“ဖော်မလင်က အငွေ့ပျံလွယ်တာကြောင့် အစားအသောက်ဆို ကျက်အောင်ချက်၊ ပူပူနွေးနွေးစားပါ”

ရန်ကုန်မြို့တင်မက အခြားဒေသများက ဈေးများမှာပါ မုန့်ဖတ်၊ ပဲပြား၊ ပဲသွေးတို့မှာ ဖော်မလင် (Fomalin) အသုံးပြုနေတာတွေကို FDA က စစ်ဆေးတွေ့ရှိခဲ့တာမို့ အစားအစာတွေကို ဘယ်လိုသတိထားဝယ်ယူသင့်တယ်၊ အန္တရာယ်ကင်းအောင် ဘယ်လိုချက်ပြုတ် စားသောက်သင့်တယ်ဆိုတာတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုးကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

Voice : FDA က စစ်တဲ့အခါ ဖော်မလင်ပါတဲ့ အစားအစာတွေတွေ့ရတယ်။ အရင်က မုန့်ဖတ်က ဖော်မလင် သုံးတယ်။ အခု တခြားအစားအစာတွေမှာပါ ဖော်မလင်သုံးနေတာတွေအပေါ် ဆရာ့အမြင်ကိုပြောပြပေးပါ။ တခြား ဘယ်လိုအစားအစာတွေမှာ ဖော်မလင်သုံးနိုင်မလဲ သိချင်ပါတယ်။

Dr.PP : ဖော်မလင်တွေ့ရတဲ့ သက်တမ်းက ၂ နှစ်လောက်အတွင်းမှာ ပြောင်းသွားတယ်။ ပထမက မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်တွေမှာ တွေ့တယ်။ ကျွန်တော်တို့  သေချာစစ်ဆေးလိုက်တဲ့အခါ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်တွေမှာ ဖော်မလင် မတွေ့ရတော့ဘဲနဲ့ ပဲပြားကိုပြောင်းသွားတယ်။ ပဲပြားဆိုပြီး လုပ်လိုက်တဲ့အခါမှာ ပဲသွေးကို ပြောင်းသွားတယ်။ အမှန်တော့ ပဲသွေးဆိုတာ အမဲသွေးတွေ။ အမဲသွေးကို ရေနွေးနဲ့ပေါင်းပြီး ခဲအောင်လုပ်ထားလိုက်တာ။ နည်းနည်းမာသွားရင် ဘဲသွေးဆိုပြီး ပြောရောင်းတာရှိတယ်။ ပဲနဲ့လုပ်တာဆိုပြီး ပဲသွေးဆိုပြီး ပြောရောင်းတာရှိတယ်။ အဲဒါ အမဲသွေးတွေပဲ။ မြန်မြန်ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေဆိုရင် ဖော်မလင်ထည့်တယ်။ အခြား တာရှည်ခံဆေးတွေရှိပေမယ့် ဖော်မလင်ကိုသုံးကြတယ်။ မေးတာတွေအရရော၊ သုံးတဲ့သူတွေ ပြောတာအရရော တာရှည်ခံအောင် သုံးကြတယ်။ သားစိမ်း၊  ငါးစိမ်းတွေကို တာရှည်ခံအောင် သုံးကြတယ်လို့ ပြောတာကြားတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို ဖော်မလင်သုံးနေတာတွေရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေကပဲ ကူးစက်လာတာလား၊ ကိုယ့်ဘာသာကိုယ် တီထွင်ကြံဆပြီး သုံးလာကြတာလား မသိဘူး။

Voice : ဒီလိုဆို ဈေးကွက်မှာ ဖော်မလင် အလွယ်တကူဝယ်လို့ရနေတာကြောင့်များ အလွယ်အသုံးပြုနေကြတာလား။ ဖော်မလင်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီးတော့ရော တားမြစ်မှုတွေလုပ်သင့်လား။

Dr.PP : ဖော်မလင်က နဂိုထဲကိုက သူအသုံးဝင်တဲ့ နေရာသူရှိပြီးသား။ ဝိသမလောဘသားကသာ အစားအသောက်ထဲမှာ လာထည့်တာ။ တချို့နိုင်ငံတွေမှာကျတော့ ဖော်မလင်က အန္တရာယ်ရှိတဲ့ပစ္စည်း၊ လူတွေအတွက် သီးခြားသုံးရတဲ့ပစ္စည်း ဖြစ်တဲ့အတွက် သီးခြားဥပဒေပြဋ္ဌာန်းတယ်။ ဒါကို အစားအသောက်ထဲမှာ မပါရ၊ ရောင်းဝယ်ကုန်သွယ်ဖောက်ကားမယ်ဆိုရင် ဘယ်အချက်တွေ ဖော်ပြရမယ်ဆိုတာမျိုး သီးခြားသတ်မှတ်ချက်တွေရှိတယ်။ ပစ္စည်းကို ကန့်သတ်တာထက်စာရင် လူတွေရဲ့ အသိစိတ်ကို နားလည်အောင်လုပ်တာက ပိုကောင်းတယ်။

Voice : ဖော်မလင်ပါတဲ့အစားအစာကို မသိဘဲနဲ့စားမိခဲ့တာတွေလည်းရှိနိုင်တော့ ရေရှည်မှာ ကျန်းမာရေးအရ ထိခိုက်နိုင်တာတွေရှိနိုင်တာကြောင့် စားမိခဲ့ရင် ဘာဖြစ်နိုင်မလဲ။

Dr.PP : စားဖူးတာပေါ့။ ဖော်မလင်က ပြောစရာတစ်ခုရှိတယ်။ သဘာဝအလျောက် သားငါးတွေ၊ သီးနှံတွေမှာလည်း ဖော်မလင်က ရှိတတ်တယ်၊ ပါနေတတ်တယ်။ သဘာဝအလျောက်ပါပြီးသားက ပမာဏနည်းတယ်။ လူမှာအန္တရာယ်  မရှိဘူး။ လူတွေကထပ်ထည့်လိုက်တာကျတော့ ပမာဏက အဆမတန်များသွားတယ်။ ဖော်မလင်ရဲ့ မူလသဘာဝကိုက  ကင်ဆာဖြစ်စေတယ်။ လူရဲ့ခန္ဓာကိုယ်ဆဲလ်တွေရဲ့ မျိုးရိုးဗီဇကိုပြောင်းစေတယ်။  သန္ဓေသားကိုထိခိုက်စေတယ်။ ယားယံစေတယ်။ သူက မီးလောင်လွယ်တယ်၊ အငွေ့ ပျံလွယ်တဲ့ အမျိုးအစားဖြစ်တယ်။ ဖော်မလင်ပုံးကိုဖွင့်လို့ အငွေ့ကိုရှူမိရင် လူမှာမျက်ရည်ကျတာ၊ နှာခေါင်းယားယံတာ၊ နှာချေတာဖြစ်တယ်။ ရှူပါများရင် အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ကင်ဆာဖြစ်တယ်။ အနိမ့်ဆုံးတော့ အသည်းကို  ဒုက္ခပေးနိုင်တယ်။ ဖော်မလင်စားရင် ဒါမျိုးတွေဖြစ်နိုင်တယ်။ အဆိပ်လို့ သတ်မှတ်ပြီးသားဖြစ်တာကြောင့် အစားအသောက် ထဲမှာထည့်လို့မရဘူး။ အဆိပ်ကို သုံးနေတာကြောင့် မဖြစ်မနေတားရမယ်။
Voice : ဈေးကွက်ထဲမှာ ဖော်မလင်ပါနေတဲ့ အစားအစာတွေရှိနေနိုင်တာကြောင့် ဘယ်လိုသတိထားရွေးချယ်ရမလဲ။

Dr.PP   : ဖော်မလင်က အနံ့မကောင်းဘူး။ အနံ့ဆိုးတယ်။ ဖော်မလင်ပါနေရင်ကို  အငွေ့ထွက်တော့ မျက်လုံးမှာယားတာ၊ မျက်ရည်ကျတာဖြစ်တတ်တယ်။ ပမာဏများများထည့်ရင် စားတဲ့သူကိုယ်တိုင်သိတော့ ထည့်တဲ့သူကလည်း အဲဒီလောက် ပမာဏရောက်တဲ့အထိ မထည့်ဘူး။ ကြာကြာခံရုံလေးပဲထည့်တာ။ လူက အာရုံငါးပါးနဲ့ သတိပြုမိလောက်အောင် မထည့် ဘူး။ လူက သိနိုင်တာမျိုးတော့ မဟုတ်ဘူး။

Voice : ဒီလိုဆို ချက်ပြုတ်စားတဲ့အခါမှာ လုပ်နိုင်တဲ့နည်းလမ်းတွေရော ရှိမလား။

Dr.PP : ဘယ်လိုပစ္စည်းမျိုးကိုမဆို တတ်နိုင်သရွေ့ အပူရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်စားသောက်ဖို့ ပြောချင်တယ်။  ဖော်မလင်က အငွေ့ပျံလွယ်တာကြောင့် အစားအသောက်ဆို ကျက်အောင်ချက်၊ ပူပူနွေးနွေးစားပါ။ ရေနဲ့လည်းဆေးလို့ ရတယ်။ ဆားရည်နဲ့ဆေးလို့ရတယ်။ အသီးအနှံတွေမှာဆိုရင် ဆားရည်စိမ်ရင် ဖော်မလင်ရော၊ တခြားပိုးသတ်ဆေးတွေကိုပါ ဖယ်ပေးနိုင်တယ်။

Voice : ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဆရာ။

Dr.PP   : နည်းလမ်းကိုတော့ ရှာနေတယ်။ အများပြည်သူကိုပြောနိုင်တဲ့ နည်းလမ်းကိုတော့ရှာနေတယ်။ ပြောနိုင်တဲ့ တစ်ချက်၊ နှစ်ချက်ကတော့ ဘယ်အစားအသောက်ကိုမဆို ကျက်အောင်ချက်စားဖို့ပေါ့နော်။ ပဲပြားလိုဟာမျိုးဆိုရင် ပဲပင်ပေါက်နဲ့စားကြတာဆိုတော့ ပဲပင်ပေါက်မနွမ်းအောင် ဆီနဲ့လှိမ့်တယ်ဆိုရုံပဲ လှိမ့်ကြတယ်။ သိပ်မပူတဲ့အခါကျတော့ အထဲကဖော်မလင်က လုံလောက်တဲ့ အပူချိန်မရရင် အငွေ့ပျံသင့်သလောက် မပျံဘူး။ မကျက်တကျက် ချက်မစားနဲ့လို့ ပြောချင်ပါတယ်။ 

ရလေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *