ရာသက်ပန် မာလကာသီးကုသိုလ်

မန္တလေးမြို့မြောက်ဘက် မန္တလေး- မတ္တရာကားလမ်းကို အကြောင်းအမျိုးမျိုးဖြင့် သွားလာဖူးသည့် မန္တလေးသူ မန္တလေးသားတွေ မနည်းလှပေ။ မတ္တရာကိုသွားလျှင်၊ မိုးကုတ်ကိုသွားလျှင်၊ စကျင်တောင်ကို သွားလျှင်၊ တောင်ပြုန်းကိုသွားလျှင် ဒီလမ်းလေးက မဖြစ်မနေသွားကြရသည်။  ထိုထဲမှ လူတိုင်းမရှောင်ကွင်းနိုင်သော အကြောင်းတရားတစ်ခုကလည်း ရှိသေးသည်။ မိမိဆွေမျိုး၊ မိတ်သင်္ဂဟနာရေးများကို အေးရိပ်ငြိမ်သုသာန်သို့ လိုက်ပို့သည့်အခါလည်း ဒီလမ်းလေးက ဖြတ်ရသည်ချည်းပင်။

ပူဆွေးသောက ရောက်နေသူများ၊  ငိုကြွေးနေသူများ၏ မြင်ကွင်းများက ထို လမ်းလေးပေါ် တစ်ရက်မပြတ်ခဲ့။ ထိုပရိ ဒေ၀မီးများကို ကိုယ်ချင်းစာစွာ ငြိမ်းသက်ပေးနိုင်ရန် စေတနာသဒ္ဓါတရားထက်သန်သော မိသားစုတစ်စု သည်လမ်းလေးမှာပင် ပေါ်ပေါက်လာခဲ့ပါသည်။ သူတို့၏အမည်က ဦးဝင်းကြိုင်-ဒေါ်ရင်။ သို့သော် နာရေးကူညီမှုအသင်းကားများ၊ ပဋ္ဌာန်းအဖွဲ့များနှင့်  လမ်းသွားလမ်းလာ အားလုံးလိုလိုက တညီတညွတ်တည်းပေးထားသည့် အမည်ရှိသည်။ ‘ရာသက်ပန် မာလကာသီး ကုသိုလ်ဆိုင်’။

အသက် ၄၆ နှစ်ကိုယ်စီရှိပြီဖြစ်သော ဦးဝင်းကြိုင်နှင့် ဒေါ်ရင်တို့သည် ကြေးရတတ် လူတန်းစားများမဟုတ်ခဲ့ပါချေ။ သို့သော် စေတနာချမ်းသာသူများဟု ဆိုရမည်။ မန္တလေး-မတ္တရာ ကားလမ်း၊  အေးရိပ်ငြိမ်သုဿန်မရောက်မီ တောင်ပြုန်း လမ်းခွဲအနီးတွင် ၎င်းတို့၏ မာလကာသီး ဆိုင်လေးရှိသည်။ ထိုလမ်းပေါ်တွင် မတ္တရာမြို့ထွက် မာလကာသီးရောင်းချသူ အများအပြားရှိသော်လည်း ထိုဆိုင်လေးကတော့  အများနှင့်မတူ တမူထူးခြားနေသည်။

မျက်နှာစာအဖွင့် ဆယ်ပေခန့်သာ  ကျယ်ဝန်းမည်ဖြစ်သော ထိုလမ်းဘေးဆိုင်ကလေးတွင် အပြာရောင် ဗီနိုင်းဆိုင်းဘုတ်တစ်ခုကို ခန့်ညားစွာတပ်ဆင်ထားသည်။  “နိဗ္ဗာန်ယာဉ်များအားလုံး ကျွန်မတို့ဆိုင်တွင် မာလကာသီးများ (အခမဲ့) ဝင်ရောက် သုံးဆောင်နိုင်ပါသည်” ဟူ၍။ ဆိုင်၏နောက်ကျောဘက်တွင် လူမှုကူညီရေးအသင်းများက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းများကို မှန်ဘောင်များနှင့်ထည့်ကာ  တန်းစီချိတ်ဆွဲထားသည်က ဆိုင်နောက်ခံ  တစ်ခုလုံးပြည့်မတတ်။ ဒါသည်ပင် မချိတ်ဆွဲရသေးသည့် ဂုဏ်ပြုမှတ်တမ်းလွှာတချို့က ဆိုင်အနောက်ရှိ ကွပ်ပျစ်လေးပေါ်တွင်  ထပ်လျက်သားကျန်သေးသည်။

“ဂုဏ်ပြုမှတ်တမ်းလွှာတွေ စုစုပေါင်းဆို ၇၅ ခုရှိပြီ” ဟု ဆိုင်ရှင် ဒေါ်ရင်က ဂုဏ်ယူစွာပြောကြားသည်။ ထိုဂုဏ်ပြု မှတ်တမ်းလွှာတွေထဲမှာ မန္တလေး၊ မတ္တရာ၊  လက်ပံလှ၊ မိုးကုတ် စသော မြို့အသီးသီးကလည်းပါသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊  အစ္စလာမ်၊ ဟိန္ဒူစသော ဘာသာအသီးသီးမှ လူမှုကူညီရေးအသင်းများ၏ ဂုဏ်ပြုလွှာတွေလည်းပါသည်။ ပရဟိတကာချုပ်ကြီး ဟု တင်စားကြသော ဦးကျော်သူက ချီးမြှင့်သည့် ဂုဏ်ပြုလွှာနှင့် အမှတ်တရပုံပင် ပါသေးသည်။ ဂုဏ်ပြုလွှာတိုင်းမှာလည်း ‘ရာသက်ပန် မာလကာသီးကုသိုလ်ရှင်  ဦးဝင်းကြိုင်-ဒေါ်ရင်’ ဆိုသော စာသားများ က အထင်းသား။

ဤမျှ သဒ္ဓါတရားကောင်းစွာ နေ့စဉ်တစ်ရက်မပြတ် နိဗ္ဗာန်ယာဉ်များကို မာလကာသီးကုသိုလ်ပြုခဲ့သော ဆိုင်ကလေးသည် ၂၀၀၆ ခုနှစ်ကတည်းက ဒါနပါရမီ ဖြည့်ခဲ့သည်ဟုဆိုရမည်။ ထိုအချိန်က  မာလကာသီးဆိုင်လေးသည် ယခု တောင်ပြုန်းလမ်းခွဲနေရာမှာ မရှိသေး။ ယခုနေရာ၏ တောင်ဘက်ခပ်လှမ်းလှမ်း ပဲလှော်ဖိုရွာအနီး ကားလမ်းဘေးတွင်  လမ်းဘေးဆိုင်ငယ်လေးဘ၀နှင့် ရပ်တည်တုန်းဖြစ်သည်။

နေ့စဉ်တစ်ရက်မပြတ် ဆိုင်ရှေ့မှ ဖြတ်၍ အေးရိပ်ငြိမ်သုသာန်သို့ သွားလာနေကြသော နိဗ္ဗာန်ယာဉ်များ၊ ကျန်ရစ်သူ မိသားစုများက အပူများကိုကြည့်ပြီး ဦးဝင်းကြိုင်နှင့် ဒေါ်ရင်တို့ တစ်ခုခုကို သဘောပေါက်ခဲ့သည်။ တစ်ရက်တော့ ဗြဟ္မစိုရ် အသင်းက နာရေးပို့ပြီးပြန်လာသည့် နိဗ္ဗာန်ယာဉ်မောင်းတစ်ဦးဆိုင်ထဲသို့ မာလကာသီး လာရောက်ဝယ်ယူရာမှ ဒေါ်ရင်တစ်ယောက်  မေးမြန်းကြည့်မိတော့သည်။

“အခမဲ့ နိဗ္ဗာန်ယာဉ်” ဆိုတာ  ဘာလဲ တူလေး။ ထိုအခါ ကားမောင်းသူ လူငယ်က ဗြဟ္မစိုရ်အသင်း၏ နာရေးလမ်းကြောင်းကူညီမှုများအကြောင်း ရှင်းပြတော့ ဦးဝင်းကြိုင်နှင့် ဒေါ်ရင်တို့ သဒ္ဓါတရားပေါက်လာခဲ့သည်။ “ဟုတ်ပြီ။ ဒါဆို တို့များလည်း ကုသိုလ်ယူမယ်။ ဒီနေ့ကစ  နိဗ္ဗာန်ယာဉ်တွေ ဘယ်အသင်း၊ ဘယ်သူဖြစ်ဖြစ်၊ တစ်ရက် ဘယ်နှကြိမ်ဖြစ်ဖြစ်၊ ဆိုင်ကို မာလကာသီး အခမဲ့ လာစားနိုင် တယ်။ ငါတို့ တတ်နိုင်သလောက်လှူမယ်” ဟု ဆုံးဖြတ်ချက်ချလိုက်ကြသည်။ “နာရေးပို့သူဆိုတာ ဘယ်လိုလုပ်  စိတ်လက်ချမ်းသာလာတဲ့သူပါပါ့မလဲ။  ကျန်ရစ်သူမိသားစု မစားနိုင် မသောက်နိုင် ဝမ်းနည်းပူဆွေးနေတာတွေ မာလကာသီး လေးစားရင်းနဲ့ အမောပြေမှ ပြေပါစေတော့ဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ မာလကာသီးကုသိုလ်လုပ်လာတာ ခုဆိုရင် ၁၁ နှစ်တောင် ရှိပါပေါ့” ဟု ဒေါ်ရင်ကဆိုသည်။

ဗြဟ္မစိုရ်အဖွဲ့၏ နာရေးလမ်းကြောင်းတိုင်းအတွက် မာလကာသီးကုသိုလ်ပြုသည်ကို သတင်းကြားတော့ ဗြဟ္မစိုရ်အဖွဲ့ ဦးဆောင် နာယကဆရာတော် ဦးတိက္ခ ကိုယ်တိုင် လာရောက်ချီးမြှောက်ခဲ့သည်ဟုလည်း ဆိုသည်။ ဦးဝင်းကြိုင်-ဒေါ်ရင်နှင့်  သားသမီးငါးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦးကတော့ မာလကာသီးရာသက်ပန်  ကုသိုလ်ပြုမည်ဟု ဆုံးဖြတ်ပြီးချိန်မှစ  ယနေ့ထိတိုင် တစ်ရက်မပြတ် မာလကာသီး ကုသိုလ်ပြုနေကြတုန်းပင်။

နိဗ္ဗာန်ယာဉ် လူမျိုးဘာသာ မြို့မရွေး မာလကာသီးကုသိုလ် ဒါနမြောက်အောင်  အလှူခံနိုင်သည်။ နာရေးလမ်းကြောင်း စောစောပို့ကြသောနေ့များတွင် မာလကာသီး ဈေးဦးမပေါက်သေးသော်လည်း ဒါနဈေးဦးပေါက်ဆိုပြီး ဝမ်းပန်းတသာ လှူကြသည်ချည်းသာဖြစ်သည်။ မနက်စောစော  နာရေးကား ဆိုင်ရှေ့ရောက်လာလို့ဟူ၍လည်း အယူမသီးတတ်ကြ။ တစ်ခါတလေတော့ ဈေးဝယ်တချို့က ၎င်းတို့ ဝယ်ယူနေချိန် ဘေးမှာ နာရေးကားတစ်စီး၊ နိဗ္ဗာန်ယာဉ်တစ်စီး ဆိုက်လာတာမြင်လျှင် ချက်ချင်းပင် မာလကာသီးတွေပစ်ချပြီး  ကားပေါ်တက်ပြေးသွားတတ်ကြသည်များလည်း ကြုံခဲ့ဖူးသည်ဟုဆိုသည်။

 

“အဲလိုအချိန်များ ဈေးမရောင်းလိုက်ရလို့တော့ ဝမ်းမနည်းပေါင်။ မလှူလိုက်ရရင်သာ ဝမ်းနည်းမှာ” ဟု ဒေါ်ရင်က  ရယ်ရယ်မောမောဆိုရှာသည်။ ယခုလို မိုးတွင်း မာလကာသီးပေါချိန်ဆို ထိုင်ဝမ် ကီလိုမာလကာဟုခေါ်သော မာလကာ အဖြူသီး၊ အူနီသီးများရောင်းချသည်။  တစ်ခါတလေတောလည်း ရာသီပေါ် ဩဇာ၊ ပိန္နဲ၊ သခွား၊ ဖရဲတို့လို အသီးတချို့ တင်ရောင်းသည်။ မာလကာသီးကတော့ အဓိက ရောင်းကုန်ဖြစ်သည်။ တစ်ရက်လျှင် အလုံး ၃၀၀ ခန့်ရောင်းရတတ်ပြီး  လှူဒါန်းသည်က ပျှမ်းမျှအားဖြင့် ၅၀-၈၀ ခန့် ရှိသည်ဟုဆိုသည်။

“ဒီဆိုင်လေးကို လူမှုရေးအသင်းတွေတော်တော်များများက သိနေတော့ ဒီလိုပဲ လမ်းကြုံတိုင်းဝင်ကြတယ်။ သူတို့ မိသားစုဝင်တွေကလည်း တကူးတက ဝယ်ပြီးအားပေးတတ်ကြတယ်။ တခြား ဆိုင်တွေထက် ရောင်းကောင်းတာပေါ့။  လှူတာများသွားလို့ အမြတ်နည်းတယ်ရယ်လည်း ဘယ်တုန်းကမှ မတွက်ဖူးဘူး။  ဒီမာလကာသီးအလှူဆိုတာ မာလကာသီး ဝယ်သူအားလုံးရဲ့ ကုသိုလ်ပါ” ဟု ဒေါ်ရင် က ကျေနပ်စွာဆိုသည်။

မလှူတတ်ဈေးရောင်းဆိုသည့်အတိုင်း ဈေးရောင်းရင်း အလှူအတန်းလည်း ပြုလုပ်နေသော ဦးဝင်းကြိုင်-ဒေါ်ရင်တို့ မိသားစုသည် ၂၀၁၄ တွင် တစ်ကြိမ်၊ ၂၀၁၆ တွင်တစ်ကြိမ် အလှူကြီးလည်း ပေးခဲ့ဖူးလေသည်။ “အဲ့တုန်းကဆို နာရေး အသင်းကားတွေနဲ့ပဲ အလှူလှည့်တာ၊  ရှင်အပါး ၁၀၀ ရှင်ပြုအလှူပေါ့။ တချို့တွေသာဆို အယူသီးပြီး နိမိတ်မကောင်းဘူးတွေ ဆိုရင်ဆိုကြမှာ။ အန်တီတို့ကတော့  ကိုယ့်အလှူမှာ ဒီလိုမျိုး အသင်းအဖွဲ့အစုံ ဝိုင်းဝန်းကြတာကိုပဲ ဝမ်းသာလို့ကိုမဆုံးတာ” ဟု ဂုဏ်ယူခဲ့ကြသည်။

ဂုဏ်ပြုဆိုင်းဘုတ်တွေ မိုးထားသည့်ဆိုင်ဟုဆိုရမည့် ဦးဝင်းကြိုင်-ဒေါ်ရင်  တို့၏ ရာသက်ပန် မာလကာသီးကုသိုလ် ဆိုင်လေးသည် ဆိုင်သေးသေးလေးပင်ဖြစ်သော်လည်း လေးစားစရာ ဂုဏ်ယူစရာတို့က အပြည့်ပင်။  “တစ်နေ့ ဒီလမ်းကို သွားကြရမယ့် သူတွေပဲလေ။ ဘာတွေအယူသီးနေဦးမှာလဲ။ အန်တီတို့သေသွားရင်လည်း သား သမီးတွေကို ဒီကုသိုလ်တွေ အမွေပေးပြီး  ဆိုင်လေးကို ဆက်ဖွင့်နေဦးမှာပါ” ဟု ဒေါ်ရင်ကဆိုသည်။

လူမျိုးမရွေး၊ ဘာသာမရွေး၊ ဒေသမရွေး လှူဒါန်းကုသိုလ်ပြုနေသော  ဦးဝင်းကြိုင်-ဒေါ်ရင်တို့၏ စေတနာ ‘ရာသက်ပန် မာလကာသီးကုသိုလ်’ ဆိုင်လေး၏ဂုဏ် သတင်းက တစ်နေ့ထက်တစ်နေ့ မွှေးပျံ့နေပါဦးမည်။

ယဉ်ယဉ်နှောင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *