားကို ဖော်ကျူးထားတာ။ ပရိသတ်ကိုပြောချင်တာက ဒီကားက ရယ်စရာကား လုံးဝမဟုတ်ဘူး။ ဘ၀ဆန် တဲ့ကား၊ သနားစရာကောင်းတဲ့ ဇာတ်ကား အမျိုးအစားပါ။

Voice : ရှေ့မှာ မိန်းမလျာဇာတ်ရုပ်မျိုး ရိုက်ခဲ့တာနှစ်ကားရှိပြီဆိုတော့ နောက်ထပ်ကမ်းလှမ်းလာရင် လက်ခံ သွားဖို့ ရှိလား။

NT :ကျွန်တော်က ဇာတ်ကားတစ်ကားဆိုရင် ဇာတ်လမ်းရဲ့တင်ပြမှုအပေါ်ကို ကြည့်ပါတယ်။ ကျွန်တော့်အနေနဲ့ တာတေ ကြီးရိုက်တုန်းကလည်း မာမီရှိန်းနဲ့ လုံးဝမတူတဲ့အတွက် ရိုက်ခဲ့တာပါ။ နောက်ထပ် တာတေကြီး၊ မာမီရှိန်းတို့လိုမျိုး တူတဲ့ ဇာတ်ကောင်မျိုးလာရင် ကျွန်တော်ရိုက်ဖြစ်မှာမဟုတ်ဘူး။ ဒီထက်မက ပရိသတ်ကို ဒီနှစ်ကားရဲ့ ဇာတ်ဆောင်ကိုနိုင်တဲ့ ဇာတ်ရုပ် မျိုးဆို စဉ်စားဖြစ်မှာပါ။

Voice : Rose Rider ဇာတ်ကားကို နိုင်ငံတကာရိုက်ကူးမှုပုံစံနဲ့ ရိုက်မှာဆိုတော့ ဘယ်လိုပုံစံမျိုးလဲ။

NT : အဓိက ကျွန်တော်တို့ပစ္စည်းတွေကို တော်ရုံတန်ရုံ ဇာတ်ဝင်ခန်းတွေမှာ ငှားရမ်းပြီး အသုံးပြုတာမျိုး မဟုတ်ဘူး။ တကယ့်ကို Production က ဝယ်ပြီး ဒီဟာကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လုပ်တာပါ။ ဒါသည် နံပါတ်တစ် မြန်မာ့ရုပ်ရှင်နဲ့ ကွဲလွဲချက် တစ်ခုပေါ့။ ကျွန်တော်တို့ ဆိုင်ကယ်တွေ ဝယ်တယ်။ ပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေကို ငှားရမ်းတာမဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် အပ်ပြီးတော့ အကုန်လုံး အဝတ်အစား ဒီဇိုင်းကအစ၊ အသံဒီဇိုင်းတွေ၊ ဇာတ်ကားရဲ့ Costume ဒီဇိုင်းတွေကအစ အကုန်လုံးကို Professional ဖြစ်တဲ့ Crew တွေ၊ Theme တွေနဲ့ သွားထားပါတယ်။

Voice : ဒီကားက ကိုနေတိုးတို့ ထုတ်လုပ်ရေးဖြစ်တဲ့ Story Book Film ပထမဦးဆုံး ရိုက်ကူးမှာဆိုတော့ ဒီကားအပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

NT : ဒီကား ရိုက်မယ်ဆိုကတည်းက အကျိုးအမြတ်အပေါ်မှာ မူတည်ပြီးတော့ ထားထားတဲ့ကား မဟုတ်ပါဘူး။ အရှင်းဆုံးပြောရရင် လောလောဆယ် ကျွန်တော်တို့ရိုက်ကူးနေတဲ့ ကားတွေ ထက်တော့ နှစ်ကား၊ သုံးကားစာလောက်တော့ ကုန်ကျစရိတ်များမယ်။ ဒါပေမဲ့ Rose Rider ကားက ကျွန်တော်တို့ဘ၀ အတွက် မှတ်တိုင်တစ်ခု၊ နှင်းဆီကိုအားပေးခဲ့တဲ့ ပရိသတ်အတွက် နှင်းဆီကနေရိုက်တဲ့ ရုပ်ရှင်တစ်ခုအနေနဲ့ ပေးဆပ်တဲ့သဘောနဲ့ ထုတ်လုပ်ရိုက်ကူးထားတာပါ။ အကျိုး အမြတ်ကို ထည့်မတွက်ထားပါဘူး။ နောက်ထပ်လည်း ရုပ်ရှင်ကားတွေ ဆက်ရိုက်သွားဖို့ ရှိပါတယ်။

Voice : ကိုယ်ပိုင်ရုပ်ရှင်စတူဒီယိုလုပ် ဖြစ်ပုံနဲ့ ဘယ်တော့လောက် ဖွင့်ဖို့မှန်းထားလဲ။

NT : စတူဒီယိုက ကျွန်တော်တို့က နိုင်ငံတကာကို သွားတဲ့အချိန်မျိုးမှာ ထိတွေ့တဲ့၊ မြင်တွေ့ရတဲ့ ပုံစံတွေကို ဒီနိုင်ငံ မှာ လုပ်လို့ရတဲ့ အနေအထားရှိတော့ ကြိုးစားကြည့်တာပါ။ အရမ်းကြီးထွေထွေထူးထူး မဟုတ်ပါဘူး။ ရုပ်ရှင်စတူဒီယိုဆိုတာ ဂိုဒေါင်တစ်ခုသဘောမျိုးပါပဲ။ ဂိုဒေါင် တစ်ခုမှာ တည်ဆောက်ထားတာက အိမ်နဲ့ မတူတာ၊ နေရာတွေကကျယ်တယ်။ လိုချင်တဲ့ ပုံစံကို ပြောင်းလဲပြင်ဆင်ရတဲ့ အနေအထားမျိုးပါပဲ။ အခု လောလောဆယ် ဖွင့်ဖို့ကတော့ လိုပါသေးတယ်။

Voice : ဗီဒီယိုဈေးကွက်ပျက်နေချိန် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေကြချိန်မှာ ဘာကြောင့် ရုပ်သံဇာတ်လမ်းတွဲ မရိုက် ဖြစ်တာလဲ။

NT : ကျွန်တော့်ကို ရိုက်ဖို့လာပြောနေတဲ့ ကားတွေတော့ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်းတွဲရိုက်ဖို့က အချိန်အကြာကြီး ပေးရမှာဆိုတော့ အဲဒီအတွက် ကျွန်တော် စဉ်းစားနေတာပါ။ အခုလောလောဆယ် အချိန်လည်း မပေးနိုင်သေးတော့ မရိုက်ဖြစ် သေးဘူး ဖြစ်နေတယ်။

Voice : အနုပညာရှင်တွေ Social Media တွေကနေ ထိုးဖောက်လာတဲ့ အပေါ် ဘယ်လိုမြင်မိလဲ။

NT : ကျွန်တော့်အနေနဲ့ မြင်တာက Social Media ဆိုတာ ခေတ်တစ်ခု၊ အခြေအနေတစ်ခု အချိန်ကာလတစ်ခုမှာ ထိုးဖောက်ဝင်ရောက်မှုဆိုတာ အရင်ထက် မြန်ဆန်လာတယ်ပေါ့။ အရှင်းဆုံးပြောရရင်တော့ ကိုယ် တော်တယ်၊ ကိုယ် ကြိုးစား တယ်ဆိုရင် ကြိုးစားသလောက်အရာ ထင်တယ်။ မကောင်းတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်ပေါ့နော်။ တုံ့ပြန်ဖို့ အရမ်း လွယ်တယ်။ လူတွေအတွက် ဒီလိုမျိုး Social Media ကျယ်ပြန့်လာတာနဲ့အမျှ မိမိကိုယ် မိမိပိုပြီးတော့လုံခြုံဖို့၊ အကောင်း ဘက်ကို ဦးတည်ပြီးတော့သွားဖို့အတွက် အစစအရာရာအသိပေးတာမျိုးတွေ ဖြစ်ပါတယ်။

Voice : အနုပညာပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်တော့ ဘယ်လိုမြင်မိလဲ။

NT : တစ်နှစ် တစ်နှစ်က သရုပ်ဆောင် တွေအတွက် အရမ်းကိုကြိုးစားဖို့ အများကြီးလိုအပ်လာတယ်။ ဘာဖြစ်လို့လဲဆို တော့ ရုပ်ရှင်ရိုက်ကူးမှုတွေက ဇာတ်ကားတွေလည်းများလာတယ်။ ပြီးတော့ ဒီလိုမျိုး အပြိုင်အဆိုင်တွေဖြစ်လာတော့ ပရိသတ် တွေအတွက် ရွေးချယ်ရတာ ကွာလတီပိုင်းကအစ အဘက်ဘက်ကို ပြည့်စုံဖို့လိုအပ်တဲ့အတွက် ကျွန်တော်တို့အနုပညာရှင်တွေ အရင်ကထက်ပိုပြီးတော့ ဂရုတစိုက်နဲ့ ပရိသတ်ကို ပိုပြီးတော့ အလေးထားဖို့လိုတယ်လို့ ထင်ပါတယ်။

Voice : ကျွန် ဇာတ်ကားရုံတင်တော့ ပရိသတ်အားပေးမှုရပေမယ့် ဝေဖန်မှုတွေ ရှိတဲ့အပေါ် ဘာများ ပြောချင်လဲ။

NT : ဒီကားက ၂၀၁၇ မှာ ကျွန်တော်ရဲ့ပထမဦးဆုံး ရုံးတင်တဲ့ကားပါ။ ဇာတ်ကားမှာ ပေးထားတဲ့ရည်ရွယ်ချက်က လူသားအချင်းချင်း စာနာနားလည်မှုတစ်ခုကိုပဲ ဦးတည်ထားတာပါ။ ဝေဖန်မှုတွေက အခု ဒီကားလည်းရုံကျသွားပြီဆိုတော့ အခု လောလောဆယ် ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာ ကျွန်တော် သေချာမသိဘူး။ ဒါပေမဲ့ အကုန်ုလုံးတော့ ပြေပြေလည်လည် ဖြစ်သွားရင် ကောင်းတာပေါ့။ ကျွန်တော်တို့အနေနဲ့က နှစ်ဦး၊ နှစ်ဖက်စလုံးကို ပြေလည်စေချင်တယ်။

Voice : ပရိသတ်ကို အချစ်ရေးနဲ့ ပတ်သက်ပြီး အသိပေးချင်တာမျိုး ရှိပြီလား။

NT : ဒီမေးခွန်းက ကျွန်တော်အနေနဲ့ လောလောဆယ်မှာ ပြောပြနိုင်လောက်တဲ့ အခြေအနေတစ်ခု အဲဒီလိုမျိုး မရှိသေးဘူး။ အဲဒါကြောင့်မို့ ကျွန်တော်မှာပြောပြနိုင်တဲ့ အခြေအနေတစ်ခုရှိလာတာနဲ့ ပရိသတ်ကို အသိပေးသွားမှာပါ။

 

ဆုအိနြေ္ဒဦး

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *