H1N1 ဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦး၊ မတူပီတွင် ဆယ်ဦးရှိ တစ်ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

 

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကတည်းက ကူးစက်ပြီးဖြစ်သည့် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ (Seasonal Flu, A/H1N1 2009) ဖြစ်နေသူ ရန်ကုန်တွင် သုံးဦး၊ ချင်းပြည်နယ် မတူပီတွင် ဆယ်ဦးရှိနေပြီး ချင်းပြည်နယ်မှ တစ်ဦးသေဆုံးကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွန်းအောင် က The Voice Weekly သို့ပြောကြားသည်။

ယခုလ ၁၄ ရက်နေ့က ချင်းပြည်နယ်တွင် H1N1 ရောဂါကို စတင်တွေ့ရှိခဲ့ကြောင်း၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် H1N1 လူနာတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် H1N1 လူနာနှစ်ဦး ဆေးကုသမှုခံယူနေကြောင်း ၎င်းကရှင်းလင်းပြောကြားသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် H1N1 ဖြစ်နေသူ ၁၈ ဦးတွင် ၁၆ ဦး ဆုံးပါးသည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ၎င်းကအတည်ပြုပြောကြားသည်။

H1N1 မှာ ရိုးရိုး တုပ်ကွေးရောဂါ နှင့် ရောဂါလက္ခဏာ ဆင်တူကြောင်း၊ တုပ်ကွေးရောဂါဖြစ်ပါက နီးစပ်ရာဆရာဝန်နှင့် ကနဦးပြသ၊ ဆွေးနွေးပြီး ဆရာဝန်က ဆေးရုံကိုသွားရောက်ပြသရန် ညွှန်းဆိုမှသာ ဆေးရုံကို ပြသင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမော်ဦးက ပြောကြားသည်။

“ H1N1 က သိပ်ဆိုးတာမဟုတ်ဘူး။ ရောဂါဖြစ်ရင် ကျိတ်ခံနေတာမလုပ်ဘဲ ဆရာဝန်ကိုသွားပြပါ။ အချိန်မီသိပြီး အသေအချာဂရုစိုက်ပြီးကုလို့ရတယ်။ အသက်ရှူကျပ် အရမ်းဆိုးပြီး ဆုံးခါနီးမှရောက်လာရင်တော့ မတတ်နိုင်ဘူး” ဟု ဒေါက်တာမော်ဦးကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါရောဂါကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ပညာပေးခြင်း၊ ရောဂါရှိနေလျှင် စောစီးစွာသိ၍ ကုသမှုခံယူနိုင်ရန် ရောဂါထောက်လှမ်းခြင်း၊ ဓာတ်ခွဲပစ္စည်းများဖြည့်ခြင်း၊ ဆေးရုံများတွင်ပြင်ဆင်ထားခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

H1N1 မှာ ရောဂါဖြစ်လျှင်သေဆုံးမှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်သာရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထပ်မံသိရှိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *