ဗစ်ကီ၏ လူနာ

 

ပထမတော့ ပန်းချီကားများကို ကယ်တင်ဖို့ဖြစ်သည်။ နောက်တော့ ပန်းချီဆရာကိုပါ ကယ်တင်လိုက်တော့သည်။ ယခုတော့ ရောဂါဗေဒပညာရှင် ဗစ်ကီတွင် လူနာတစ်ဦးရှိနေပြန်သည်။

(၁)

ထိုအချိန်က မြန်မာနိုင်ငံတွင် တိုက်တိုက်ဆိုင်ဆိုင် ရှစ်လေးလုံးအရေးတော်ပုံ ကာလ။ ဗစ်ကီ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ရန် လေ့လာမည့် ဘာသာစကားနှင့် နိုင်ငံတို့ ရွေးရသည်။

သူရွေးခဲ့သည်က ကတ်စရိုလက်အောက်က ကွန်မြူနစ်နိုင်ငံ ကျူးဘားနှင့် ယင်းအချိန် ဒီမိုကရေစီတော်လှန်ရေး မုန်တိုင်းအကြားက မြန်မာ။

“စွန့်စားရတဲ့နိုင်ငံကို ရွေးတယ်။ အခက်အခဲရှိတဲ့ နိုင်ငံကိုသွားချင်တယ်”ဟု ဗစ်ကီဘိုးမင်းက ဆိုသည်။ ထိုအချိန်က ဗစ်ကီမှာ အသက် ၂၀ ကျော်အရွယ် ခပ်ငယ်ငယ်မိန်းမပျိုလေး။

ပြင်သစ်၊ ဂရိ၊ တရုတ်၊ ဂျပန် စသည့် နိုင်ငံတို့အကြား နာမည်ဆိုးဖြင့် ကျော်ကြားလှသော ကျူးဘားနှင့် မြန်မာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက် အာရှဒေသသို့ပင် လုံးဝ မရောက်ဖူးသေးသော သူ မဲကျသည်က မြန်မာ။

ထိုသည်ပင် သူ့နဖူးစာနိုင်ငံလည်ရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် မြန်မာစာကို ခေတ္တမျှ သင်ကြားပြီးနောက် ရန်ကုန်တွင် တာဝန်ထမ်းရတော့သည်။ ထိုအချိန်က ၁၉၉၀ ပြည့်နှစ်။ မြန်မာစစ်အစိုးရ အာဏာသိမ်းပြီးခါစအချိန်။

ထိုအချိန်က ရှစ်လေးလုံးဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော ရန်ကုန်တက္ကသိုလ်ဥပဒေကျောင်းသား သူ့နဖူးစာမှာ အိန္ဒိယနယ်စပ်တွင်။

သူ့အမည်က ကိုထိန်လင်း။

ထိုအချိန်က ကျောင်းသားတပ်မတော်ဟု အလွယ်ခေါ်သော ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တစ်ဦး။

တာဝန်ကျစ ဗစ်ကီမှာ ရန်ကုန်တွင် ရက်သတ္တပတ်အနည်းငယ်မျှနေပြီးနောက် မြန်မာစာလေ့လာရန် မန္တလေးသို့ ဆက်ပြောင်းသည်။

မန္တလေးတွင် စက်ဘီးတစ်စီးဖြင့် နေထိုင်သွားလာခဲ့ရသည့်အကြောင်း ၂၇ နှစ်ကြာသည့်တိုင် ဗစ်ကီ တမေ့တမော ပြန်ပြောဆဲ၊ အသေးစိတ်များကို ပြန်ပြောင်းအောက်မေ့ဆဲ။

ဗစ်ကီအတွက် မန္တလေးက မြန်မာ စာလေ့လာရန် နေရာဟုဆိုသော်လည်း များစွာမလွတ်လပ်လှ။ ဒေသခံများဖြင့် စကားပြောရန် ပထမနေ့ မိတ်ဆက်ကြည့်သည်။ အဆင်ပြေသည်။ သို့သော် ပိုပြီးလေးလေးနက်နက် ပြောဆိုဆွေးနွေးသင်ယူရန် နောက် တစ်ရက်သွားသောအခါ အဆင်မပြေတော့။

သူတို့ကို ထိုအချိန်က MI ခေါ် စစ်ထောက်လှမ်းရေးက တစ်နည်းနည်းဖြင့် နှောင့်ယှက်ခြိမ်းခြောက်လိုက်ပြီ။

“ဒီအကြောင်းတွေကို အမြဲတမ်းသတိရတယ်။ မန္တလေးမှာ ကျွန်မတစ်ယောက်တည်းလို့ တစ်ခါမှ မဟုတ်ဘူး။ အမြဲတမ်းလိုက်နေတဲ့သူတွေ ရှိပါတယ်”

စက်ဘီးတစ်စီးဖြင့် ဗစ်ကီနောက်ကို ထောက်လှမ်းရေးက အမြဲတမ်းလိုက်နေတတ်သည်ကို ရှင်းပြသည်။

ဗစ်ကီ မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်အထိ မျက်နှာသစ်သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းနေခဲ့စဉ် ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိနေသော ကိုထိန်လင်းမှာ ပြန်တော်ပြန်လာသည်။

ထိုအချိန်က ကချင်ပြည်နယ်ရှိ ABSDF (မြောက်ပိုင်း) စခန်းတွင် ကျောင်းသားအချို့ကို သူလျှိုဟု စွပ်စွဲကာ အချင်းချင်း ဖမ်းဆီးညှင်းဆဲသတ်ဖြတ်မှုများ ဖြစ်ပွားနေချိန်။ ကိုထိန်လင်းနှင့် ကျောင်းသားတစ်စု တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။

ထိုနောက် တရုတ်က ကျောင်းသားများကို စစ်အစိုးရထံ လွှဲပေးခဲ့သည်။ ဤသို့ဖြင့် ကိုထိန်လင်း မြန်မာပြည်ထဲ ပြန်ရောက်လာသည်။ တက္ကသိုလ်တွင် ဥပဒေပညာ ဆက်သင်သည်။

ဗစ်ကီ မြန်မာနိုင်ငံမှ ပြန်ထွက်သွားပြီး တစ်နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ကိုထိန်လင်း ဘွဲ့ရခဲ့သည်။

ထိုအချိန်အထိ သူတို့နှစ်ဦး တစ်ဦးကို တစ်ဦးလုံးဝ မသိခဲ့။

ဥပေဒဘွဲ့ရခဲ့သော ကိုထိန်လင်းမှာ ရှေ့နေလုပ်မည့်အစား ပန်းချီပင်ဆက်ဆွဲသည်။ ပြပွဲများ ဆက်တိုက် ပြုလုပ်သည်။ ထိုသို့ဖြင့် ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရ၏ဖမ်းဆီးခြင်းခံရပြီးနောက် မန္တလေးထောင်၊ ထိုမှ တစ်ဆင့် သူ့မွေးရပ် ဧရာဝတီတိုင်းရှိ မြောင်းမြထောင်သို့ ပြောင်းရ သည်။

သူထောင်ကျနေစဉ် ၂၀၀၂ ခုနှစ်တွင် ဗစ်ကီ ဗြိတိသျှနိုင်ငံသံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည်။

ထိုအချိန်က ၃၆ နှစ်အရွယ် ဗစ်ကီဘိုးမင်းမှာ မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံး မိန်းမပျိုသံအမတ်ကြီးတစ်ဦး ဖြစ်သည်။

သူသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၄ ခုနှစ်တွင် ကိုထိန်လင်း မြောင်းမြထောင်မှ လွတ်လာသည်။

ထိုတွင် သူတို့နှစ်ဦးတွေ့ဆုံရန် အကြောင်းဖန်လာသည်။

ကိုထိန်လင်း ထောင်တွင်းတွင် ပြပွဲပြုလုပ်ခဲ့သော အဖိုးတန်ပန်းချီကားများကို အလဟဿမဖြစ်ရေး ဗစ်ကီ၏ မိတ်ဆွေတစ်ဦး၏ စိုးရိမ်ချက်မှ စသည်။

ထိုပန်းချီကားများ ပျောက်ပျက်မသွားမီ သိမ်းဆည်းရန် မိတ်ဆွေဖြစ်သူက ဗြိတိသျှသံအမတ်ကြီး ဗစ်ကီဘိုးမင်းကို တိုက်တွန်းရာမှ သူတို့နှစ်ဦး စတင်တွေ့ဆုံဖြစ်သည်။

သူတို့နှစ်ဦး မကြာခဏတွေ့ဖြစ်ရင်းနှင့်ပင် နဖူးစာရှာတွေ့သွားသည်။ ပန်းချီကားအချို့ကို နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့တော်တွင် သိမ်းဆည်းထားဆဲ ဖြစ်သည်။

“မိတ်ဆက်တဲ့ အချိန်က ပန်းချီကားပဲ ကယ်တင်ရတယ်။ နောက်မှ ပန်းချီဆရာကိုလည်း ကယ်တင်လိုက်တယ်”

ထိုသည်မှာ သူတို့နှစ်ဦးတွေ့ဆုံချစ်ကြိုက်လက်ထပ်ဖြစ်ပုံကို ဗစ်ကီပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

 

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သမိုင်းတွင် အရေးပါသော ရွှေဝါရောင်တော်လှန်ရေးမဖြစ်ပွားမီ တစ်နှစ် အလို ၂၀၀၆ ခုနှစ်နှစ်လယ်တွင် သူတို့ နှစ်ဦး လက်ထပ်လိုက်ကြသည်။

ထိုအချိန်က စစ်အစိုးရလက်ထက်အားလုံးက မျက်စိဒေါက်ထောက်ကြည့်နေချိန် နာမည်ကျော်နိုင်ငံရေး အကျဉ်းသမားဟောင်း ပန်းချီဆရာ ကိုထိန်လင်းကို လက်ထပ်ရန် ဗစ်ကီ မည်သို့ ခက်ခဲစွာ ဆုံးဖြတ်လိုက်ရသနည်း။

“ဘာမှ အခက်အခဲ မရှိဘူး” ဟု ဖြေပြီးနောက် ဗစ်ကီအားပါးတရ ရယ်တော့သည်။

“အင်္ဂလန်အစိုးရဘက်က ဒီလောက်ထိ သိပ်စိတ်မစားဘူး။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ရဲ့သားနဲ့ လက်ထပ်ရင် ပိုပြီးတော့ ပြဿနာရှိနိုင်တယ်”

ထိုသို့ဖြင့် အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားပြီး အင်္ဂလန်ရှိ တက္ကသိုလ်မြို့တော်အောက်စဖို့ဒ်တွင် နေထိုင်ကြီးပြင်းခဲ့သော ဗစ်ကီဘိုးမင်းနှင့် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရွာသားလေး ကိုထိန်လင်းတို့ ပေါင်းဖက်ဖြစ်သွားသည်။

ထိုအချိန်က သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းမှာ မြန်မာ့လက်ဖက်ရည်ဆိုင်များရှိ တိုးတိုးတိတ်တိတ် နိုင်ငံရေး စကားဝိုင်းတို့ အကြား ပေါ်ပြူလာအဖြစ်ဆုံး၊ ရန်ကုန်နိုင်ငံရေးနှင့် သံတမန်အသိုင်းအဝိုင်းအကြား ပြောစမှတ် အဖြစ်ဆုံး ဇာတ်လမ်း တစ်ပုဒ်ဖြစ်ခဲ့သည်။

သူတို့ မြန်မာနိုင်ငံတွင် ဆက်နေပါက ပြဿနာရှိလာနိုင်ကြောင်း ဗစ်ကီတွက်ဆသည်။ မကြာမီပင် ဗစ်ကီဘိုးမင်း ဗြိတိသျှသံအမတ်ကြီး အဖြစ်မှ အနားယူသွားပြီး သူတို့နှစ်ဦးအင်္ဂလန်သို့ ချီတော့သည်။

ဗစ်ကီ အနားယူပြီးနောက် ဆောင်းပါးတစ်ပုဒ်ရေးခဲ့သေးသည်။ ဆောင်းပါး အမည်က ‘ဗမာ့လူနာ’ (The Burmese Patient)။ ထိုဆောင်းပါးကို ဧရာဝတီသတင်းဌာန အင်တာနက်စာမျက်နှာ၌ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဖော်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် မြန်မာနိုင်ငံစီးပွားရေးချွတ်ခြုံကျမှု၊ နိုင်ငံရေး အခြေအနေမကောင်းမှု၊ ပွင့်လင်း မြင်သာမှုမရှိမှု၊ တာဝန်ယူ တာဝန်ခံမှုမရှိမှု၊ တွေ့ဆုံခဲ့သူ အားလုံးနီးပါးမှာ နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုနေမှု၊ တိုင်းပြည်ကို ကုစားရန် နိုင်ငံတကာမှ ဝိုင်းဝန်း အကြံပေးသော ကုထုံးများကို လျစ်လျူရှုထားမှု စသည့် အချက်ပေါင်းများစွာကို ဝေဖန်ရေးသားခဲ့သည်။

“သံအမတ်ဖြစ်ချိန်က လွတ်လွတ်လပ်လပ်ပြောခွင့်မရှိဘူးလေ”ဟု ရောဂါဗေဒပညာရှင်တစ်ဦးဖြစ်သော ဗစ်ကီက ရှင်းပြသည်။

(၂)

နောက် ခုနစ်နှစ်အကြာ ဗစ်ကီ ပြန်လာချိန်တွင်တော့ မြန်မာပြည်မှာ များစွာပြောင်းလဲသွားခဲ့လေပြီ။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင်တော့ နာတာရှည်လူနာအတွက် ဗစ်ကီတွင် ဆေးနည်းအချို့ပါလာသည်။

မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business) ကို ထူထောင်ပြီး မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ တာဝန်ယူတာဝန်ခံမှုရှိရေး စတင်လုပ်ဆောင်တော့သည်။

လက်ရှိတွင် ယင်းဌာနသည် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းနှင့် ဆီအုန်းစိုက်ပျိုးရေး ကဏ္ဍတို့ကို အဓိက ဦးတည်ချက်ထား လုပ်ကိုင်နေသည်။

ပွင့်လင်းစ မြန်မာနိုင်ငံတွင် ကုစားစရာကိစ္စက တသီတတန်း။

“အလုပ်အရမ်းများတယ်။ ဘာ Focus ထားရမှန်း မသိဘူး။ နေတိုင်း ပြဿနာတွေ ပိုများလာတယ်” ဟု ရန်ကုန်မြို့ပတ်ရထားလမ်းဘေး စမ်းချောင်းမြို့နယ်အတွင်းရှိ သူ့ရုံးခန်းတွင် တွေ့ဆုံစဉ် ဗစ်ကီက The Voice သို့ ပြောကြားသည်။

သို့သော် သူပျော်သည်ဟု ဆိုသည်။

အမျိုးမျိုးသော ပြဿနာများဖြင့် ရှုပ်ယှက်ခတ်နေသော ရန်ကုန်တွင် သူ့အတွက် အဓိကပြဿနာမှာ YBS ဘတ်စ်ကားမဟုတ်။ လမ်းလျှောက်ရန် နေရာမရှိခြင်းဖြစ်သည်။ အင်္ဂလန်တွင်တော့ အများအားဖြင့် လူထုအတွက် လမ်းလျှောက်ရန် ပလက်ဖောင်း ကောင်းကောင်းရှိသည်။ လုံခြုံသည်။

သို့သော် ရန်ကုန်တွင်တော့ ထိုသို့ မဟုတ်။

“အခု ဒီမှာ လမ်းမလျှောက်နိုင်ရင် ၀(လာ)တယ်။ တကယ်လို့ ပိုပြီးတော့ ၀(လာ)ရင် (အင်္ဂလန်) ပြန်သွားရမယ်”ဟု ဗစ်ကီဆိုသည်။ သူကတော့ ယခုနေအိမ်မှ ရုံးသို့ ရထားလမ်းအတိုင်း လမ်းလျှောက်လေ့ရှိသည်။

ဗစ်ကီပြောသော နောက်ထပ်စိတ်ညစ်စရာ ကိစ္စမှာ အမှိုက်။ ရန်ကုန်မှာတွင်မက လူသူမရှိသော တနင်္သာရီကမ်းရိုးတန်းမှ ကမ်းခြေများသို့ပင် အမှိုက်ရောက်နေပြီဟု သူကဆိုသည်။

မြန်မာ့အပြောင်းအလဲ ပန်းတိုင်ရောက်ရေး နောက်ထပ် သူစိုးရိမ်သည့် ကိစ္စမှာ အစိုးရအုပ်ချုပ်ရေးယန္တရား၏ စွမ်းဆောင်ရည်။ ကာလရှည်လာသည်နှင့်အမျှ ပိုများလာသော ပြဿနာများကို ဖြေရှင်းရန် အစိုးရနှင့် အစိုးရ အုပ်ချုပ်ရေးယန္တရား၏ စွမ်းဆောင်ရည်မှာများစွာ အကန့်အသတ်ရှိနေသေးသည်။

“အစိုးရက ကိစ္စတွေ ဖြေရှင်းဖို့ Capacity (စွမ်းဆောင်ရည်) လိုတာပေါ့။ ကျွန်မတို့ Idea (စိတ်ကူး)လည်း ရှိတယ်။ အကြံလည်း ပေးလို့ရပါတယ်။ ဝန်ထမ်းတွေအလုပ်အရမ်းများ၊ အပြောင်းအလဲအရမ်းများ၊ လက်မခံနိုင်တော့ဘူး။ လက်ခံချင်တယ် ထင်တယ်။ ဒါပေမဲ့ သူတို့ လက်မခံနိုင်တော့ဘူး။ စနစ်မရှိဘူး”ဟု ဗစ်ကီက ဆိုသည်။

ထိုကိစ္စများကို သူသံအမတ်ကြီး ဖြစ်စဉ် လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက မြင်ခဲ့သည်ဟုဆိုသည်။ သူသံအမတ်ဖြစ်ချိန်က အစိုးရအသိုင်းအဝိုင်းနှင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရှိ။ အစိုးရဝန်ထမ်းများနှင့် ဆက်စပ်ခွင့်မရှိ။ သင်တန်းပေးခွင့်မရှိ။ ထိုအခါဝန်ထမ်းများ စွမ်းဆောင်ရည် နည်းပါးမှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမရှိပါက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး အနာဂတ်တွင် ပြဿနာ ကြုံနိုင်ကြောင်း သူမြင်ခဲ့သည်ဟုဆိုသည်။

“ကျွန်မတို့အခု (အဲဒီ) အနာဂတ်မှာ ရောက်နေပြီ။ အခု အဲဒါ ပြဿနာပဲနော်”ဟု သူကဆိုသည်။

“စစ်အစိုးရနဲ့ မပေါင်းချင်ဘူးဆိုပေမယ့် အစိုးရဝန်ထမ်းတွေ အရမ်းအရေးကြီးတယ်။ သူတို့ ရိုးသားရင်၊ လုပ်နိုင်စွမ်းရှိရင် ဒီမိုကရေစီနဲ့ တည်ငြိမ်မှုရနိုင်တယ်။ အဲဒါ အားနည်းဖြစ်ရင် ဒီမိုကရေစီမသွားနိုင်ပါဘူး”

ယင်းအပြင် နာတာရှည်ရောဂါသည် မြန်မာနိုင်ငံအတွက် သူထောက်ပြဝေဖန်သည်က အစိုးရတွင် ရှင်းလင်းတိကျသော မူဝါဒများ ရှိမနေခြင်း။ ဥပမာအားဖြင့် စွမ်းအင်မူဝါဒ၊ စီးပွားရေးမူဝါဒတို့ ရှင်းလင်းတိကျမနေခြင်းက လတ်တလော စီးပွားရေးပိုကောင်းလာရန် အခက်အခဲပိုဖြစ်စေသည်။ စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု လျော့ပါးလာစေသည်ဟုဆိုသည်။

ဗစ်ကီရော ကိုထိန်လင်းရော ယနေ့ မြန်မာပြည်တွင် လုပ်စရာကအများအပြား။ ဥရောပသမဂ္ဂမှ ခွဲထွက်ရေး အပါအဝင်နိုင်ငံရေး အရှုပ်အထွေးများနေသော အင်္ဂလန်သို့လည်း သူတို့ မပြန်ချင်။ အမေရိကန်၊ အင်္ဂလန်တို့၏ အနာဂတ်ထက် သူ မြန်မာကို ပိုအကောင်းမြင်သေး၊ အလားအလာကောင်းပိုမြင်သေး။ ပြည်သူတွေကော၊ စီးပွားရေး လုပ်ငန်းတွေကော၊ အရပ်ဘက်အဖွဲ့ အစည်းများပါ အမှန်တကယ်ကောင်းသည့် အနာဂတ်အပြောင်းအလဲကိုသွားချင်နေကြောင်း သူယုံကြည်နေသည်။

သို့သော် အင်္ဂလန်ပြန်ဖြစ်၊ မပြန်ဖြစ်က သူတို့ရင်သွေးတို့၏ ပညာရေးအပေါ်များစွာမူတည်နေသည်။ ထိုကိစ္စသည်လည်း ဗစ်ကီအတွက် ဆုံးဖြတ်ရခက်သော ကိစ္စဖြစ်နေသည်။

“ပြောင်းဖြစ်မယ်ဆိုရင် ကျွန်မ သမီး ပညာရေးအကြောင်း စဉ်းစားရတယ်။ အဲဒါအရေးကြီးဆုံးကိစ္စ”ဟု ဗစ်ကီက ယခုနှစ် ပဉ္စမတန်းတက်နေသော သမီးဖြစ်သူကို ရည်ရွယ်ပြောဆိုသည်။

(၃)

လေ့လာသုံးသပ်သူတို့အကြား မြန်မာ့အခြေအနေမှာ စိတ်ပျက်ဖွယ်ဖြစ်နေသော်လည်း ဗစ်ကီအတွက်တော့ အဆိုးကြီး မဟုတ်လှပါ။ ကာလတာရှည် အမြစ်တွယ်ခဲ့သော အနာအတွက် အချိန်ယူရမည်၊ စောင့်ရမည်ဟု သူယုံကြည်သည်။

လွန်ခဲ့သော ၁၁ နှစ်က ဗမာ့လူနာ အမည်ရဆောင်းပါး သူရေးပြီး မြန်မာပြည်အကြောင်း ရှင်းပြရန် ကြိုးစားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီဆရာ၏ အဖိုးတန် ပန်းချီကားများကို ကယ်တင်ခဲ့သည်။ ထိုမျှမက ပန်းချီဆရာကိုပါ ကယ်တင်ခဲ့သည် (အချို့ကတော့ မြန်မာပန်းချီဆရာကို အင်္ဂလန်သို့ ပြန်ပေးဆွဲသွားသူဟု နောက်ပြောင်ကြသည်)။ ဗစ်ကီ၏ လူနာ ယနေ့မြန်မာပြည် အခြေအနေမည်မျှ ပြောင်းလဲလာပြီနည်း။

သူ့လူနာအနေအထားကို ‘နာလန်ထ’ နေသည့် အခြေအနေဟု တက္ကသိုလ်တွင် ရောဂါဗေဒပညာကို လေ့လာခဲ့သော ဗစ်ကီက မှတ်ချက်ပေးသည်။

“လူနာက ပြောင်းချင်တယ်။ တကယ် အားကောင်းမောင်းသန် ဖြစ်ချင်တယ်။ ဒီနိုင်ငံက လက်လျှော့လိုက်ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ကျွန်မ နားလည်သလောက် ဒီနိုင်ငံ အရမ်းပြောင်းချင်တယ်”

ခွန်းသု

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *