မြန်မာ့ဘဏ်လောက ဝက်အူတင်းခြင်း

 

 

မြန်မာ့ဘဏ်လောက၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများမှာ ခေတ်နှင့်လျော်ညီမှုမရှိကြောင်း မကြာခဏဆိုသလို ဘဏ်လုပ်ငန်းရှင်များက ညည်းညူကြသည်။

စည်းမျဉ်းစည်းကမ်းများတင်းကျပ် လွန်းသည်ဟု ဆိုကြသည်။

သို့သော် ထိုဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများမှာစာရွက်ပေါ်တွင်သာ တင်း ကျပ်နေခြင်းဖြစ်သည်။

ပြင်ပလက်တွေ့ဘဏ်လောကတွင် ထိုစည်းမျဉ်းစည်းကမ်းများမှာလျော့တိ လျော့ရဲ ဖြစ်နေကြသည်။

ဤသည်ကို ဗဟိုဘဏ်တာဝန်ရှိသူများလည်း သိကြသည်။

လျော့တိလျော့ရဲဖြစ်ရခြင်းအကြောင်းသည် လိုက်နာရန်ပျက်ကွက်မှုနှင့် ကြီးကြပ်ရန်ပျက်ကွက်မှုကြောင့် ဖြစ်သည်။

ယခုလဆန်းပိုင်းတွင် ဗဟိုဘဏ်က မြန်မာ့ဘဏ်လုပ်ငန်းများကို ဝက်အူတစ်ချက် တင်းလိုက်သည်။

ယမန်နှစ် ဇန်နဝါရီလက ပြဋ္ဌာန်းခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းစည်း မျဉ်းသစ်များ ထပ်မံထုတ်ပြန်လိုက်သည်။

ဆုံးရှုံးနိုင်ခြေများသော ချေးငွေများနှင့်ပတ်သက်၍ အမျိုးအစားသတ်မှတ်ခြင်းစည်းမျဉ်းမှာ ချေးငွေအကြောင်း အစီရင်ခံရန် ပျက်ကွက်နေသောဘဏ်လုပ်ငန်းများကို တင်းကျပ်လိုက်ခြင်းဖြစ်သည်။

“ပြန်မဆပ်တဲ့ချေးငွေနဲ့ပတ်သက်လို့ တချို့ဘဏ်တွေက သတင်းပို့တာရှိတယ်၊ တချို့ဘဏ်တွေက သတင်းမပို့ တာလည်းရှိတယ်။ ဒါက ဗဟိုဘဏ်ရဲ့ပေါ့လျော့မှုလို့မမြင်ဘူး။ ဘဏ်တွေရဲ့ပျက်ကွက်မှုလို့ မြင်တယ်” ဟု ဘဏ် လုပ်ငန်းအကြံပေး ဦးရဲမင်းဦးကဆိုသည်။

အများပြည်သူအပ်နှံငွေဖြင့် လုပ်ငန်းလည်ပတ်နေရသော ပြည်တွင်းပုဂ္ဂလိကဘဏ်သည် ထုတ်ပေးထားသော ချေးငွေများဆုံးရှုံးမှုမရှိစေရန် ဗဟိုဘဏ်က လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

ချေးငွေပြန်ဆပ်ရန် ပျက်ကွက်သော ချေးငွေများကိုသက်တမ်းအလိုက် အမျိုးအစားများသတ်မှတ်ကာ ချေးငွေ အရင်းနှင့် အတိုးပမာဏအတိုင်းဘဏ်က ကြိုတင်လျာထားကာ သီးသန့်ဖယ်ထုတ်ရန် ဗဟိုဘဏ်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

“ဘဏ်ကိုမထိခိုက်အောင်နဲ့ ငွေအပ်နှံသူတွေလည်း ငွေထုတ်လို့မရဘူးဆိုတဲ့ အခက်အခဲမျိုးမတွေ့အောင် ဒီစည်းမျဉ်းတွေလုပ်ရတာပေါ့” ဟုဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပညာရှင် ဦးစံသိန်းက ဆိုသည်။

ယခုနောက်ဆုံး ထုတ်ပြန်လိုက်သော စည်းမျဉ်းလေးချက်အနက် ထူးခြားမှုတစ်ခုမှာ ပမာဏများပြားသော ကြွေးမြီ စာရင်းအချက်အလက်များကို ဗဟိုဘဏ်သို့ သုံးလတစ်ကြိမ် အစီရင်ခံတင်ပြရမည်ဖြစ်ပြီး ယခင်ကယင်းအချက်အလက်ကို အစီရင်ခံရန် မလိုပေ။

ယင်းအချက်မှာလည်း ဘဏ်များအနေနှင့် ပမာဏများပြားသောကြွေးမြီများကြောင့် ဘဏ်လုပ်ငန်းထိခိုက်မှုမရှိ စေရန်ပြုလုပ်သော အစီအမံတစ်ခုဖြစ်ပြီး တစ်ဖက်တွင် လုပ်ငန်းများစွာ လုပ်ဆောင်နေသော ဘဏ်လုပ်ငန်းအပါအဝင် လုပ်ငန်းများစွာ လုပ်ဆောင်နေသော ကော်ပိုရေးရှင်းကြီးများကို ကြီးကြပ်လိုခြင်းဖြစ် သည်။

“အရင်တုန်းကရှိတာတွေက သိပ်မပြည့်စုံဘူး။ အခုမှ ပိုပြီးအကြောင်းအရာ ပိုပြည့်စုံလာတာပေါ့။ အခုက အရင်လို မဟုတ်တော့ဘူးလေ။ ဘဏ်တွေကလုပ်တဲ့ လုပ်ငန်းတွေကလည်း များလာပြီဆိုတော့ ဒီလုပ်ငန်းတွေပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားထားတာတွေပေါ့” ဟု ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ဖြေကြားသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ဘဏ်လုပ်ငန်းအပြင် ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း စသည့်လုပ်ငန်းပေါင်းများစွာလုပ်ကိုင်နေသော ဘဏ်များလည်းရှိသည်။

“အခုက လုပ်ငန်းအစုံလုပ်တဲ့ ဘဏ်လုပ်ငန်းတွေလည်းရှိတယ်။ ဆိုတော့ ကိုယ်လိုချင်တာကိုမင်းနာမည်နဲ့ ချေး တယ်ကွာ။ ဒီလိုမျိုးတွေဖြစ်လာမှာစိုးလို့ ပြန်ထိန်းတဲ့သဘောပေါ့” ဟု ကမ္ဘာ့ရတနာဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာလှညွှန့်က ပြောဆိုသည်။

ဗဟိုဘဏ်သည် စည်းမျဉ်းစည်းကမ်းဥပဒေများကိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် အားနည်းနေကြောင်း ဝေဖန်မှုရှိခဲ့သည့်အပြင် ယခုတစ်ဖန် ပွင့်လင်းလာသည့် ဈေးကွက်စီးပွားရေးတွင် ငွေကြေးဆိုင်ရာလိမ်လည်မှုများကို ကြီးကြပ်နိုင်ရန်လည်း အားနည်းနေဆဲဖြစ်သည်။

ယခုလအတွင်း ပြည်ပချေးငွေ တိုက်ရိုက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မလေးရှား ကုမ္ပဏီတစ်ခုက ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်ကို ဗဟိုဘဏ်က သတင်းရရှိခဲ့ကြောင်း သတင်းမီဒီယာသို့ အသိပေးကာ စုံစမ်းမှုပြုလုပ်စေခဲ့သည်။

ယင်းအချက်မှာ ဈေးကွက်အတွင်း ဗဟိုဘဏ်၏ ထိန်းကျောင်းကြီးကြပ်မှု အားနည်းခြင်းကို ပြနေခြင်းလည်း ဖြစ်သည်။

“အခုတော့ ဘယ်သူတွေပါသလဲဆိုတာ သိရပြီ။ ဒါပေမဲ့ ဗဟိုဘဏ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီမညီဆိုတာကို ဆက်စောင့်ကြည့်ရဦးမယ်။ လောလောဆယ် ခေါ်တွေ့ဖို့တော့ စီစဉ်နေတယ်” ဟု ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါမလေးရှားကုမ္ပဏီသည် ပြည်ပချေးငွေရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခနှင့် ကြိုတင်ပေးသွင်းငွေ အမေရိကန်ဒေါ်လာနှစ်သောင်းကျော်ကို ပြည်တွင်းလုပ်ငန်းရှင်များထံမှ ကောက်ခံမည်ဆိုသည့် သတင်းရထားကြောင်း ၎င်းကဆိုသည်။

“အကယ်၍ လုပ်ငန်းရှင်ကချေးငွေလျှောက်ပြီးချိန်မှာ ဗဟိုဘဏ်သတ်မှတ်ချက်နဲ့မညီရင် ဒီချေးငွေကိုရမှာ မဟုတ်ဘူး။ သူပေးထားရတဲ့ ဒေါ်လာနှစ်သောင်းကျော်ကဆုံးသွားမှာ။ ဒီလိုမျိုး အယောက် တစ်ရာရှိခဲ့တယ်ဆိုရင် ဒေါ်လာ နှစ်သန်းလောက်ဖြစ်ပြီလေ” ဟု ၎င်းက ဆိုသည်။

ငွေရေးကြေးရေး ပြဿနာများနှင့်ပတ်သက်၍ ၂၀၀၃ ခုနှစ်တွင် ဧရာမြေကဲ့သို့ ငွေရေးကြေးရေးလုပ်ငန်းများကြောင့် ဘဏ်လုပ်ငန်းများပါ ပြိုလဲသည်အထိ ဖြစ်ခဲ့သည်။

ထိုစဉ်က ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်နိုင်မည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အားနည်းခဲ့သည်ကို ဗဟိုဘဏ်ကဝန်ခံခဲ့ရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုသည်။

“အရင်တုန်းကတော့ ကြီးကြပ်မှုအားနည်းချက်တွေကြောင့်ဆိုတာ ဝန်ခံခဲ့ရတယ်။ အခုဖြစ်နေတဲ့ ပြည်ပချေးငွေ ကိစ္စကတော့ ချေးငွေလျှောက်လွှာခေါ် တုန်းဆိုတော့ အရေးယူလို့ ရ မရစောင့် ကြည့်နေတုန်းပဲ” ဟု ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ ပြည်ပချေးငွေရယူမည့်အဖွဲ့အစည်းနှင့်ပတ်သက်၍ ၎င်းက ဖြေကြားသည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ၊ ငွေကြေးမူဝါဒနှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်၊ ငွေကြေးဈေးကွက် တည်ငြိမ်စေရန် ဗဟိုဘဏ်သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နည်းပညာအကူအညီများဖြင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲလျက်ရှိသည်။

ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်ရေးအတွက် မတည်ငွေရင်းလုံလောက်မှုအချိုး၊ ငွေဖြစ်လွယ်မှုအချိုး၊ ချေးငွေပမာဏ ကန့်သတ်ချက်၊ အပြည့်အဝပြန်မဆပ်နိုင်သည့် ချေးငွေများအတွက် အစီအမံစသည့် အချက်များပါဝင်သောစည်းမျဉ်း စည်းကမ်းများ ပါဝင်လာရန်လိုကြောင်း ယခုနှစ် ဧပြီလအတွင်းက IMF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr. Markus Rodlauer က ဖြေကြားခဲ့ဖူးသည်။

ဗဟိုဘဏ်၏ စည်းမျဉ်းသစ်ထုတ်ပြန်ချိန်နှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ နှစ်ဦး သက်တမ်းစေ့၍ လူသစ်လဲမည့်အချိန် တိုက်ဆိုင်နေမှုအပေါ် စဉ်းစားစရာအချက်အချို့လည်း ရှိနေသည်။

“ဒုဥက္ကဋ္ဌတချို့ သက်တမ်းပြည့်တော့မယ်၊ နောက်လကုန်ဆို ဒါရိုက်တာအဖွဲ့ သက်တမ်းပြည့်ပြီလို့ ကြားတယ်။ ဒီပြောင်းမယ့်ကာလမှာ ဒီညွှန်ကြားချက်မျိုး ထုတ်သင့်သလားဆိုတာ မရှင်းလင်းဘူး။ ဘာလို့ဆို ဒီဟာကိုဖြေရှင်းရမယ့်သူက နောက်လူတွေ ဖြစ်လာမှာကိုး” ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် အသစ်ထုတ်လိုက်သော စည်းမျဉ်းများကိုလိုက်နာရန် ပျက်ကွက်ပါက အရေးယူမှုများ တိတိကျကျ ဖော်ပြထားပြီးထိုဖော်ပြချက်များကို ပြည်သူများနားလည်မှုလွဲနိုင်ကြောင်း ၎င်းကဆိုသည်။

မတည်ငွေရင်းလုံလောက်မှုဆိုင်ရာ စည်းမျဉ်းတွင် ဗဟိုဘဏ်ကသတ်မှတ်ထားသော မတည်ငွေရင်းလုံလောက်မှု အချိုးထက် လျော့နည်းနေပါက ချေးငွေထုတ်ပေးခြင်းနှင့် ဘဏ်ခွဲအသစ်ဖွင့်ခြင်းတို့ကို ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအချက်သည် ပြည်သူများနှင့် ဘဏ်လုပ်ငန်းအကြား နားလည်မှုလွဲနိုင်သည့် ထိရှလွယ်သော စကားရပ်တစ်ခုဖြစ်ကြောင်း ဦးရဲမင်းဦးက ဆိုသည်။

မတည်ငွေရင်းလုံလောက်မှုအချိုးမှာ ယခင်က ၁၀ ရာခိုင်နှုန်းရှိမှ ယခုအသစ်ထုတ်ပြန်သောစည်းမျဉ်းတွင် ၈ ရာခိုင်နှုန်းအဖြစ် လျှော့ချသတ်မှတ်ခဲ့ပြီး ယင်းမတည်ငွေရင်းဆိုသည်မှာ ကာလတိုအတွင်း ပြန်လည်ပြည့်မီနိုင်သော အချိုးတစ်ခု ဖြစ်သည်။

“သတ်မှတ်ချက်မမီလို့ ဘဏ်လုပ်ငန်းရပ်ထားရမယ်လို့ စာထုတ်ရင် လူတွေက ဒါကိုဘယ်လိုနားလည်မလဲဆိုတာ အရေးကြီးတယ်။ ဘဏ်လုပ်ငန်းရပ်ပြီဆိုပြီး ကောလာဟလဖြစ်လာရင် ဘဏ်တွေကို ပိုထိစေမှာပါ။ အရေးယူမှုကို လူတွေဘယ်လိုနားလည်သလဲဆိုတာက ပိုအရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့်ပတ်သက်သော ကောလာဟလသည် နတ်ကြီးသည်ဖြစ်ရာ ဝက်အူတင်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် ဗဟိုဘဏ်လူသစ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။

“အခုကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကြပ်ကြပ်မတ်မတ်လုပ်မယ့်သဘောပေါ့။ အသစ်ဝင်လာမယ့် ဒုဥက္ကဋ္ဌတွေကလည်း ဘဏ်လုပ်ငန်းအတွေ့အကြုံလေးတွေတော့ လိုမယ်” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

စစ်ငြိမ်းသူ

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *