အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်သော စာရေးသူဖတ်ဖူးသည့် စာနှစ်အုပ် (၁)

ဂိုဏ်းနှစ်ဂိုဏ်း

အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးနှင့်ပတ်သက်လျှင် ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဆမ်မျူရယ်လ်ဖီဟန်တင်တန်ကိုသာ အဓိကကျွမ်းကျင်သူအဖြစ် စာရေးသူစိတ်ထဲက စွဲမှတ်နေသည်။

အကြောင်းရှိ၍ ဖြစ်ပါသည်။ ပြီးခဲ့သည့် စစ်အေးတိုက်ပွဲကာလအတွင်း အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပြဿနာကို အထူးပြုလေ့လာခဲ့ကြသည့် သောတုဇန ဂိုဏ်းကြီးနှစ်ဂိုဏ်းရှိခဲ့ဖူးသည်။

အဆိုပါဂိုဏ်းကြီးနှစ်ဂိုဏ်းကို တံတားထိုးနိုင်ရန် ကြိုးပမ်းခဲ့သည့် အနည်းငယ်မျှသော ပညာရှင်ထဲမှ တစ်ယောက်မှာ ‘ဟန်တင်တန်’ ပင်ဖြစ်ရာ သူ့ကိုပင် ကျွမ်းကျင်သူအဖြစ် စိတ်မှတ်က စွဲနေသည်။

ဆိုခဲ့ပါ ဂိုဏ်းကြီးနှစ်ဂိုဏ်းကား နိုင်ငံတကာ လုံခြုံရေးပြဿနာများကို အဓိကလေ့လာခဲ့ကြသော အုပ်စုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်တွင်းရေးကို အဓိကလေ့လာခဲ့ကြသော အုပ်စုတို့ဖြစ်သည်။ ပထမဂိုဏ်း၏ စိုးရိမ်မကင်းဖြစ်မှုမှ ဆူပါပါဝါနှစ်ခု၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးပေါ်လစီပုံဖော်မှုတွင် ရှိနေခဲ့သော အဆင့်မြင့်စစ်ဘက်၏ ဩဇာလွှမ်းမိုးမှုပင်ဖြစ်သည်။ ဒုတိယဂိုဏ်း၏ စိုးရိမ်မှုသည်ကား ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စစ်ဘက်အုပ်ချုပ်ရေးအောက်မှ ဒီမိုကရက်တိုင်ဇေးရှင်းနှင့် လူ့အခွင့်အရေးတို့၏ ကံကြမ္မာပင်ဖြစ်သည်။

စစ်အေးတိုက်ပွဲကာလ ၁၉၅၇ ခုနှစ်က ထုတ်ဝေခဲ့သော ‘ဟန်တင်တန်’ ၏ ‘တပ်မတော်သားနှင့် နိုင်ငံတော်’ (The Soldier and The State) မှာ ပထမဂိုဏ်းကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။ သို့နှင့်တိုင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသောအခါတွင်ကား ဆိုခဲ့ပါဂိုဏ်းကြီးနှစ်ဂိုဏ်း ခြားနားချက်မှာ မှုန်ဝါးပျက်ပြယ်သွားခဲ့ပြီဖြစ်ပါသည်။

စစ်အေးလွန်ခေတ် ၁၉၉၆ ခုနှစ်တွင် ထုတ်ဝေသော လာရီဒိုင်းမွန်းနှင့် မက်ပလက်တနာတို့ တည်းဖြတ်သည့် ‘အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ’ (Civil – Military Relations and Democracy) မှာကား ဒုတိယဂိုဏ်းကို ကိုယ်စားပြုသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤစာအုပ်တွင်လည်း ‘ဟန်တင်ဟန်’ မှာ ‘အဓိကဟောပြောသူ’ (Key Speaker) ဖြစ်သည်။

တပ်မတော်သားနှင့် နိုင်ငံတော်

ပထမစာအုပ် (တပ်မတော်သားနှင့် နိုင်ငံတော်) တွင် ဟန်တင်တန်က အရပ်ဘက်၊ စစ်ဘက်ဆိုသော မျက်နှာစာများကို ဦးစွာရှင်းပြသည်။ အရပ်ဘက်မျက်နှာစာတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း၊ ပညာရေးတို့ ပါဝင်သည်။ အကယ်၍ ရွေးကောက်ပွဲများ လုပ်နိုင်သည့်အခြေအနေရှိလျှင် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်နှင့် အစိုးရတို့ဖြစ်သည်။ အရပ်ဘက်နှင့် အပြိုင်ဖြစ်ထွန်းလာသော စစ်ဘက်မျက်နှာစာတွင်မူ အခြေအနေနှစ်ရပ် ပေါ်ထွက်ရန်လိုသည်။ ပထမအခြေအနေမှာ ‘စစ်ဘက်အရာရှိအဖွဲ့’ (Officer Corps) ဖြစ်ထွန်းခြင်းဖြစ်၍ ဒုတိယအခြေအနေမှာ ‘စစ်ဘက်ဆိုင်ရာ ပိုင်နိုင်ကျွမ်းကျင်မှုရှိခြင်း’ (Professionalism) ပေါ်ထွန်းခြင်းဖြစ်သည်။ ဤနှစ်မျိုးဖြင့် စစ်ဘက်အင်စတီကျူးရှင်းများကို ဖွဲ့စည်းကြရသည်။ ‘စစ်ဘက်ပရော်ဖက်ရှင်နယ်ဝါဒ’ (Military Professionalism) ဟု ခေါ်သည်။

သို့နှင့်တိုင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နှင့် စစ်အေးတိုက်ပွဲတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ပြီးသောအခါ စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းမှာ နိုင်ငံရေးဘက်သို့ရွေ့လာပြီး ‘နိုင်ငံရေးစစ်ဝါဒ’ (Political Militarism) သဘောဖြစ်လာသည်။ ဤတွင် စစ်ပြီးခေတ်ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အဟပ်ညီစေရန် ပြန်လည်ချိန်ညှိခြင်းများ လုပ်လာရသည်။ ဆိုရလျှင် ‘လက်နက်ကိုင်တပ်ဖွဲ့များကို နိုင်ငံရေးနယ်ပယ်မှ သီးခြားခွဲထုတ်စဉ်းစားလို့မရတော့သည့် ပကတိအရှိ’ ကို ထည့်သွင်းစဉ်းစားပြီး ‘အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး သီအိုရီများ’ (Theory of Civil – Military Relations) ဖော်ထုတ်လာကြရသည်။ ဤအတွက် ဟန်တင်ဟန် အဆိုပြုခဲ့သည်မှာ ‘အရပ်ဘက်ကွပ်ကဲမှု’ (Civilian Control) ပင်ဖြစ်သည်။

ယေဘုယျအားဖြင့် ‘အရပ်ဘက်ကွပ်ကဲမှု’ ပုံသဏ္ဌာန်ငါးမျိုးရှိသည်ဟု ဆိုပါသည်။

၁။ အတ္တဘာဝ အရပ်ဘက်ကွပ်ကဲမှု

(Subjective Civilian Control)

ခေါင်းဆောင်မှုမှလာသော အရပ်ဘက်ကွပ်ကဲမှုကို ဆိုလိုပါသည်။

၂။ အစိုးရအင်စတီကျူးရှင်းများဖြင့်စီမံသော အရပ်ဘက်ကွပ်ကဲမှု

(Civilian Control by Government Institutions)

၃။ လူမှုလူတန်းစားတို့ဖြင့်စီမံသော အရပ်ဘက်ကွပ်ကဲမှု

(Civilian Control by Social Class)

၁၉ ရာစုတွင် သူကောင်းမျိုးတို့က လည်းကောင်း၊ ၂၀ ရာစု တွင် လူလတ်တန်းစားက လည်းကောင်း၊ အရပ်ဘက်ကွပ်ကဲမှုကို တာဝန်ယူသည်။ ‘အိုင်ဒီအိုလိုဂျီ ကွပ်ကဲမှု’ (Civilian Control by Ideology) ဟုလည်း ခေါ်သည်။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စီမံသော အရပ်ဘက်ကွပ်ကဲမှု

(Civilian Control by Constitution)

၅။ ပကတိဘ၀ အရပ်ဘက်ကွပ်ကဲမှု

(Objective Civilian Control)

လက်တွေ့အရှိတရားကို အခြေခံ၍ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ပုံသွင်းယူခြင်းဖြစ်သည်။

 

မြန်မာ့နိုင်ငံရေးအဆက်အစပ်

ဖြစ်ချင်တော့ အထက်ပါစာအုပ် ဖတ်ရချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလနှင့် ချိန်ခါသင့် တိုက်ဆိုင်နေသည်။ သို့နှင့်အမျှ စာရေးသူမှာ ဖတ်ရမှတ်ရသရွေ့ကို မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်စဉ်းစားနေမိသည်။ အထူးသဖြင့် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကို ဖြစ်သည်။

မြန်မာ့တပ်မတော်မှာ ထောင့်သုံးရာပြည့်အရေးတော်ပုံတွင်  သန္ဓေတည်၍ ဖက်ဆစ်တော်လှန်ရေးဖြင့် မွေးဖွားလာခဲ့သည်ဖြစ်ရာ မူလကတည်းက နိုင်ငံရေးနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။ သို့တစေ မြန်မာ့တပ်မတော် စစ်ဘက်အရာရှိအဖွဲ့၏ မူလအစမှာ ရဲဘော်သုံးကျိပ်နှင့် ဒုတိယကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်တို့ ဖြစ်နိုင်သည်။ ဤနှစ်ခုမှာ နောက်ကွယ်မှ အိုင်ဒီအိုလိုဂျီချင်း မတူပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ‘စစ်ဘက်ပရော်ဖက်ရှင်နယ်ဝါဒ’ အဖြစ် ဖြစ်ထွန်းတိုးတက်ဖို့ရှိသော်လည်း လက်တွေ့တွင် ဤအတိုင်း မဖြစ်ခဲ့။ ၁၉၅၈ တွင် ‘နိုင်ငံရေးစစ်ဝါဒ’ ကာလတစ်ခုဖြစ်သွားခဲ့ရပြီး ၁၉၆၂ တွင်မူ အပြည့်အဝ ဖြစ်သွားခဲ့ရသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေမှာ အနာဂတ်ဒီမိုကရေစီကို  ရည်ရွယ်၍ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို စမ်းသပ်ကြည့်လိုက်ခြင်းဟု စာရေးသူက တွေးကြည့်သည်။ ဤတွင် ဟန်တင်တန် ထောက်ပြသော ‘အရပ်ဘက်ကွပ်ကဲမှု’ ငါးမျိုးနှင့် ဆက်စပ်ကြည့်ဖို့ ဖြစ်လာသည်။ ‘အတ္တဘာဝ အရပ်ဘက်ကွပ်ကဲမှု’ တွင် ဥပဒေပြုအာဏာ၏ ၂၅ ရာခိုင်နှုန်းနှင့် အုပ်ချုပ်ရေးအာဏာ၏ ဝန်ကြီးသုံးပါးကို တပ်မတော်က ယူထားသည်။ ‘အစိုးရအင်စတီကျူးရှင်းများဖြင့် စီမံသော အရပ်ဘက်ကွပ်ကဲမှု’ တွင်လည်း အင်စတီကျူးရှင်းများမှာ စတင်ခါစ အနေအထားမှာပင် ရှိသေးသည်။ (တစ်ဖက်မှ တပ်မတော်အင်စတီကျူးရှင်းများကား တိုင်းပြည်တွင် အကောင်းဆုံးဖြစ်နေသည်။) ‘လူမှုလူတန်းစားတို့ဖြင့် စီမံသောအရပ်ဘက်ကွပ်ကဲမှု’ တွင်လည်း လူတန်းစားမှာ အားနည်းဆဲသာဖြစ်သည်။ ပီပီသသ အထင်အရှားရှိနေသည်မှာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်စီမံသော အရပ်ဘက်ကွပ်ကဲမှု’ သာရှိရာ ‘ပကတိဘာဝ အရပ်ဘက်ကွပ်ကဲမှု’ ဖြစ်ဖို့ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေ ဘောင်တွင်းမှသာ လှုပ်ရှားဖို့ လိုလိမ့်မည်ဟု တွေးမိသည်။

ဒုတိယစာအုပ် (အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးနှင့် ဒီမို ကရေစီ) ကိုမူ ရှေ့တစ်ပတ်မှ ဆက်ရေးပါမည်။ 

ကျော်ဝင်း

၁၈ ဇူလိုင်၊ ၂၀၁၇

You may also like...

3 Responses

Leave a Reply

Your email address will not be published. Required fields are marked *