နှစ် ၇၀ သင်ခန်းစာအလွဲ

အာဇာနည်နေ့ ရောက်ပြန်ပါပြီ။ အဲဒီနေ့ကျမှ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်တိုင်းလိုပဲ အလေးပြုမယ်။ ပြီးရင် နေမြဲဆိုပြီး နဂိုအတိုင်း ဆက်နေမြဲနေကြမယ်။ ပြီးတော့လည်း လုပ်ချင်တာတွေ ဆက်လုပ်နေကြမယ်။ ဒီလိုနဲ့ပဲ နှစ် ၇၀ ရှိနေပါပြီ။

တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရအောင်ကြိုးစားခဲ့ကြရင်း လုပ်ကြံခံခဲ့ရတာဖြစ်လို့ သူတို့ကို အာဇာနည်အဖြစ် တိုင်းပြည်က ပူဆွေးတသကြတယ်၊ နှမြောကြတယ်။ 

အသက်ငယ်ငယ်နဲ့ လုပ်နိုင်စွမ်းရှိခဲ့တယ်။ ရလဒ်ထွက်ခဲ့တယ်။  လက်ရုံးရည်ကောင်းသလို နှလုံးရည်လည်း ကောင်းတယ်။

အင်္ဂလိပ်နန်းရင်းဝန် အက်တလီတို့နဲ့ ပြောဆိုဆွေးနွေးပြီး  လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့တယ်။ တောင်းဆိုနိုင်ခဲ့တယ်။ အဲလိုဖြစ်အောင်လည်း လူထုကနောက်မှာရှိအောင် စွမ်းဆောင်နိုင်ထားခဲ့ပြန် ပါသေးတယ်။ ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ သတ္တိရှိတယ်၊ ဇွဲကောင်းတယ်၊ စည်းရုံးနိုင်တယ်၊ အုပ်ချုပ်နိုင်တယ်၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်။ စွမ်းဆောင်နိုင်ခဲ့တယ်။

သူတင်လားဆိုတော့ မဟုတ်ဘူး။ သူတို့ အုပ်စုလိုက်ပါ။

ဒီကံကြမ္မာဆိုးက တိုင်းပြည်အတွက် အစည်းအဝေးလုပ်ကြရင်း  ဖြစ်တာဆိုတော့ သူနဲ့အတူ အခြားအားကိုးရတဲ့၊ မညံ့တဲ့၊ အစွမ်းကြီးတဲ့၊ အရေးပါတဲ့၊ ပေါက်ရောက်တဲ့၊ လက်ရုံးရည် နှလုံးရည်ရှိတဲ့၊ ပညာကြီးတဲ့၊ ဉာဏ်ကြီးတဲ့၊ စေတနာကြီးတဲ့ အခြားအာဇာနည်တွေလည်း အတူအသတ်ခံလိုက်ရတယ်။ သူလိုပဲ တော်ကြသူတွေ အများစုပါ။

ဒီလိုဖြစ်ခဲ့ပေမယ့် တိုင်းပြည်အတွက် ကံကောင်းချင်တော့  လွတ်လပ်ရေး ရသွားနိုင်ခဲ့တယ်။ သို့သော် ကံဆိုးချင်တော့ သူတို့ကိုယုံတဲ့လူမျိုးတွေ အဖွဲ့တွေက  သူတို့မရှိတဲ့နောက်မှာ ကွဲပြဲတာတွေ ဖြစ်ကုန်ကြတယ်။ ရှုပ်ထွေးကုန်ကြတယ်။ အားပြိုင်ကုန်ကြတယ်။ တိုက်ခိုက်ကုန်ကြတာတွေလည်း ရှိခဲ့ကြ တယ်။ ဒါတွေ ဖြစ်ခဲ့ကြတယ်ဆိုပါတော့။

အခုချိန်မှာဆိုရင် ဒီဖြစ်ရပ်က နှစ် ၆၀-၇၀ ကြာပြီဆိုတော့ နှစ်စဉ်ပုံဖော်လာတာတွေကြောင့် ပြည်သူအများစုအနေနဲ့ မိုးဖွဲလေးရွာတာတွေ၊ ရက်စက်စွာဝင်ပစ်တာတွေ၊ လုပ်ကြံတာတွေ  အသေးစိတ် နှစ်တိုင်းကြားနေရတော့ အားလုံးလည်း အတော်လေးလည်း  မှတ်မိနေကြတယ်။ သိနေကြတယ်။ နှစ်တိုင်း ဒီနေ့ရောက်တိုင်း စိတ်တိုတယ်၊ အားမလိုအားမရဖြစ်ကြတယ်၊ နှမြောတယ်၊ ကြေကွဲပူဆွေးပေးကြတယ်။ နောက်ပြီးတော့လည်း နဂိုအတိုင်းပဲ။ နောက်တစ်နှစ်ပြန်မရောက် မချင်းပေါ့။
တကယ်တော့လည်း သမိုင်းအဖြစ်အပျက်မှာ လွတ်လပ်ရေးရအပြီး ကွဲကြပြဲကြတယ်။ ချကြတိုက်ကြတယ်၊ အားလုံးက လေးစားသူမရှိတဲ့နောက်မှာ အချင်းချင်းယုံကြည်မှုနည်းတာ မရှိတာတွေ့ရတယ်။

မငြိမ်မသက်နဲ့ တိုင်းပြည်မှာ ပညာရေးနဲ့ စီးပွားရေးတွေ နေရာကွက်ပြီးပဲ ရှင်သန်နိုင်ခဲ့ပြန်တယ်။

၁၉၆၂  မှာ အာဏာသိမ်းပြီးတော့လည်း အာဏာသိမ်းတဲ့အစိုးရက ခေတ်စားပြီး အများကြိုက်တဲ့ ဆိုရှယ်လစ်ဆိုတာကို မြန်မာနည်း မြန်မာဟန်နဲ့သွားမယ်လို့ သူတို့ဘာ သူတို့လုပ်ပြီး ဒီလမ်းစဉ်ကိုပဲ ဗိုလ်ချုပ်  ချမှတ်သွားတယ်လို့ဆိုပြီး စည်းရုံးခဲ့ပြန်တယ်။ ပြစား လုပ်စားတယ်။   အသုံးချတယ်။

အလားတူ လူတိုင်းချစ်ခင်သနား လေးစား ရိုသေတဲ့အပေါ် လုပ်စားကြတာ၊ နင်းကြတာ၊  ဝင်ပဏာယူကြတာ၊ ရောချကြတာတွေလည်း  အများကြီး ပေါ်လာဖူးတယ်လို့ထင်တယ်။

အမှတ်တရလုပ်ရင်း ခွင်ဝင်ဖန်ကြတဲ့သူတွေလည်းရှိတယ်။ စီးပွား ရှာသူတွေလည်း ရှိခဲ့တယ်။ နိုင်ငံရေး အမြတ်ထုတ်ကြတယ်။ ပြစားတယ်။  မျက်ရည်ချူကြဖူးတယ်။ တကယ်မမေ့သင့်လို့ အခမ်းအနားတွေ လုပ်ကြတယ် အောက်မေ့ကြတယ်။

ကျောင်းတွေမှာ ပွဲတွေ ဒီရက် နှစ်စဉ်ကျင်းပကြတယ်။ လူတိုင်းသိကြတယ်။ ကန့်သတ်ပိတ်ပင်တာ သမိုင်ဖျောက်ဖို့ကြိုးစားတာ ပြောင်းဖို့ ကြိုးစားတာ ဖုံးဖို့ကြိုးစားတာလည်း ရှိခဲ့ဖူးတယ်။

သို့သော် ကျွန်တော်တို့တစ်တွေ ဒီဖြစ်ရပ်ကနေ နှစ်စဉ်ကျင်းပတာကနေ တစ်နှစ်နဲ့ တစ်နှစ်မတူအောင် သင်ခန်းစာ ဘာတွေယူနိုင်ကြလဲ။  ဘာတွေပြန်အောက်မေ့လဲ။ သူဖြစ်ချင်တာတွေဖြစ်အောင် လုပ်ဖို့  ကြိုးစားလား။ ဝမ်းနည်းရုံပဲလား။ ကျေးဇူးပဲ တင်ပြကြတာလား။

သူ့ကိုသနားပြီး စိတ်တိုကြရင်း ပြီးသွားကြတာလား၊ ဒီထက်ပိုပြီး မတွေးခဲ့ကြဘူးလား။ သူလို ကလေးတွေ မျိုးဆက်တွေထွက်လာအောင် မိဘတွေက စိတ်ပါလက်ပါ ယုံယုံကြည်ကြည် ကိုယ့်ကလေးကို မွေးမြူသွန်သင်ကြရဲ့လား၊ ဘယ်လိုကြီးပြင်းစေလဲ ပြန်ကြည့်ကြသင့်တယ်။ တကယ် Role Model စစ်စစ် ဟုတ်ကြရဲ့လားပေါ့။

ပြန်တွေးကြည့် ပြန်မြင်ကြည့်ရင် သိသင့်တာတွေက အဲဒီနေ့  တစ်ခုထဲအကြောင်းမဟုတ်ဘူး။ မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းပြီးချိန်မှာ  ပြောင်းလဲသွားတဲ့ တိုင်းပြည်စီးပွားရေးနဲ့ လူမှုရေး နိုင်ငံရေးဖြစ်စဉ်တွေ။

ဘုရားပေါ် ဖိနပ်မစီးရကစတဲ့ကိစ္စတွေနဲ့ သက်ဆိုင်တဲ့ YMBA  အသင်းနဲ့ သူတို့လုပ်ရပ်တွေ။ GCBA ခေတ်တွေ၊ ကြားထဲကခေတ်တွေ ဒို့ဗမာအစည်းအရုံးခေတ် ဖဆပလခေတ်တွေ ကြုံခဲ့ကြတဲ့ ရှေ့နေရှေ့ရပ်တွေ။ ကြိုးစားခဲ့ကြရတဲ့ ၉၁ ဌာနတို့ ဒိုင်အာခီတို့ တွဲရေးခွဲရေးတို့ ခေတ်က အနေအထားတွေ။

သမိုင်းမှာဖြစ်ပွားခဲ့တဲ့ ၁၃၀၀ ပြည့်လို စီးပွားပျက်ကပ်နဲ့ဆက်စပ်တဲ့  ဆရာစံလိုကိစ္စတွေ။ စူးအက်တူးမြောင်းပေါ်လာတာတွေ စစ်ကြီးနှစ်ကြိမ်အတွင်းက မြန်မာပြည်တွင်းနဲ့ ကမ္ဘာ့အနေအထားတွေ ပြောင်းလဲလာတဲ့  အရင်းရှင်ခေတ် စက်မှုတော်လှန်ရေးနဲ့ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကို  စိတ်ဝင်တစား ပြန်လေ့လာကြတဲ့ ကျောင်းသားတွေ ရှိစေချင်တယ်  သုံးသပ်ပြောဆိုကြစေချင်တယ်။

သူတို့ သမိုင်းသင်တော့လည်း ထင်းအောင် ပါကြစေချင်တယ်။ အင်္ဂလိပ်အောက် မြန်မာပြည်အသိမ်း မြစ်ဝကျွန်းပေါ် လုပ်ငန်းတွေချဲ့တာ၊  ကုလားတွေ မျိုးစုံပါလာတာ၊ ချစ်တီးတွေ လယ်ကူလီတွေရောက်လာတာ၊  ဧရာဝတီမြစ်ထဲ မီးသင်္ဘော ၅၀၀ ကျော်သွားနေတာ၊ အင်္ဂလိပ်လူမျိုး  ရာဂဏန်းလောက်ပဲသုံးပြီး ကုလားတွေနဲ့ မြန်မာပြည်အုပ်ချုပ်ခဲ့တာတွေ ဆရာတွေရော၊ ကလေးတွေရော သိနေစေသင့်တယ်။

နောက်ပြီး ကိုယ့်နိုင်ငံ စစ်ကြီးနှစ်ခုဖြစ်ချိန်က အဖြစ်အပျက်တွေနဲ့ စစ်ပြီးခေတ်အနေအထားတွေနဲ့ နေရူးတို့ အိန္ဒိယနဲ့ တရုတ်ဘိန်းစစ်  ဂျပန်အတက်နဲ့ ခေတ်ပြိုင် အခြားက ဥရောပကသမိုင်းတွေ သိကြစေချင်မိတယ်။ သုံးသပ်ချိတ်ဆက်နားလည်နိုင်စွမ်းမြင့်တဲ့ အများစု ရှိစေချင်တယ်။ တကယ် အာဇာနည်နေ့ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တွဲပြီး အသတ်ခံခဲ့ရတဲ့ အာဇာနည်တွေရဲ့ကလေးဘ၀တွေ ဖြတ်သန်းခဲ့ရတာတွေ၊ သူတို့လုပ်ရပ်တွေ၊ အရည်အချင်းတွေ၊ ကြိုးစားထားတာတွေ၊ အားကိုးရပုံတွေ၊ တာဝန်ယူထားကြတာတွေ၊ စိတ်နေသဘောထားတွေလည်း နှစ် ၆၀-၇၀ မှာ တကယ်နှစ်တိုင်းဂရုစိုက်ရင် တော်တော်စုံစုံ တကယ်ဆို သိနေကြသင့်ပြီ။ သူတို့ဖြတ်သန်းတဲ့ခေတ်နဲ့ နှစ် ၇၀ အတွင်း အပြောင်းအလဲတွေကို ထိုးထွင်းနှိုင်းယှဉ် သိမြင်နိုင်ကြစေချင်မိတယ်။

ဒိုင်းဒိုင်းဒိုင်းဆိုတဲ့ တစ်နေ့ထဲက အရာတွေနဲ့ အဲဒီနားဝန်းကျင်က အကြောင်းတွေနဲ့ အာဇာနည်နေ့ လုပ်လာကြတာ သိပ်ကြာနေပြီလို့ ထင်တယ်။
ရန်သူကို မုန်းတတ်ဖို့ပဲ ရိုက်သွင်းနေသလိုပဲ ခံစားမိနေရပြီး  ဒီထက်ပိုပြီး တစ်ပြည်လုံးသင်ခန်းစာရတာတွေ ပြောကြရင် မကောင်းဘူးလားပေါ့။

နောက်သင်ခန်းစာအနေနဲ့ဆိုလည်း သုံးသပ်ထားတဲ့ အဲဒီခေတ်က အတွင်းဝန်ရုံး လုံခြုံရေးတင်မကဘဲ မဖြစ်အောင် ကာကွယ်ကြဖို့သာမက နောက်နောင်မှာ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် လူတွေပေါ်မတည်ဘဲ  မူတွေကနေ ဆက်သွားဖို့ ဆောက်ထားတဲ့ Institution တွေ၊ Successor တွေ၊ Organization Design နဲ့ Structure တွေ၊ System တွေကို သုံးသပ်လေ့လာတာတွေ ဟောပြောကြတာတွေ ရှင်းလင်းတာတွေလည်း ပြောမယ်ဆိုတာမျိုးလည်း ထင်သလောက်မတွေ့ခဲ့ကြရဘူး။  ဖြစ်စေချင်တယ်။

လွမ်းဆွတ်နာကျည်း ဝမ်းနည်းတာများပြီး နောင်ဒီလိုမဖြစ်အောင်  ဒါတွေဖြစ်သင့်တာဆိုတာတွေ ငြင်းခုံ ဆွေးနွေးခဲ့ကြတာတွေ၊ စီမံတာတွေ၊ သင်ခန်းစာဖြစ်အောင် လုပ်တာတွေ သိပ်မမြင်ခဲ့မိဘူး။ လုပ်ကြစေချင်တယ်။တစ်ခါလာလည်း ဘက်အခြေခံပြီး ရန်သူတွေက ဆိုးဆိုး အများစုက ခံရ ခံရ နောက်သူရဲကောင်းက ကယ်ကယ် ဆိုတာတွေနဲ့ပဲ ကိုယ့်ဆီကသူတွေ မြန်မာသမိုင်းကို အသင်ကြားခံကြရလို့လား မသိဘူး၊ Development ထက် တော်လှန်ရေးတွေ သူရဲကောင်းတွေကို ပိုမက်ကြ မှတ်မိကြတယ်။ ကြေကွဲပူဆွေးလိုက်၊ မေ့ပျောက်လိုက်၊ ဒေါသထွက်လိုက်၊ ထပ်ဖြစ်လိုက်ဆို မကောင်းဘူးလားလို့ပါ။

ဗိုလ်ချုပ်ပြောခဲ့တဲ့ တိုင်းပြည်စီးပွားရေး ပြန်လည်တည်ထောင်ရေး ပညာရေး စတာတွေထက် တော်လှန်တာ၊ ချတာ၊ ပျစ်ပျစ်နှစ်နှစ်ပြောတာ၊ အပြစ်တင်တာ၊ စိတ်တိုတာတွေကိုပဲ မှတ်မိနေကြ ပြောနေကြဟန်တွေ မာန်တွေ၊ စတိုင်တွေပဲ တသသဖြစ်နေကြတာ တွေ့နေရသလိုပဲ။
နောက်အစိုးရတွေကလည်း သင်ခန်းစာထက် လူထုက သူတို့ကိုချစ်ကြတဲ့အပေါ် အခွင့်ကောင်းယူပြီး လိုချင်တာဖြစ်ဖို့ကို အားထည့်ပြီး နိုင်ငံရေးအမြတ်ရအောင် လုပ်ခဲ့ကြတာ များနေတယ်။ သုံးစားကြတာ။
ကမ္ဘာပေါ်က အခြားလုပ်ကြံခံရတဲ့ လင်ကွန်း၊ ကနေဒီ၊ အင်ဒရာဂန္ဒီစတာတွေက ရသလို သင်ခန်းစာတွေ အကျိုး အပြစ်တွေ ဝေဖန်တာတွေ သမိုင်းတွေမျိုး ဘာဖြစ်သလဲ၊ ဘာကွာသလဲ၊ ကိုယ်က ဘာသာသလဲ၊ သူတို့က ဘယ်လို ဆက်ထိန်းနိုင်ကြသလဲ၊ ဘာတွေဖြစ်သွားတဲ့အထိ သမိုင်းဖြစ်ခဲ့ကြသလဲဆိုတာတွေလည်း နှိုင်းယှဉ်လေ့လာကျင့် ကျောင်းသားလူငယ်တွေအဆင့်မှာ နှစ်စဉ်ဒီလိုနေ့ရောက်တိုင်း ရှိကြစေချင်တယ်။ သူတို့ရဲ့ထူးခြားတဲ့အတွေ့နဲ့ စာစီ စာကုံးတွေဖတ်ချင်တယ်။
နှစ်တိုင်းမှတ်မိသလောက်ကတော့ ဆုရတဲ့စာစီစာကုံးတွေဟာ ပုံဖော်တဲ့အရာနဲ့ ရသစိတ်ခံစားမှုတွေ လောက်သာ သူတို့ဆီက ထွက်လာစေနိုင်ခဲ့တယ်။ တကယ်ဆို ကျယ်ကျယ်ပြန့်ပြန့် ဖြန်ထွက်ဆင့်ပွားပြီး ကလေးတွေ ဖန်တီးနိုင်တာမျိုး ဖြစ်စေချင်တယ်။

ဒီကိစ္စဟာ အဖြစ်အပျက် Story ပုံပြင်တစ်ခုလိုကနေ ဖယ်ကွာပြီး သမိုင်းရဲ့အပြောင်းအလဲက အနေအထားတစ်ခုမှာ တကယ်ဖြစ်ခဲ့တဲ့  ရိုက်ခတ်မှုတစ်ခုလို့တွေးပြီး ဆက်သွားကြစေချင်တယ်။တကယ် Role Model လို ဖြစ်တယ်ဆိုရင်လည်း ကလေးတွေဟာ  ဗိုလ်ချုပ်ရဲ့ ရိုးသားမှုအကျင့်စရိုက်ကိုကိုင်ပြီး မူတည်ပြီး ဘေးမှာမြင်နေတဲ့ မိဘအသိုင်းအဝိုင်း၊ ညီအစ်ကို မောင်နှမကအစ ကျောင်းဆရာ၊ ဆရာမနဲ့   တွေ့မြင်နေသူတွေကို ယှဉ်တိုင်းပြီး ပြောဆိုနိုင်တဲ့အထိ ဖြစ်ရင်လည်း  ကောင်းတာပဲ။ တကယ်လည်း အဲဒီလောက်ဖြစ်မလာဘူး။

သူတို့ကို လေ့လာကြစေချိန်မှာလည်း ကလေးတွေကို အဖြစ်အပျက်တွေ ဇွတ်ရိုက်သွင်းပေးတာထက် သူတို့ဘာသာ မတူတဲ့နေရာတွေက ရှာဖတ်တာ၊ Online က လေ့လာတာ၊ လူကြီးတွေကို မေးတာမျိုးနဲ့ ဒီလိုနေ့ရောက်တိုင်း လေ့ကျင့်ပေးသင့်တယ်။ လူကြီးတွေက ကလေးတွေရှေ့မှာ ဟန်ဆောင် တာထက်ပိုပြီးလည်း အာဇာနည်တွေကို အားလုံးကို ချစ်ခင်လေးစားပြကြသင့်တယ်။ တာဝန်တစ်ရပ်လို ခိုင်းတာလုပ်၊ အာဇာနည်နေ့အခမ်းအနားပြီးပြီးရောဆိုရင် ဒီလို နှစ် ၁၀၀ ပြည့်လည်း သိပ်လုပ်ရကျိုးနပ် ထိရောက်မယ်မထင်ဘူး။

ဘာရယ်မဟုတ်ပါဘူး ၁၉ ရက်နားနီးလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ် လုပ်ကြတာပေါ်မှာ မတူတဲ့အမြင်ကို ဝင်ဆွေးနွေးကြည့်တာပါ။ လက်ခံဖို့ အတင်းအကျပ်မပြောလိုပါဘူး။ ကိုယ်အယူအဆနဲ့  ကိုယ် တွေပဲပေါ့။ 

ရဲမြတ်သူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *