ရုရှားတော်လှန်ရေးကို ဂျာမန်ကွန်ဒုံးများ၊ ခဲတံများဖြင့် ငွေကြေးထောက်ပံ့ခဲ့ပုံ

 

ဗလာဒီမာ အီလီရစ်လီနင်ဆိုသည့် နာမည်ကို စစ်တွင်းအမြတ်ရှာမှု၊ မှောင်ခိုဂိုဏ်းများနှင့် ဆက်နွှယ်မှုတို့နှင့်ပတ်သက်ပြီး ချိတ်ဆက်ဖော်ပြလေ့မရှိပေ။ ဣနြေ္ဒကြီးလှသည့် လီနင်ထံတွင် စွန့်စားတိုက်ခိုက်မှုများနှင့်ဆိုင်သည့် ဗီဇကင်းမဲ့ခဲ့သည်သာ။ သို့သော်လည်း ရာဇဝတ်မှုများနှင့် စွန့်စားကုန်သွယ်မှုများသည် ၁၉၁၇ ခုနှစ်တွင်း လီနင်၏ လုပ်ဆောင်မှုများအတွက် ငွေကြေးကူညီနိုင်ခဲ့သည်။

မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေးကြီးအတွက် ပြင်ဆင်နိုင်ရေး လိုအပ်သည့် ငွေစကြေးစ အများစုကို ပိတ်ပင်ခံထားရသည့် ဆေးဝါးများ၊ ခဲသား ခဲတံများ၊ ဂျာမန်ကွန်ဒုံးများ တင်သွင်းသည့် ပို့ကုန် သွင်းကုန်ကုမ္ပဏီမှတစ်ဆင့် ပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ဇာတ်လမ်းအစမှာ ဆွစ်ဇာလန်ဖြစ်သည်။ ပထမကမ္ဘာစစ်မီး စလောင်သည့် အချိန်မှစတင်ပြီး ရုရှားမှ ပြည်ပြေးအဖြစ် ထွက်ပြေးလာသည့်လီနင် ဆွစ်ဇာလန်တွင် နေထိုင်ခဲ့သည်။ သို့သော် ၁၉၁၇ ခုနှစ် မတ်လအရောက်တွင် ပီထရိုဂရက်တော်လှန်ရေးနှင့်ဆိုင်သည့်သတင်းများ ဇူးရစ်မြို့တွင် နေထိုင်နေသည့် လီနင်ထံသို့ရောက်လာသည်။

ရုရှား၏ ရယ်ဒီကယ်အကျဆုံးသော ဆိုရှယ်လစ်ပါတီဖြစ်သည့် ဘော်ရှီဘစ်တို့၏ ခေါင်းဆောင်ဖြစ်သူ လီနင်အတွက် မိခင်တိုင်းပြည်သို့ ချက်ချင်းပြန်ရန် တာဝန်ရှိသည်။ ပြဿနာမှာ အန္တရာယ်ကင်းသည့် ခရီးသွားလာရေးလမ်းကြောင်း ကင်းမဲ့နေမှုဖြစ်သည်။ ဥရောပစစ်ပွဲကြီးကို ဘူဇွာဆန့်ကျင်ရေး တော်လှန်ရေးအဖြစ်ပြောင်းလဲရန် လီနင်တောင်းဆိုထားမှုကြောင့် ပြင်သစ်နှင့် ဗြိတိန်တို့၏ချစ်ခင်မှုကို မရရှိ နိုင်ပေ။ အနောက်ဘက်ကို ခရီးထွက်မည်ဆိုပါက တရားစွဲဆိုခြင်းပင်မရှိဘဲ ထိန်းသိမ်းခံရနိုင်သည်။

အလားတူ ဂျာမနီမှတစ်ဆင့် ဥရောပမြောက်ပိုင်းသို့ ခရီးဆက်မည်ဆိုလျှင် မိခင်နိုင်ငံ၏ (ရုရှား) ရန်သူမြေပေါ်သို့ ဖြတ်သန်းသွားရောက်ရမည်ဖြစ်သည်။ ထို့ကြောင့် အမိမြေသို့ပြန်ရောက်ချိန်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထိန်းသိမ်းခံရနိုင်သည်။

ယင်းသို့ဖြင့် အပြန်ခရီးအတွက် အကြံထုတ်ရင်း အချိန်ရက်သတ္တပတ်တစ်ပတ် ကျော်သွားသည်။ ယင်းနောက်တွင် ဘော့်လ်တစ်ပင်လယ်သို့ ဘေးကင်းစွာ သွားရောက်ရေး လုပ်ဆောင်ပေးမည်၊ အလုံပိတ်တံခါးများပါသည့် အထူးမီးရထားလမ်းပြေးကားတွင်း လိုက်ပါသွားရမည် ဟု ဂျာမနီအစိုးရက သဘောတူညီခဲ့သည်။ ဥပဒေအသုံးအနှုန်းအားဖြင့် ယင်းမီးရထားလမ်းသုံးကားသည် ‘အထူး နယ်မြေလေးတစ်ခု’ ဖြစ်ကာ ဂျာမန်နိုင်ငံသားများ၊ ရန်သူဖြစ်လာနိုင်သူများ၊ သူလျှိုများနှင့် ထိတွေ့ခြင်း မရှိဘဲ ဂျာမနီမြေကို ဖြတ်သန်းသွားသည့် ယာဉ်လေးတစ်စီးဖြစ်သည်ဟု လီနင်က နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။ ကမ်းရိုးတန်းဆီသို့ တစ်ဘီးချင်း ခပ်ဖြည်းဖြည်းလိမ့်နေသည့် ယာဉ်လေးကို အလုံပိတ်ရထားဟု ခေါ်ဆိုခဲ့ သေးသည်။

ခရီးစဉ်နှင့် ပတ်သက်၍ လျှို့ဝှက်ထားမှုမျိုးမရှိပေ။ လူသိများသူထံမှ အတည်ပြုချက်တောင်းခံရန် လီနင်စိတ်အားထက်သန်ခဲ့သည်။ နောက်ဆုံးအချိန်တွင်ပင် အပြည်ပြည်ဆိုင်ရာ ထောက်ခံမှုရရှိနိုင် ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ ဘွန်းမြို့ရှိ အမေရိကန်သံကိုယ်စားလှယ်အဖွဲ့ကိုပင် လီနင် တယ်လီဖုန်းဆက်ခဲ့သေးသည်။ ယင်းမှာ တနင်္ဂနွေနေ့ဖြစ်ပြီး ရုံးစားပွဲတွင် တာဝန်ယူရမည့် လူငယ်လေးသည် တင်းနစ်ပွဲသွားရန် စီစဉ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ကရင်မလင်နန်းတော်၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့်သူကို နောက်နေ့မှလာရန် အဆိုပါလူငယ်က အကြောင်းပြန်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ယင်းလူငယ် အလန် ဒါးလတ်မှာ စီအိုင်အေအကြီးအကဲ ဖြစ်လာခဲ့ပြီး ယင်းကဲ့သို့သော ဇာတ်လမ်းမျိုး မရှိခဲ့ဟု ငြင်းဆိုခဲ့သည်။

မိခင်မြေသို့ပြန်ရောက်ရေး လီနင်အတွက် ကိုင်ဇာဘုရင်၏ ရွှေများကို မလိုအပ်ပေ။ ၎င်းကိုယ်ပိုင်ပိုက်ဆံဖြင့် ဒုတိယတန်းစားလက်မှတ်ခကို ပေးအပ်ခဲ့သည်။ သို့သော် ပီထရီုဂရက်သို့ ရောက်လာသည့် အချိန်တွင် မေးခွန်းများပေါ်လာတော့သည်။ ပါတီခေါင်းဆောင်မှုပိုင်းကို လီနင် သိမ်းယူလိုက်ပြီးနောက် အင်ပါယာစစ်ပွဲ အားလုံးကို စွန့်ပယ်မည့်အစီအစဉ်ကို အခိုင်အမာ စတင်တော့သည်။ ယင်းကဲ့သို့သော စစ်ပွဲကို ဆက်တိုက်လိုသည့် စီးပွားရေးသမားများ၊ လစ်ဘရယ်များ ပါဝင်သည့် ယာယီကက်ဘိနက်အဖွဲ့ကိုလည်း လီနင်ဆန့်ကျင်ခြင်းကြောင့် လီနင်မှာ ဂျာမန်တို့၏ အသုံးချခံတစ်ဦးသာဖြစ်သည်ဆိုသည့် သံသယများ တိုးပွားလာခဲ့သည်။
ပြင်သစ်တို့ဆိုလျှင် အထောက်အထားအပြည့်ရှိသည်ဟုပါ ပြောလာသည်။ ယင်းမျှော်လင့်ချက်ဖြင့်ပင် ဘောရစ် နီကီတင်ဆိုသည့် ရုရှားဗိုလ်မှူးကြီးတစ်ဦးသည် စုံစမ်းစစ်ဆေးမှုများပင် လုပ်ဆောင်လာသည်။ ဘော်ရှီဗစ်တို့၏ ကြေးနန်းအသုံးပြုမှုများကို စောင့်ကြည့်ခဲ့ပြီး သတင်းမှားဖြစ်စေ သတင်းမှန်ဖြစ်စေ သတင်းမျိုးစုံအတွက် သတင်းပေးများကိုလည်း မွေးမြူခဲ့သည်။ နီကီတင်၏ အလုပ်သည် အချိန်ပြည့်အလုပ်ဖြစ်သော်လည်း ၎င်း အသုံးပြုသည့် ရုံးခန်းရှိသည့် အဆောက်အအုံတွင်ပင် ဘော်ရှီဘစ်ဟု သံသယရှိသူများ နေရာယူထားသည်။ ဗိုလ်မှူးကြီးမှာ စောင့်ကြည့်ခံနေရသည်ဟု ခံစားနေရသည်သာမက ၎င်း၏ရုံးခန်းပြတင်းပေါက်မှကြည့်လျှင် တလူလူလွင့်နေသည့် အလံနီများကိုလည်း မြင်နေရသည်။

တစ်ချိန်တည်းတွင် ကြားဖြတ်အစိုးရအဖွဲ့သည် စစ်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။ ဇွန်လနှောင်းပိုင်းတွင် ဂလေစီယန် စစ်မျက်နှာတွင် ထိုးစစ်ပင်ဆင်လိုက်သေးသည်။ လွတ်လပ်သည့်နိုင်ငံတော်သစ်၏ ညှိုးနွမ်းလျက်ရှိသည့် စစ်သားများဖြင့် ဆင်နွှဲလိုက်သည့် ထိုးစစ်သည် သုံးရက်အတွင်း ပြိုလဲသွားသည်။ ပီထရိုဂရက်မြို့တွင် ၀ရုန်းသုံးကားဖြစ်မှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိသည်။ လက်ယာနှင့် လက်ဝဲအဖွဲ့များကြား လမ်းမပေါ်ထွက် တိုက်ပွဲများ၊ အလံမည်းနှင့် ဆိုရှယ်လစ် အလံတော်များ၊ ထိတ်လန့်မှု၊ ပစ်ခတ်မှုနှင့် အရပ်သားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။ အာဏာသိမ်းမှု ဖြစ်ပွားလျက်ရှိသည်ဟူသော ကောလာဟလများ ပေါ်ထွက်လျက်ရှိသည်။

ယင်းကဲ့သို့သော ရုရှား၏ အခြေအနေဆိုးများအားလုံးအတွက် တာဝန်ရှိသူများမှာ ဘော်ရှီဘစ်များဖြစ်သည်ဟု တရားရေးဝန်ကြီးဖြစ်သူ ပါဗဲပီရာဗာဇတ်က သွေးရူးသွေးတန်းဖြင့် အပြစ်ရှာလျက်ရှိသည်။ တရားရေးဝန်ကြီး၏ အထောက်အထားများမှာ ယုတ္တိမရှိသော်လည်း ဂျာမန်များအတွက် လီနင်အလုပ်လုပ်ပေးနေသည်ဟု သတင်းများပေါ်ထွက်နေခြင်းကြောင့် လူဖမ်းပွဲတစ်ရပ်ပေါ်ပေါက်လာသည်။ ပီထရိုဂရက်မြို့ကြီး ကစဥ့်ကလျား ဖြစ်နေသည့်အချိန်တွင် အစိုးရလက်ဝေခံ လူဆိုးများက ဘော်ရှီဘစ်သတင်းစာ ပရာဗဒါရုံးကို ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့သည်။ လီယွန် ထရော့စကီးအပါအဝင် များစွာသော ထိပ်တန်းတော်လှန်ရေးသမားများကို ထောင်ချခဲ့သည်။ အသက်အန္တရာယ် စိုးရိမ်ရခြင်းကြောင့် လီနင်သည်လည်း မုတ်ဆိတ်မွေးရိတ်၊ ဆံပင်တုတပ်ကာ ရုရှားမှ ထွက်ပြေးရတော့သည်။ အထောက် အထားများ ထပ်မံရှာဖွေပြီးသည့်နောက် ဩဂုတ်လတွင် ကြားဖြတ်အစိုးရအဖွဲ့သည် လီနင်ကို မျက်ကွယ်၌ ပြစ်ဒဏ်ချမှတ် လိုက်သည်။

လီနင်အပေါ် စွဲယူသည့် ပြစ်မှုသည် အမြဲတမ်းခိုင်မာမှု မရှိပေ။ ပြီးခဲ့သည့်နှစ်အတွင်း ဘာလင်မြို့တော်၌ ကန်ထရိုက် စာချုပ်တစ်ခုကို လီနင်လက်မှတ်ရေးထိုးသည်ဆိုသည့် အချက်အပါအဝင် ပီရာဗာဇာတ်၏ အထောက်အထားများမှာလည်း စစ်ပြေးတစ်ဦး၏ ကယောင်ချောက်ချား ပြောကြားမှုသာဖြစ်ပြီး ခိုင်လှုံမှုမရှိပေ။ သတင်းစာများကလည်း လီနင်နှင့် ပတ်သက်သည့်ပုံပြင်များ ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။

လီနင်၏နှမသည် ဆလိုနီယာတွင် အခြေစိုက်သည့် သူလျှိုဖြစ်သည်။ လီနင်လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီ။ လီနင် နာမည်မှန်သည် မေတန်ဘလတ် သို့မဟုတ် ဇီဒါဗလူ့ဖြစ်သည် စသည်စသည်ဖြင့် သတင်းမျိုးစုံ ပေါ်ထွက်လျက်ရှိသည်။ ထို့ကြောင့်ပင် ယင်းဖြစ်ရပ်များဖြစ်ပွားပြီးနောက် နှစ်အနည်းငယ်အကြာတွင် ထရော့စကတီးက ၁၉၁၇ ခုနှစ် ဇူလိုင်လသည် ကမ္ဘာ့သမိုင်းတွင် အတင်းအဖျင်းစကား အများဆုံး ပေါ်ထွက်ခဲ့သည့်လဖြစ်သည်ဟု ပြန်ပြောင်းပြောကြားခဲ့ခြင်းဖြစ်မည်။

 

အမှန်တကယ်တွင်မူ လီနင်မသေသေးပေ။ ဖင်လန်နိုင်ငံတွင် လပေါင်းအတန်ကြာနေထိုင်ပြီး ရည်မှန်းချက်ကြီးလှသည့် စီမံကိန်းသစ်ကို ရေးဆွဲနေခြင်းဖြစ်သည်။ စက်တင်ဘာလပိုင်းတွင် လီနင်ထံတွင် ရုရှားသို့ပြန်ဝင်ရန် လုံလောက်သည့် ရဲစွမ်းသတ္တိရှိလာပြီဖြစ်သည်။ ပြန်တိုက်ရန်၊ အာဏာကို ဘော်ရှီဘစ်များရယူရန် လီနင်ပြင်ဆင်ခဲ့သည်။ နိုဝင်ဘာ ၇ ရက်နေ့တွင် လှုပ်ရှားမှုစတင်ခဲ့သည်။ လီနင်၏ ဆိုရှယ်လစ်အုပ်စိုးမှုအဖွဲ့သစ် အောင်ပွဲရလျက်ရှိကြောင်း ထုတ်ပြန်ထားသည့် လက်ကမ်းစာရွက်များ ပီထရိုဂရက်လမ်းများထက်တွင် ပြန့်ကျဲလျက်ရှိသည်။

သို့သော် ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်နေသည့် မေးခွန်းများသည် သမိုင်း၏ မဟာလူသားများကို အမြဲ ခြောက်လှန့်လျက်ရှိသည်။ ငွေကြေးနှင့်ပတ်သက်၍လျှို့ဝှက်ရန် လီနင်ကြံစည်ခဲ့သော်လည်း လီနင်၏တောင်းဆိုမှုကို ဂျာမန်များငြင်းပယ်ခဲ့သည်။ ဘော်ရှီဘစ်တို့၏ နိုဝင်ဘာအာဏာသိမ်းမှုတွင် ဂျာမနီနိုင်ငံ ပါဝင်လှုပ်ရှားခဲ့ကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ရစ်ချက်ဗွန်ကူးမန်းက ၁၉၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝံ့ကြွားစွာ ပြောကြားခဲ့သည်။ ရုရှားကို အမြစ်မှနေ၍ တွန်းလှန်ရန် ယခင်ကတည်းက ရည်ရွယ်ထားသည် ဟု ဘာလင်မြို့တော်တွင် ဗွန်ကူးမန်းပြောကြားခဲ့သည်။ စိန်ခေါ်မှုမှာ ယင်းအလုပ် လုပ်နိုင်သည့် လူကို ရှာတွေ့နိုင်ရန်ဖြစ်သည်။ ထို့ကြောင့်ပင် ဂျာမန်တို့သည် ဖင်လန် အမျိုးသားရေးဝါဒီများမှသည် ဗဟိုအာရှ ဂျီဟတ်ဝါဒီများထိ ဖြစ်နိုင်ခြေရှိသူများစွာကို ထောက်ခံခဲ့ကြသည်။ “အဲဒီနောက်မှာ လမ်းကြောင်းမျိုးစုံကနေပြီး ဘော်ရှီဘစ်တွေ ပုံမှန် ငွေထောက်ပံ့မှုရရှိလာပါတယ်။ အဲဒါကြောင့်ပဲ စွမ်းအင်ထက်မြက်တဲ့ ဝါဒဖြန့်ချိရေး အဓိကကိရိယာဖြစ်တဲ့ ပရာပဒါ ထူထောင်နိုင်လာတယ်။ မူလက သေးငယ်နေတဲ့ သူတို့ရဲ့ပါတီအခြေခံကို တိုးချဲ့လာနိုင်တယ်” ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

လီနင်၏ ဘဏ်မှတ်တမ်းများမှာလည်း သံသယဖြစ်ဖွယ်ကောင်းနေသည်။ ဂျာမန်တို့စေလွှတ်လိုက်သည့် အေးဂျင့်မှန်သမျှကို လျစ်လျူရှုခဲ့သည်ဟု လီနင်က ပြောကြားထားသည်။ စစ်မှန်သည့် စိတ်ဆန္ဒများနှင့် စိတ်ပျက်အားလျော့မှုများအတွက် ကိုယ်စားပြုအသံထွက်ပေးခြင်း၊ ပုံသွင်း ပေးခြင်းမှတစ်ဆင့် ၎င်း၏ ပါတီအောင်ပွဲ ရလာခြင်းဖြစ်သည်ဟု လီနင်က မှန်ကန်စွာပင် အခိုင်အမာပြောကြားခဲ့သည်။ သို့သော်လည်း ငွေကြေးမှာ မရှိမဖြစ်ပင်ဖြစ်သည်။ လီနင်၏ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်အတွက် တစ်လလျှင် ပေါင်စတာလင်ငွေ ၂ သန်းခန့်ကုန်ကျလိမ့်မည်ဟု ဗြိတိန်တို့ ၁၉၁၇ နွေရာသီတွင် ခန့်မှန်းခဲ့ သည်။ ဘော်ရှီဘစ်တို့ အမှန်အကန်လုပ် ဆောင်ခဲ့မှုများကို ကြီးကြီးမားမား တန်ဖိုး ထားရမည်ဖြစ်သော်လည်း သတင်းစာများနှင့် ပိုစတာများ သူ့အလိုလိုထွက်ပေါ်လာခြင်း မဟုတ်သည်ကို လီနင်ကိုယ်တိုင် သိရှိထားသည်။

ယင်းသို့ဖြင့် ဇာတ်လမ်းတွင်းသို့ ကွန်ဒုံးများနှင့် ခဲသား ခဲတံများ ဝင်ရောက်လာခြင်းဖြစ်သည်။ တိုက်ရိုက်လာဘ်ပေးမှုများကို လက်ခံရလောက်အောင် လီနင် အန္တရာယ်မယူလိုသော်လည်း အေးဂျင့်များကို ကုန်စည်များပေးအပ်ရန် ယင်းနောက် ငွေစာရင်းအတွက်မေ့ပစ်ရန် ဘာလင်အတွက် လွယ်ကူနေသည်။ ကုန်စည်များကို ဒိန်းမတ်သို့ပေးပို့သည် (ယင်းသည် တရားဝင်သည်) ယင်းနောက် ထုပ်ပိုးမှုများကို ပြောင်းလဲလိုက်သည် (ယင်းသည် တရားမဝင်) ယင်းနောက်တွင် ယင်းကုန်စည်များကို ဂျာမနီပို့ကုန်များကို ပိတ်ပင်ထားသည့်နိုင်ငံများသို့ ပြန်ရောင်းသည်။ အမြတ်အစွန်းထဲမှ အချို့တစ်ဝက်သည် စတော့ဟုန်းရှိ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဘော်ရှီဘစ်တို့၏ ငွေတိုက်တွင်း စီးဝင်သွားသည်။ ယင်းနေရာတွင် အဓိကပါဝင်နေသည်မှာ စကင်ဒီနေးဗီးယန်း အခြေစိုက် ပို့ကုန်-သွင်းကုန်ကုမ္ပဏီ၏ မန်နေဂျာ တစ်ဦးဖြစ်သူ ယာကော့ဖာစတန်ဘတ်ဖြစ်သည်။ အဆိုပါ ပို့ကုန်-သွင်းကုန်ကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်သူ အလန်ဇန်းဒါး ဟတ်ဟန်း၊ ဂျော့စကားတို့သည် ဂျာမန် အေးဂျင့်များဖြစ်သည်ဟု သိရှိထားသူများ ဖြစ်သည်။ ဟတ်ဟန်းကို လီနင် လူသိရှင်ကြား ရှုတ်ချထားသော်လည်း ဖာစတန်ဘတ်သည် လီနင်၏အနီးကပ် အဆက်အသွယ် တစ်ဦး ဖြစ်သည်။

“ရုရှားနိုင်ငံတွင်း လီနင်ဝင်ရောက်လာမှုသည် အောင်မြင်မှုဖြစ်သည်။ ကျွန်တော်တို့ဆန္ဒရှိသလို အတိအကျ သူ လုပ်ဆောင်လျက်ရှိသည်” ဟု စတော့ဟုန်းရှိ ဂျာမန်သူလျှိုအကြီးအကဲက ၎င်း၏ အထက်အရာရှိများကို ၁၉၁၇ ဧပြီလတွင် အစီရင်ခံခဲ့သည်။ သို့သော် အဆုံးသတ်တွင် အလျော်အစားကြီးသည့် ကစားပွဲကို အောင်နိုင်ခဲ့သူမှာ လီနင်ပင်ဖြစ်သည်။ ဂျာမန်ကိုင်ဇာဘုရင်နှင့် ၎င်း၏ ဝန်ကြီးများ ဖယ်ရှားခံခဲ့ရသော်လည်း လီနင်၏ အင်ပါယာသည် ခွန်အားတဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ထို့ကြောင့်ပင် “တစ်ခါတလေ မကောင်းတဲ့လူတွေဟာ မကောင်းတဲ့အတွက်ကြောင့်ကို ကျွန်တော်တို့ပါတီအတွက် အသုံးကျပါတယ်” ဟု တော်လှန်ရေးမအောင်ခင် နှစ်ပေါင်းများစွာ အလိုလောက်ကတည်းက လီနင်ပြောကြားခဲ့ခြင်းဖြစ်မည်။ 

ချမ်းမြေ့

ကိုးကား – The New York Times
မူရင်းဆောင်းပါးရှင် Catherine Merridale သည် ‘Lenin on The Trains ဆိုသည့် စာအုပ်အပါအဝင် စာအုပ်များစွာ ရေးသားထားသူဖြစ်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *