မြောက်ကိုရီးယား နှင့် ဆက်နွှယ်မှု မြန်မာကို အမေရိကန်အုပ်ချုပ်ရေး အဖွဲ့ ဖိအားပေး

ဝါရှင်တန်၊ ဇူလိုင် ၂၂

 

မြောက်ကိုရီးယား နှင့် ဆက်နွှယ်မှုမရှိဟု အရပ်သား ဦးဆောင်လျက်ရှိသည့် မြန်မာအစိုးရက ငြင်းဆိုထားသော်လည်း ပြုံယမ်းနှင့် မြန်မာစစ်တပ်ကြား ဆက်သွယ်မှု ဆက်လက်တည်မြဲ နေခြင်းကြောင့် ဆက်သွယ်မှုများ လုံးဝဖြတ်တောက်ရန် အမေရိကန် ထရမ့်အုပ်ချုပ်ရေးအဖွဲ့ က ဖိအားပေးလျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် ဆက်နွှယ်မှုရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အမည်ခံခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကို မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်၏ ယခုရက်သတ္တပတ်တွင်း မြန်မာခရီးစဉ်တွင်း ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာကြာ စစ်အုပ်ချုပ်ရေး ကာလမှ စတင်အခြေတည်လာသည့် မြောက်ကိုရီးယားနှင့် မြန်မာကြား ဆက်သွယ်မှုကို အမေရိကန်က စိုးရိမ်နေကြောင်း အမေရိကန် သံတမန် ဂျိုးဆက်ယန်၏ မြန်မာနိုင်ငံ ခရီးစဉ်က ဖော်ပြလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သောကြာနေ့ တွင် ပြောကြားသွားသည်။

သို့သော်လည်း မြန်မာနှင့် မြောက်ကိုရီးယားကြား မည်ကဲ့သို့သော စစ်ရေးပူးပေါင်းမှု ရှိနေကြောင်းကို အဆိုပါ အရာရှိက ဖြေကြားရန် ငြင်းဆိုထားသည်။

ထို့ အပြင် ဝါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးကလည်း အဆိုပါအရေး နှင့် ပတ်သက်ပြီး ဖြေကြားပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။

အတိတ်ကာလများတွင် မြောက်ကိုရီးယားထုတ်လက်နက်များကို တင်သွင်းသည်၊ မြောက်ကိုရီးယား နိုင်ငံသားများ မြန်မာနိုင်ငံတွင်း အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ယူဆ၍ရသော်လည်း ၂၀၁၁ ခုနစ် မတိုင်ခင် ကာလမှ စတင်ပြီး မြောက်ကိုရီးယားနှင့် လက်နက်သဘောတူညီချက်၊ စစ်ရေး ဆက်ဆံရေးတို့ ရပ်တန့်ခဲ့ကြောင်း မြန်မာနိုင်ငံက အခိုင်အမာ ပြောကြားထားသည်။

လက်ရှိအချိန်ထိမူ တရုတ်၏ လွမ်းမိုးမှု ပတ်လမ်းတွင်မှ ဆွဲထုတ်ရန် ဝါရှင်တန်လိုလားနေသည့် သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံ အပေါ် သံတမန်ရေးအရသာ ကိုင်တွယ်နေသေးသည်။

သို့သော်လည်း အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် အခြေအနေဆိုးရွားလာပါက အရေးယူပိတ်ဆို့မှု အပါအဝင် နည်းလမ်းများစွာကို အသုံးပြုသွားနိုင်သည်ဟု အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသွားသည်။

ထို့ အပြင် မြောက်ကိုရီးယားနှင့် မြန်မာကြား ဆက်ဆံမှု လုံးဝ ရပ်ဆိုင်းသွားပြီဟု ဝါရှင်တန် မယုံမချင်း အမေရိကန် နှင့် မြန်မာကြား ပုံမှန် ဆက်ဆံရေးအပြည့်အဝ ထူထောင်ရန် ခက်ခဲနေဦးမည်ဟု ၎င်းက အလေးအနက် ဖော်ပြသွားသည်။

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည်ဆိုသော တာဝေးပစ်ဒုံးပျံ တစ်စင်းကို ဇူလိုင် ၄ ရက်နေ့ တွင် မြောက်ကိုရီးယား စမ်းသပ်လိုက်ပြီးနောက် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဂျိုးဆက်ယန်၏ မြန်မာနိုင်ငံ ခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *