ချသမိုင်းပတ်လည် မဘသနှင့် နာနှစ်နာ

နိုင်ငံရေးနှင့်နွှယ်သော မည်သည့်လှုပ်ရှားမှုတွင်မျှမပါဝင်ဘဲ တရားဓမ္မနှင့်သာ အေးအေးလူလူ နေထိုင်သီတင်း သုံးတော်မူပြီး ထင်ရှားသည့် ဆရာတော်ကြီးနှစ်ပါးလည်း နောက်ဆုံးတွင် တောင်းပန်လျှောက်ထားလွှာ နှစ်စောင်ကို သံဃာတော်များထံ ဦးတည်၍ ထုတ်ပြန်ခဲ့ချေပြီ။

“ တပည့်တော် ဖားအောက်တောရဆရာတော်အနေဖြင့် မေတ္တာကရုဏာရှေ့ထား၍ ရိုသေလေးမြတ်စွာ လျှောက်ထား တောင်းပန်အပ်ပါသည်ဘုရား” ဟု အစချီသည့် စာတစ်စောင်ကို မွန်ပြည်နယ် မော်လမြိုင် မြို့နယ်တွင် အခြေစိုက်သည့် ဖားအောက်တောရ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ရိပ်သာ၏ ဆရာတော်က ပန်ကြားလျှောက်ထားခြင်းဖြစ်သည်။

အခြားစာတစ်စောင်မှာ ပိဋကတ်သုံးပုံအကျော်အမော် ဆရာတော်တစ်ပါးဖြစ်သူ ယောဆရာတော်၏ လျှောက်ထားလွှာ ဖြစ်သည်။

“သံဃာထုကြီး စိတ်ဝမ်းကွဲ၍ မညီမညွတ်ဖြစ်သွားခဲ့လျှင် လူတွေပါမညီမညွတ် ဖြစ်ကုန်ကြပြီး ဗုဒ္ဓသာသနာ၊ ဓမ္မရတနာနှင့် သံဃာအပေါ် ကြည်ညိုလေးစား၊ အားထားမှုများလျော့ပါးသွားကာ မကြာမီပျောက်ကွယ်သွားနိုင် ပါသည် ဘုရား” ဟူ၍ ဆရာတော်က စာတွင် ရေးသားထားသည်။

လတ်တလော မြန်မာ့ရေခံမြေခံတွင် နစ်နာမှုကြီးနှစ်ခုက ခြိမ်းခြောက်လျက်ရှိပြီး မည်သည်က မြစ်ဖျားခံ ခဲ့သည်ဟု တစ်ထစ်ချ ပြောရန် မသင့်သော်လည်း ယင်းနစ်နာမှုတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ထံတွင်သာ အဆုံးသတ်လေသည်။

ဘာသာရေးအရ နစ်နာမှုနှင့် နိုင်ငံရေးအရ နစ်နာမှုတို့ ဖြစ်သည်။

အထက်ပါ ဆရာတော်တို့ ကြားဝင်လာသည်ကို ထောက်ရှုလျှင်ပင် အရေးသည် မသေးလှကြောင်း အများ သိပြီး ဖြစ်ပါလိမ့်မည်။

မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) နှင့်ပတ်သက်၍ ပြည်သူများအတွင်း မကြာခဏ သဘောထားကွဲလွဲမှု များ ရှိခဲ့သည်။

ယင်းကွဲလွဲမှုသည် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရတက်လာပြီးနောက် အစိုးရဆီသို့ပါ ကူးစက် တော့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်က သွားရောက်ခဲ့သည့် စင်ကာပူခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသ အဖွဲ့ရှိနေဖို့ မလိုအပ်ဟု စတင်ပြောကြားခဲ့ပြီး မကြာခင်တွင် နိုင်ငံတော်၏ သံဃအဖွဲ့ အစည်းကြီးဖြစ်သည့် မဟန(နိုင်ငံတော် သံဃမဟာနာယကအဖွဲ့)က မဘသသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သည့်အဖွဲ့အစည်း မဟုတ်ကြောင်း ကြေညာခဲ့ကာ မဘသ၏ တည်ရှိမှုကို ငြင်းပယ်လိုက်သည်။

တစ်နှစ်ခန့်အကြာတွင် အစိုးရ၊ မဟနနှင့် မဘသတို့အကြား မကျေလည်စရာများက ထပ်မံပေါ်ပေါက်လာ ပြန်သည်။

မေလအတွင်းက ကျင်းပသည့် မဟန၏ (၄၇)ပါးစုံညီ အထူးအစည်းအဝေးတွင် ‘ မဘသအမည်ခံ ပုဂ္ဂိုလ်များ သည် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသအမည်ကိုသုံးစွဲလျက် မည်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊ မြန်မာပြည်အနှံ့ရှိ မဘသအဖွဲ့ဆိုင်းဘုတ်များကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းရန်၊ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်လျှင် သံဃာ့ အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူရန်’ ဆုံးဖြတ်ကာ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့ရဲ့ စိတ်စေတနာက ဘယ်လိုလဲဆိုတာ ထားဦး။ မဘသဆိုတဲ့ နာမည်သည် တော်တော်လေးကို ပျက်နေတဲ့အခါမှာ အခုလိုမျိုး ဖျက်သိမ်းဖို့ ကြေညာလိုက်တာဟာ အရမ်းကောင်းတယ်” ဟု ကြေညာချက်နှင့်ပတ်သက်၍ အမျိုးသမီးနှင့် လူငယ်ထုအရေး တက်ကြွစွာလှုပ်ရှားနေသည့် မသဉ္ဇာ ရွှန်းလဲ့ရည်က The Voice သို့ ပြောဆိုသည်။

မဘသသည် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပေါ်ပေါက် လာသည့် အဖွဲ့အစည်း ဖြစ်သည်။

ဖွဲ့စည်းစဉ်က အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအတွက် သက်သက်သာဖြစ်သည့် ရဟန်းရှင်လူ ပြည်သူများပါဝင်သော အဖွဲ့အစည်းသာ ဖြစ်စေရန်၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများ၌ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကြီးအား စွမ်းနိုင်သလောက်ပံ့ပိုးကူညီသွားရန်ဟု ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းကိုပင် ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အင်းစိန်(ရွာမ) ပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်တိလောကာဘိဝံသက မဟနဥက္ကဋ္ဌဆရာတော် ဘုရားကြီးထံသို့ လျှောက်ထားခဲ့သည်။

သို့သော်။

မဘသအဖွဲ့မှ ဆရာတော်အချို့၏ လှုပ်ရှားမှုများ၊ ပြောဆိုမှုများက အငြင်းပွားဖွယ်ရာများ ပါရှိနေပြီး လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းကို ပျက်ပြားထိခိုက်စေကြောင်း လူအများက တွေ့ရှိခဲ့ကြသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာမဟုတ်သည့် အခြား ဘာသာများကို ထိပါးပြောဆိုမှုများဖြစ်ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ကို မထောက်ခံသည့် ဗုဒ္ဓဘာသာဝင်များကိုပင် အမျိုးဖျက် သစ္စာဖောက်များအဖြစ် ပုံဖော်ပြောဆိုတတ် ကြသည်။

ယင်းကား ဘာသာဝင်အချင်းချင်း စိတ်ဝမ်းကွဲပြားစေပြီး တစ်ဖက်နှင့်တစ်ဖက် အမြင်မကြည်မှုများကို မြေတောင်မြှောက်ပေးရာ ရောက်ခဲ့သည်။

အချို့ဆိုလျှင် မဘသအုပ်စုဝင်သံဃာတော်များကို ဆွမ်းမလောင်းတော့ရန် ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြပြီး အင်တာနက်အွန်လိုင်းမှပင် လှုံ့ဆော်ကြသည်။

အဖွဲ့အနေနှင့် အမျိုးသာသာသနာစောင့်ရှောက်ရေးဟု ဆိုသော်လည်း လက်တွေ့တွင်မူ ထိုသို့ရှိမနေဘဲ ဆန့်ကျင်ဘက်လားရာ ကိုသာ ဖြစ်ပေါ်စေကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

“ပြည်သူတွေကြားထဲမှာလည်း သွေးကွဲတာတွေ၊ စိတ်ဝမ်းကွဲတာတွေ ဒါတွေက ဖြစ်နေတာ”

အဆိုပါအခြေအနေသည် ဘာသာဝင်အချင်းချင်းအကြား ညီညွတ်မှုပျက်ပြားနေကြောင်း ဖော်ပြနေသည်။

တစ်ဖန်။

လက်ရှိ NLD အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထု၏ ၈၀ ရာခိုင်နှုန်းဖြင့် ရွေးကောက် တင်မြှောက်ခြင်းခံထားရရာ ယင်းရလဒ်အရ ပြည်သူတို့၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင် နှုန်းကျော်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြန်သည်။

မဘသ၏ ဆရာတော်အချို့သည် အစိုးရကို အကျပ်အတည်းဖြစ်အောင်လုပ်ခြင်းသည် အခြားတစ်ဖက်တွင် ဗုဒ္ဓဘာသာပြည်သူ တို့ကို ဗုဒ္ဓဘာသာဝင် ဆရာတော်တို့က ပြန်လည်တိုက်ခိုက်နေခြင်းအဖြစ် အဓိပ္ပာယ် ပေါ်သည်။

ယင်းကပင် ဘာသာဝင်အချင်းချင်းအကြား စိတ်ဝမ်းကွဲစေခြင်း ဖြစ်သည်။

လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကို မကျေမနပ်ဖြစ်စေသည့် မျိုးစောင့်ဥပဒေလေးခုကို လည်း မဘသ တို့၏ ဆော်ဩမှုဖြင့် ပေါ်ပေါက်စေခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက အစ္စလာမ်ဘာသာဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီ လေဆိပ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရမှုနှင့် ပတ်သက်၍ ဦးဝီရသူအပါအဝင် နောက်လိုက်များက လုပ်ကြံသူများကို သူရဲကောင်းသဖွယ် ပြောဆို ရေးသားခဲ့ကြသေးသည်။

ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေးအသွင်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့ဖြစ်ရပ်များတွင် ဗုဒ္ဓဘာသာရဟန်းတော်များ ပါဝင်ပတ်သက်နေရာ ယင်းကလည်း နိုင်ငံတကာတွင် ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ကျဆင်းစေခဲ့သည်။

၂၀၁၃ ခုနှစ်ကဆိုလျှင် မဘသ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးဝီရသူကို ကမ္ဘာကျော်တိုင်မ်း မဂ္ဂဇင်းကြီးက အကြမ်းဖက် ဗုဒ္ဓဘာသာ၏ မျက်နှာစာ (The Face of Buddhist Terror) ဟူ၍ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“အမျိုးဘာသာ သာမန်အားဖြင့် စောင့်ရှောက်ရေးလုပ်တယ်ဆိုတာက ကိုယ့် ဒီဘာသာကို တိုးတက်စေ ချင်အောင် လုပ်တယ်ဆိုတာကတော့ ရပါတယ်။ ပုံမှန်အားဖြင့်တော့လေ။ ဒါပေမဲ့ တခြားဘာသာဝင်တွေ၊ ဘာတွေညာတွေ ထိခိုက်အောင်၊ တခြားဘာသာဝင်တွေကို ပျက်စီးအောင် လုပ်ပြီးတော့ ဒီလိုမျိုးလုပ်လို့က မရဘူးပေါ့” ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဦးမြတ်သူက ဆိုသည်။

မဘသအမည်ကို မသုံးစွဲရန်၊ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန်ပါရှိသည့် မဟန၏ ဆုံးဖြတ်ချက်ကို မဘသဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်တို့က တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ် ရေးထိုးခဲ့ကြသည့်အပြင် မဘသအဖွဲ့ဝင်ဆရာတော်များအား အသိပေးအကြောင်းကြားပေးမည်ဟု ကတိပြုခဲ့ကြသည်။

ယခုမူ ဇူလိုင်လ ၁၅ ရက် ကျော်လာပြီဖြစ်သည်။

မဘသအဖွဲ့ဗဟိုအပါဝင် နိုင်ငံအတွင်းရှိ မဘသအဖွဲ့အများစုက ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြပြီး မဘသဆိုင်းဘုတ်များကို ဖြုတ်ချ၍ အဖွဲ့၏နာမည်သစ်ဖြစ်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုသည့် ဆိုင်းဘုတ်အသစ်များနှင့် လဲလှယ်ခဲ့ကြသည်။

သို့သော် မန္တလေးတိုင်းနှင့် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက်သည့် မဘသတို့က ဆုံးဖြတ်ချက်ကို ဆန့်ကျင်လျက်ရှိပြီး ဆိုင်းဘုတ်များကို အာဏာပိုင်တို့မှ အတင်းဝင်ရောက်ဖြုတ်ချမည့်ဘေးမှ ကာကွယ်ရန် သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့က စောင့်ကြပ်လျက်ရှိကြသည်။

ဘားအံမှ မဘသအဖွဲ့ဆိုလျှင် ကရင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ အကူအညီကို ရယူကာ ဆိုင်းဘုတ်များကို ကာကွယ်သွားမည်ဟု တုံ့ပြန်ပြောဆိုထားသည်။

“ဆိုင်းဘုတ်ဖြုတ်တဲ့နေ့က တိုင်းပြည်ပျက်တဲ့နေ့လို့ မင်းတို့မှတ်လိုက်ပါ။ ဒီက အမြတ်တနိုးထားတဲ့ဟာကို သူတို့က လာဖျက်မယ် ဆိုတော့ မခံဘူးလေ။ အေးအေးဆေးဆေးနေချင်ရင် ဘာမှမလုပ်နဲ့လေ” ဟု ကရင်ပြည်နယ် မဘသဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တ ကဝိဓဇ (ဇွဲကပင် ဆရာတော်ကြီး) က The Voice Daily သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေဆိုခဲ့သည်။

မန္တလေးအခြေစိုက်မဘသအဖွဲ့ကလည်း မဟန၏ ကြေညာချက်ကို လိုက်နာမည်မဟုတ်ကြောင်း အတိအလင်းကြေညာထားသည်။

အဆိုပါကြေညာချက်သည် အစိုးရ၏ ဖိအားပေးမှုကြောင့်ဟု ၎င်းတို့က ရှုမြင်ကာ အစိုးရအပေါ်အပြစ်ပုံချထားပြီး ယခု အကြိမ်သည် သည်းခံနိုင်မှုဘောင်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ NLD အစိုးရအနေနှင့် အာဏာကို စွန့်လွှတ်သင့်ကြောင်း ဦးဝီရသူက ပြန်လည်တုံ့ပြန်သည်။

“ဟန်ပြကလေးတောင်မှ မဖြုတ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် မဘသဆိုင်းဘုတ်နဲ့အတူ မဘသဆရာတော် သံဃာတော်တွေ၊ မျိုးချစ်ညီအစ်ကိုမောင်နှမတစ်တွေရဲ့ သိက္ခာတွေ၊ သမာဓိတွေ ဩဇာတွေ၊ အရှိန်အဝါတွေ ဒါတွေ အားလုံးပါ သွားမှာ ဖြစ်လို့ပါပဲ”

အဆိုပါအခြေအနေသည် နိုင်ငံအတွင်းရှိ သံဃာထု၏ ဥသျှောင်အဖွဲ့အစည်း၏ အနေအထားကို မေးခွန်းထုတ် လိုက်ခြင်း ဖြစ်သည်။ မဟန၏ ဓမ္မစက်ကို အောက်ခြေထု သံဃာတော်များက ဖီလာသည့် အသွင်သဏ္ဌာန်ဖြစ်နေပြီး သံဃာထု၏ ညီညွတ်မှု သည်လည်း အက်ကြောင်းထင်နေပြီဖြစ်ကြောင်း ခေါင်းလောင်းထိုးသံ ဖြစ်သည်။

ယင်းသည် မဘသနှင့် မဟနထိပ်တိုက်တွေ့ခြင်းဟု အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၊ ဗဟိုတိဘက် လေ့လာရေးတက္ကသိုလ်၊ ပါဠိစာပေ ဌာန၏ ဧည့်ပါမောက္ခလည်းဖြစ်၊ ရန်ကုန်မြို့တွင် ဓမ္မဂင်္ဂါပါဠိ ကောလိပ်ကို တည်ထောင်ထားသူလည်း ဖြစ်သည့် ဆရာတော် ဒေါက်တာအရှင် ဝိစိတ္တသာရ (ဓမ္မဂင်္ဂါ) က မိန့်ဆိုသည်။

“မဘသက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသွားတော့ စင်ပြိုင်ဖြစ်သွားတာ” ဟု ဆရာတော်က ဆိုသည်။

မြန်မာနိုင်ငံ၏ သာသနာရေးကဏ္ဍတွင် ပြီးခဲ့သည့်နှစ်များအတွင်း ရဟန်း၊ ကိုရင်များ လူထွက်နှုန်း မြင့်မားလာ နေခြင်း၊ မျိုးဆက်သစ်ကိုရင်ငယ်ကလေးများ ရှားပါးလာနေခြင်း စသည့် ပြဿနာများ ရှိနေသည်။

ဗုဒ္ဓသာသနာတော်၏ စည်ပင်ဖွံ့ဖြိုးမှုသည် သံဃာများအပေါ်တွင် မှီတည်နေရာ အထက်ပါပြဿနာတို့သည် အနုတ်လက္ခဏာ တစ်ရပ်ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အနေနှင့် သာသနာ့ဘောင်တွင် မပျော်ပိုက်ခြင်း၏ အဓိကအကြောင်းမှာ ပညာရေးကိစ္စသည် ရှေ့ဆုံးမှရှိနေပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိသော်လည်း သံဃာတော်များသည် ကျောင်းတိုက်ပြင်ပရှိ အရေးကိစ္စများတွင်သာ ပျော်မွေ့နေကြရင်း အချိန်ကုန်နေကြကြောင်း ဆရာတော် ဓမ္မဂင်္ဂါက သာသနာတော်အရေးနှင့်ပတ်သက်၍ ယခင်ကတည်းကပင် မိန့်ကြားခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင်လည်း သံဃာတော်အချို့အနေနှင့် နိုင်ငံရေးနှင့် ဘာသာရေး မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြား မမြင်နိုင်ဘဲရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံရေးနဲ့ ဘာသာရေး ဘယ်ဟာက အရေးကြီးတယ်ဆိုတာမသိရှာကြတော့ နိုင်ငံရေးကို ဝင်နှောက်သလို ဖြစ်နေတာ” ဟု ဆရာတော်ဓမ္မဂင်္ဂါက မိန့်ကြားသည်။

“အဓိကကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ”

မဟန၏ ကြေညာချက်နှင့်ပတ်သက်၍ မန္တလေးနှင့် ကရင်ပြည်နယ်တို့မှ မဘသအဖွဲ့များက မလိုက်နာခြင်းအပေါ် မဟနအဖွဲ့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်ခြင်း တို့ကြောင့် မလွှဲမရှောင်သာဘဲ အာဏာစက်ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

အာဏာစက်ဖြင့် အရေးယူဆောင်ရွက်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစိုးရများမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်ပြီး အင်အားသုံးဖြေရှင်းမည်မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မဘသ (ဗဟို) ၏ ပြန်ကြားရေးဆရာတော်တစ်ပါးဖြစ်သူ ဒေါက်တာအရှင် သောပါက ကမူ မဘသ(ဗဟို) အနေနှင့် မဟန၏ ကြေညာချက်ကို တိကျစွာ လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ထိုးထား သော်လည်း မန္တလေးနှင့် ကရင်ပြည်နယ် တို့၏ မဘသများနှင့် တစ်သဘောထားတည်းရှိနေကြောင်း The Voice သို့ မိန့်ကြားသည်။

အမည်ပြောင်းသည်ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ၊ ဆိုင်းဘုတ်ဖြုတ်သည် ဖြစ်စေ၊ မဖြုတ်သည်ဖြစ်စေ ရှေ့လျှောက်အတူလက်တွဲ ချီတက်နေဦးမည်ဟု ဆရာတော်က မိန့်သည်။

ဆရာတော်က ဗုဒ္ဓဘာသာအချင်းချင်းနှင့် သံဃာထုအတွင်း ညီညွတ်မှုပျက်ပြားကာ စိတ်ဝမ်းကွဲနေသည် ဆိုသည့် ပြောဆိုမှုများကိုလည်း လက်မခံပေ။ အကယ်၍ရှိခဲ့လျှင်လည်း မဘသကြောင့် မဟုတ်ဟု ဆိုသည်။

“ဘာမှ စိတ်ဝမ်းကွဲတာမရှိဘူး။ သက်သက်ဝေဖန်တာ၊ အာချောင်တဲ့သူတွေပြောတာ၊ စိတ်ဝမ်းကွဲတယ် လျှောက်ပြောတာ။ အခု စိတ်ဝမ်းကွဲတာ ဘယ်မှာရှိလဲ။ ပြောပြလေ။ မင်းတို့သိရင် ထောက်ပြလိုက်။ ဒါမှမဟုတ်ရင် ထောက်ပြချင်တဲ့ သူက တို့ကို လာပြောပြ။ ဘယ်နေရာမှာ စိတ်ဝမ်းကွဲသလဲ”

ဦးဝီရသူကလည်း ယခင်က ထိုသို့ပင် မိန့်ဆိုဖူးသည်။ မဘသပေါ်လာခြင်းကြောင့် ဂိုဏ်းဂဏကွဲပြားနေသည့် သံဃာထုသည် တစ်မူထူးကာ ပို၍ပင် ညီညွတ်လာသည်ဟု ဆိုသည်။

မဘသအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထောက်အပံ့ပေးထားပြီး အပြန်အလှန် အားဖြင့် ရွေးကောက်ပွဲ တွင် ယင်းပါတီကို မဲပေးရန် မဲဆွယ်ပေးရမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက ရွေးကောက်ပွဲ မတိုင်ခင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဦးပါမောက္ခသည် ယခင်က မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နုတ်ထွက်ခဲ့သည့် ဆရာတော် ဖြစ်သည်။

အမှန်တကယ်တွင်လည်း ရွေးကောက်ပွဲကာလအတွင်းက မဘသအဖွဲ့ဝင်ရဟန်းတော်အချို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ကို မဲမပေးရန် လှုံ့ဆော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးဘာသာစောင့်ရှောက်ကာကွယ်ရေးအားနည်းလွန်းသည်ဟု အရှင်ဝီရသူက ဝေဖန်ခဲ့သလို ဘုန်းတော်ကြီး အချို့က အခြေခံဥပဒေပုဒ်မ၅၉ (စ) ကို ပြင်ဆင်ရန် အဆိုပြုမှုကိုလည်း ဆန့်ကျင်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအတွက် NLD ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူများကိုသာ သီးသန့် ရွေးထုတ်ကာ ရွေးကောက်ပွဲကို ဝင်ပြိုင်စေခဲ့သည်။

ယင်းမှာ မဘသတို့၏ ရန်ကို ရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က ထုတ်ဖော်ပြောဆိုခဲ့ သည်။

အဆိုပါအချက်သည်လည်း နိုင်ငံတော်အတွက် နစ်နာမှုတစ်ခုဖြစ်ပြီး ပြည်သူများ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ကို ထိခိုက်စေသည်ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ကျောင်းအုပ် ဦးမြတ်သူ က ဆိုသည်။

“ဥပမာဆိုပါစို့ မွတ်ဆလင်ထဲက တကယ့်အရည်အချင်းရှိတဲ့ ဘာသာဝင်ဘာညာဆိုလို့ရှိရင်လည်း တိုင်းပြည် တာဝန်ထမ်းဆောင်ခွင့်၊ Right to Participation ပေါ့၊ ဒီမိုကရေစီရဲ့ အဓိကထောက်တိုင်ထဲက တစ်ခုပေါ့။ Right to Participation ဆိုရင် အများကြီး ထိခိုက်သွားတယ်”

ပြဋ္ဌာန်းထားသည့် ဥပဒေများအရ အဖွဲ့အစည်းများဖွဲ့စည်းခြင်းသည် ပြဿနာမဟုတ်သဖြင့် မဘသအဖွဲ့ကို ဖျက်သိမ်းခိုင်းသည်ထက် ဥပဒေချိုးဖောက်မှုများကိုသာ ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ရှမ်းပြည်နယ်သီပေါမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးရဲထွန်းက ဆိုသည်။

ယင်းသို့ အရေးယူနိုင်ရန်အတွက်လည်း လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရန်လိုအပ်သည်ဟု ဦးရဲထွန်းက ဆိုသည်။

“အဲဒီမှာတစ်ခု ကျွန်တော်တို့က သတိထားရမှာက ကိုယ့်ဗုဒ္ဓဘာသာကတော့ ဗမာလိုပြောကြ ဆိုကြ ဆွေးနွေးကြတာဖြစ်တယ်။ ဒါတွေအပေါ်မှာတော့ စောင့်ကြည့်နိုင်တယ်။ ကြားတဲ့သူတွေက တိုင်ကြားနိုင်တယ်။ သို့သော်လည်း မွတ်ဆလင်ဘာသာ၊ အာရဗစ်၊ အာရဗီတွေ အသုံးပြုပြီး ပြောတာဆိုတာတွေလည်း ကျွန်တော်တို့က သေသေချာချာကြပ်မတ်ဖို့တော့လိုတယ်။ သူတို့ဗလီတွေထဲမှာ၊ သူတို့ဟောပြောပွဲတွေထဲမှာ ဘာတွေပြောနေသလဲဆိုတာကို ကျွန်တော်တို့ နားလည်တဲ့သူနည်းလို့ ရှိရင်လည်း အသံသွင်း မှတ်တမ်းယူခိုင်းတာတို့ ဘာတို့ပေါ့နော်။ ဒါတော့ ကျွန်တော်တို့က မျှတအောင် စောင့်ကြည့်ဖို့လိုလိမ့် မယ်”

သံဃာတော်များနှင့် အစိုးရအကြားထိပ်တိုက်တွေ့ဆုံမှုသည် ၂၀၀၇ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သေးပြီး ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သည်။

လောင်စာဆီဈေးတက်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပြည်သူတို့၏ စားဝတ်နေရေးကျပ်တည်းမှုတို့အပြင် တပ်မတော်အစိုးရ၏ ဖိနှိပ်မှုတို့ကို မခံနိုင်၍ သိန်းနှင့်ချီသည့် သံဃာတော်များက လမ်းမပေါ်ထွက်ခဲ့ကြပြီး ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က တပ်မတော်အစိုးရက သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ အချို့မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သံဃာတော် အချို့မှာရိုက်နှက်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးထောင်ချခြင်းများကို ခံခဲ့ရသည်။

ယခုအစိုးရအနေနှင့်လည်း မဘသနှင့်ပတ်သက်သည့်ကိစ္စကို သတိကြီးစွာကိုင်တွယ်နေရပြီး မလွယ်သည့် အခြေအနေဟု သုံးသပ်မိကြောင်း ဦးမြတ်သူက ဆိုသည်။

“တော်တော်ကြီးကို သည်းခံပြီးတော့ ကိုင်တွယ်တာကို တွေ့ရတယ်။ နောက်တစ်ခုကလည်း တိုက်ရိုက် ကိုင်တွယ်နိုင်တဲ့ ယန္တရားပေါ့နော်၊ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ပြည်ထဲရေးတို့၊ ဘာတို့ညာတို့ဆို တဲ့ဟာကလည်း အစိုးရသစ်ရဲ့အောက်မှာ ရှိမနေဘူး”

၂၀၁၂ ခုနှစ်မှစ၍ နောက်ပိုင်းတွင် မကြာမကြာပေါ်ပေါက်ခဲ့သည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများအပြီးတွင် အမျိုးသားရေးလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် ပေါ်လွင်လာပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေသည့် အခြေအနေများမှာ အစိုးရအပြောင်းအလဲနှင့်အတူ ပေါ်ပေါက်ခဲ့သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရသစ်အနေနှင့် ငြိမ်းချမ်းရေး၊ စီးပွားရေးအပါအဝင် အဆိုပါ နိုင်ငံတော်တည်ငြိမ်ရေးကိုပါ ပူးတွဲကိုင်တွယ်နေရသည်။

ယခုနှစ်အတွင်း ရခိုင်အရေးသည်လည်း တစ်ကျော့ပြန်လာသည်။

အဆိုပါ အခြေအနေများကြားထဲမှ မဘသအရေးကိုလည်း အစိုးရက ကိုင်တွယ်နေရခြင်းကြောင့် အစိုးရ အနေနှင့် အခြားအရေးကိစ္စများကို အာရုံပြည့်မစိုက်နိုင်။ သခွပ်ပင်ကမီးတကျည်ကျည်ဖြစ်နေသည့် နိုင်ငံ အနေနှင့်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဖြောင့်တန်းစွာ သွားနိုင်မည်မဟုတ်ပေ။ လက်ရှိအနေအထားသည် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၏ လမ်းကြောင်းပေါ်တွင်သာ ရှိနေသေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂလူ့အဖွဲ့စည်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ သို့သော်အဆိုပါသတင်းသည် မီဒီယာများပေါ်တွင် မဘသတို့ ဆိုင်းဘုတ်ဖြုတ်၊ မဖြုတ်သည့် အရေးလောက် မထင်ပေါ်ခဲ့ပေ။

မြန်မာ့စီးပွားရေး နာလန်ပြန်ထရန် လိုနေသည့်သတင်းမှာ မထင်ပေါ်ခဲ့ပေ။ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများ သတင်းမှာ မှေးမှိန်နေသည်။ ကုန်ဈေးနှုန်းဖိအားဒဏ်ခံနေရသော လူထုသတင်းကို ကျော်သွားခဲ့သည်။ အစိုးရအနေနှင့်လည်း အရေးပါသောအရေးအရာများတွင် အပြည့်အာရုံမစိုက်နိုင်။

ယင်းကပင် နိုင်ငံအတွက် နစ်နာမှုဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် နစ်နာမှုဖြစ်သည်။

“နောက်ပြီးတော့ အသွင်ကူးပြောင်းမှုကာလမှာလည်း ဘာပဲပြောပြော အစိုးရသစ်ကလည်း စီးပွားရေးတွေ၊ ဘာတွေ အာရုံစိုက်ရမယ့်ဟာမှာ ဒီဟာက အများကြီး စဉ်းစားစရာတွေ ဖြစ်နေတယ်ပေါ့။ အဲဒီတော့ အများကြီး ထိခိုက်မှုကတော့ ရှိတာပေါ့” ဟု ဦးမြတ်သူက ဆိုသည်။

ဗုဒ္ဓဘာသာအများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် သံဃာဆိုသည်မှာ အထွတ်အမြတ်ရတနာတစ်ပါးဖြစ် အစဉ်အဆက် လက်ခံ ယုံကြည်ခဲ့ကြပြီး ဗုဒ္ဓဘာသာပြည်သူတို့အပေါ်တွင် အရိပ်နှယ်လွှမ်းမိုးနေပါသည်။

အဆိုပါ ရတနာတို့ ပြိုကွဲလျှင် အရိပ်လည်း ပျောက်ပါလိမ့်မည်။

ပြည်တွင်းတွင် ကိုယ့်အချင်းချင်းချ သမိုင်းထဲ ပတ်လည်ရိုက်နေရခြင်းက အဘက်ဘက်က ချွတ်ခြုံကျနေသော မြန်မာပြည်မှာ နူရာဝဲစွဲမည့်ကိန်း။

ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများကို အေးချမ်းစွာထမ်းဆောင်နေသည့် သက်တော် ၈၃ နှစ်အရွယ် ဖားအောက်တောရ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏက သံဃာတော်များထံသို့ ရည်ညွှန်းသည့် ၎င်း၏ မေတ္တာရပ်ခံတောင်းပန်လွှာတွင် အောက်ပါအတိုင်း အဆုံးသတ်ထားသည်။

“တပည့်တော်အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခမရောက်စေလိုပါဘုရား ။ ဒုက္ခရောက်သည့် သတင်းကိုလည်း မမြင်လို၊ မကြားလိုပါဘုရား”

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *