တစ်နှစ်ပြည့် 4G ၊ Spectrum ခြေလှမ်းသစ်နှင့် စိန်ခေါ်မှုဟောင်း

 

 

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လအတွင်း အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီက 4G Plus ဟု အမည်ပေးထားသည့် 4G ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများကို စတင်မိတ်ဆက်ခဲ့သည်။ ယင်းနောက်တယ်လီနောနှင့် MPT တို့ကလည်း 4G ဝန်ဆောင်မှုများကို စတင်ခဲ့ပြီး ယခုအခါမြန်မာပြည်တွင် 4G ဝန်ဆောင်မှု စတင်ခဲ့သည်မှာ တစ်နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

စတင်မိတ်ဆက်စဉ်က အဓိက မြို့ကြီးများကိုသာ မိတ်ဆက်နိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၀ ခန့်အထိ လွှမ်းခြုံထားနိုင်ပြီဟု အော်ပရေတာများက ကြေညာထားကြသည်။

“4G လို့သာ ဆိုတယ် ကွန်နက်ရှင်တွေကတော့ အရင်အတိုင်းပါပဲ။ ဘာမှသိပ်မထူးသလိုပါပဲ။ တစ်ခါတလေမှာ ဝုန်းခနဲ လိုင်းတက်လာတာမျိုးကလွဲလို့ ကျန်တဲ့အချိန်တွေဆို လိုင်းကမကောင်းတာများပါတယ်။ Mbps နဲ့ ရဖို့မပြောနဲ့ Kbps နဲ့တောင် 0. (သုည ဒသမ) အောက်ရောက်နေတာ ခဏခဏပါပဲ” ဟု Web Developer တစ်ဦးဖြစ်သူ ကိုညီညီက ဆိုသည်။

လွန်ခဲ့သောတစ်နှစ်ကတည်းက ကတိပေးခဲ့သည့် အသုံးပြုခများ ပိုမိုပေးချေရန်မလိုဘဲ ပိုမိုလျင်မြန်သည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဆိုသည့် စကားရပ်မှာ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်နေသေးသည်ဟု ဆိုရမည့်သဘောဖြစ်နေသည်။

နိုင်ငံတကာစံနှုန်းများအရ 4G စနစ်၏ အင်တာနက်အမြန်နှုန်းမှာ Download speed 299.6 Mbps နှင့် Upload speed 75.4 Mbps အထိ ရှိသည်။ ယင်းသည် အင်တာနက်အမြန်နှုန်းကို အခြေပြုထားသည့် ယနေ့ လူမှုကွန်ရက်နှင့် နည်းပညာလောကတို့အတွက် အထူးအဆင်ပြေလှသည့် အမြန်နှုန်းဖြစ်သည်။ သို့သော်လည်း လက်ရှိပြည်တွင်းရှိ အခြေခံအဆောက်အဦများဖြင့် ယင်းကဲ့သို့ အမြန်နှုန်းများရရှိရန် ဖြစ်နိုင်ခြေ ရှိ မရှိဆိုသည့်အချက်မှာ လွန်ခဲ့သည့်တစ်နှစ်ကတည်းက မေးခွန်းထုတ်ခံခဲ့ရသည့် အချက်ဖြစ်သည်။

“အဲတုန်းကတည်းက အခြေခံအဆောက်အဦ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ယူဆမိခဲ့ပါတယ်။ လိုင်းတွေ မတည်ငြိမ်သေးဘဲ 4G ပေးတာ စောလွန်းတယ် ထင်မိတယ်။ 4G ပေးတာမှန်ပေမယ့် 4G ဆိုတာကြီးပေါ်နေပြီး လိုင်းက အဝိုင်းလည်နေတုန်းဆို ဘာမှမထူးဘူးလို့ ထင်ပါတယ်” ဟု ကိုညီညီက မှတ်ချက်ပြုသည်။

ယနေ့ခေတ်တွင် 4G ဆက်သွယ်ရေးစနစ်ကို မိုဘိုင်းလ်ဆက်သွယ်ရေးစနစ် တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံများတွင်သာ အဓိကအသုံးချနေကြပြီး ၂၀၁၅ ခုနှစ်အကုန်ထိ စာရင်းများအရ မြန်မာနိုင်ငံတည်ရှိရာ အရှေ့တောင်အာရှနှင့် သမုဒ္ဒရာပိုင်းဒေသနိုင်ငံများ တွင် 4G စနစ် သုံးစွဲသူအရေအတွက်မှာ စုစုပေါင်း မိုဘိုင်းလ်ဖုန်းသုံးစွဲသူအရေအတွက်၏ ၅ ရာခိုင်နှုန်း ခန့်သာရှိသေးသည်။ လာမည့် ၂၀၂၁ ခုနှစ်ခန့်ရောက်မှသာ ၄၀ ရာခိုင်နူန်းအထိ တိုးတက်လာနိုင်သည်ဟု Ericsson Mobility Report 2016 က ခန့်မှန်းထားပါသည်။ ယင်းကဲ့သို့ နိုင်ငံတကာတွင်ပင် ယခုမှ စတင်သုံးစွဲရန် ကြိုးပမ်းနေသည့် ခေတ်မီ 4G နည်းပညာသည် မြန်မာနိုင်ငံသို့ ဆောလျင်စွာရောက်ရှိလာခဲ့ပြီးနောက် အဆင်မပြေမှုများရှိနေခဲ့သည်။

အဓိကအချက်မှာ ထိုစဉ်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်းအတွက် 4G သီးသန့် Spectrum (လှိုင်းနှုန်းစဉ်) ကို တရားဝင် ချထားပေးခြင်းမရှိသေးဘဲ တင်ဒါခေါ်ယူရန် ပြင်ဆင် နေဆဲအခြေအနေသာ ရှိနေခဲ့သည်။ ထို့ကြောင့် အော်ပရေတာများ ဝန်ဆောင်မှုစတင်ချိန်တွင် 4G အတွက် သီးသန့်ချထားပေးသည့် Spectrum ပေါ် တွင် အသုံးပြုကြခြင်းမဟုတ်ဘဲ ဈေးကွက်တောင်းဆိုမှုအရ စောလျှင်စွာအသုံးပြုခွင့်ပေးထားနိုင်ရန် 3G Spectrum ပေါ်တွင် ယာယီအသုံးပြု၍ ဝန်ဆောင်မှု ပေးနေခဲ့ခြင်းဖြစ်သည်။ ယင်းသို့ 3G ကွန်ရက်ပေါ်တွင် 4G ကို မျှဝေသုံးစွဲနေရခြင်းဖြစ်သောကြောင့် ပြီးခဲ့သည့်တစ်နှစ်တာ ကာလအတွင်း 3G အသုံးပြုသူများ သာမက 4G စနစ်ကို အသုံးပြုသူများပါ လိုင်းကျပ်မှုများ၊ လိုင်းမတည်ငြိမ်မှုများ၊ အင်တာနက်အမြန်နှုန်း နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး 4G ဝန်ဆောင်မှုကိုလည်း ပြည့်ပြည့်၀၀မရရှိခဲ့ကြပေ။

ထို့ကြောင့်ပင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က MPT ၊ Ooredoo နှင့် Telenor အော်ပရေတာ သုံးခုလုံးအား အမြန်နှုန်းမြင့် 4G ဝန်ဆောင်မှုအတွက် အသုံးပြုနိုင်သည့် သီးခြား Spectrum ဖြစ်သည့် 1800 MHz လှိုင်းနှုန်းစဉ်လိုင်စင်ကို ပေးအပ်လိုက်ကြောင်း ဝန်ကြီးဌာနက ကြေညာခဲ့သည်။ အော်ပရေတာများအနေနှင့် လှိုင်းနှုန်းစဉ်အသုံးပြုခအဖြစ် အမေရိကန်ဒေါ်လာ သန်း ၈၀ ပေးချေရမည်ဖြစ်ပြီး 1800 MHz လှိုင်းနှုန်းစဉ်ကို ၁၂ နှစ်တာ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

“1800 MHz ကို အသုံးပြု၍ 4G/LTE ဝန်ဆောင်မှုများ စတင်နိုင်ခဲ့သောကြောင့် ဝန်ဆောင်မှု များကို ပို၍အရှိန်ကောင်းကောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ ဈေးကွက်ဖော် ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဟာ ‘မိုဘိုင်းလ် ဦးစားပေး’ နိုင်ငံတစ်ခုဖြစ်နေပြီဟု ၎င်းကတင်စားခဲ့သည်။

သို့သော်လည်း အော်ပရေတာများက အသစ်ရရှိထားသည့် လှိုင်းနှုန်းစဉ်ကို အခြေပြု၍ 4G LTE စနစ်အဖြစ် မိတ်ဆက်ခဲ့ကြပြီး သိပ်မကြာခင်မှာပင် လိုင်းမမိမှုများ အင်တာနက်အမြန်နှုန်းကျဆင်းမှုများ ပိုမိုဖြစ်ပေါ်လာနေသောကြောင့် ဝေဖန်စရာဖြစ်ခဲ့သည်။

“LTE+ ဆိုပြီး မိတ်ဆက်ပြီးကတည်းက စမ်းချောင်းမှာ MPT က ကွန်နက်ရှင် သိပ်မကောင်းတော့ဘူး။ သတင်းတွေထဲမှာ ဖတ်ရတာကတော့ မိုဘိုင်းလ်ဖုန်း အမျိုးအစားပေါ်မူတည်ပြီး LTE+ ကွန်ရက်လွှမ်းခြုံမှုရှိတဲ့ နေရာတွေမှာ လိုင်းမိမယ်လို့ ဆိုထားပေမယ့် Ooredoo ဆင်းမ်ကတ်ထည့်ထား ရင် 4G တက်ပြီး MPT ထည့်ရင် 3G ပဲတက်တယ်။ ရန်ကုန်က ဝန်ဆောင်မှုရပြီလို့ ကြေညာထားတဲ့ အထဲမှာ ပါတယ်လေ။ အဲဒီ 3G ကလည်း အရင်နေ့တွေကလောက်တောင် လိုင်းမကောင်းတော့ဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိဟောင်း ဦးသန်းဦးကဆိုသည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ 4G/LTE ထက် နှစ်ဆပိုမြန်ဆန်သည့် LTE+ ကွန်ရက်စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း လွန်ခဲ့သည့် ရက်ပိုင်းကမှ ကြေညာထားခဲ့ခြင်းဖြစ်သည်။ အဆိုပါကြေညာချက်ပါ အချက်အလက်များအရ LTE+ စနစ်တွင် 4×4 MIMO (Multiple Input Multiple Output) နည်းပညာကို အသုံးပြုထားပြီး ယင်းစနစ်ကြောင့် အင်တာနက်အမြန်နှုန်း ကို ၇၅ Mbps မှ ၁၅၀ Mbps အထိရရှိနိုင်မည်ဟု MPT-KSGM ၏ Joint Operation မှ CEO ဖြစ်သူ Mr. Toshitake Amamiya က ဆိုထားသည်။

ပညာရှင်များဘက်ကမူ Septurm လိုင်စင် ရရှိပြီးဖြစ်သော်လည်း အခြေခံအဆောက်အဦပိုင်း ပြည့်စုံစွာ ဖြည့်ဆည်းနိုင်ခြင်းမရှိသေးခြင်းကြောင့်ဟု မှတ်ချက်ပေးကြသည်။ ပြည်တွင်းတွင် ဒေတာအသုံးပြုမှု လျင်မြန်စွာခုန်ပျံတက်နေချိန်တွင် Septrum၊ တာဝါတိုင်နှင့် Data Center များကဲ့သို့သော အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုများ ယခင်ကထက်ပိုလိုအပ်နိုင်သည်ဟု ဆိုကြသည်။

“လက်ရှိမှာ 4G အတွက် သီးခြား Septrum ရထားတာ မှန်ပေမယ့် ကွန်ရက်တည်ဆောက်မှုပိုင်းမှာ ပြီးပြည့်စုံပြီလို့ ဆိုဖို့ခက်ပါသေးတယ်။ နောက် Data Traffic တွေကိုလည်း ကိုင်တွယ်နိုင်စွမ်းအားနည်း နေသေးတယ်လို့မြင်ပါတယ်။

ကွန်ရက်လွှမ်းခြုံမှု ဘယ်လောက်အထိ ရှိနေပြီလို့ အပြိုင်အဆိုင်ကြေညာနေကြပေမယ့် လက်ရှိကွန်ရက်နဲ့ ပြည်တွင်းကလူတွေ ခုချိန်မှာ အဆင်ပြေပြေသုံးလို့ရနေပြီလားလို့ မေးလာရင် နိုးလို့ပဲ ဖြေရပါလိမ့်မယ်” ဟု အိုင်တီပညာရှင် ကိုသီဟစောက ဆိုသည်။

ထို့အပြင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူအရေအတွက် အလျင်အမြန်တိုးတက်နေခြင်းနှင့် ဒေတာအသုံးပြုမှုပမာဏ မြင့်မားနေခြင်းများကြောင့် အော်ပရေတာများအနေနှင့် အခြေခံအဆောက်အဦဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု ၎င်းက ခန့်မှန်းသည်။

“လူတွေက ဒေတာကို ပိုပိုသုံးလာကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဒီနေ့ရှိနေတဲ့ တာဝါတိုင် အနေအထားလောက်ဆောက်ရင် မြန်မာပြည်အတွက် အဆင်ပြေမယ်လို့ ကျွန်တော်တို့ယုံကြည်ခဲ့ကြတယ်။ ခုဒီလိုမဟုတ်တော့ဘူး လူတွေကဒေတာကို ထင်တာထက်ပိုပြီး သုံးလာကြတယ်။ လူတိုင်းလက်ထဲမှာ စမတ်ဖုန်းတွေချည်းပဲ။ တစ်နိုင်ငံလုံး Facebook သုံးနေကြပြီ။ ခုလို လိုင်းတွေကျပ်လာချိန်မှာ ပိုကောင်းတဲ့ လိုင်းပါလို့ပြောရင် လူတွေကပြေးသုံးကြမှာပဲ။ ပိုသုံးကြမှာပဲ။ Septrum တိုးချဲ့တာကောင်းတဲ့ လက္ခဏာဖြစ်ပေမယ့် လက်ရှိချိန်မှာလိုနေတာ 4G တွေ 5G တွေထက် လူတိုင်း အဆင်ပြေပြေသုံးနိုင်တဲ့ လိုအပ်တဲ့ ပမာဏကို လွှမ်းခြုံနိုင်တဲ့ တာဝါတိုင်အရေအတွက်နဲ့ ကွန်ရက်လို့ မြင်ပါတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ထို့အပြင် ရန်ကုန်တွင် အထပ်မြင့်အဆောက် အအုံများပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များကို နေရာရွှေ့ပြောင်းမည်ဟူသောသတင်းကြောင့် လက်ရှိ ကွန်ရက်အခြေအနေကို စိုးရိမ်မိသည်ဟု ဦးသန်းဦးကလည်းဆိုသည်။

“Septrum အသစ်တွေ သုံးခွင့်ရလာတာ အပေါင်းလက္ခဏာပါ။ ဒါပေမဲ့ တာဝါတိုင်ကိစ္စကတော့ စိုးရိမ်ဖို့ကောင်းပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တယ် ရှင်းရှင်းလင်းလင်းမသိပေမယ့် ဒါဟာ အော်ပရေတာတွေအတွက် ကောင်းတဲ့ ကိစ္စမဟုတ်သလို ဖုန်းအသုံးပြုသူတွေအတွက်လည်း သတင်းဆိုးပါ။ သူများနိုင်ငံတွေမှာ အထပ်မြင့်အဆောက်အအုံတွေပေါ်ကို တမင်တောင် တာဝါတိုင်တွေ သွားထားတာပဲ မြင်ဖူးတယ်။ ဒီနိုင်ငံကျမှ ထူးဆန်းတာတွေ ကြားနေရတယ်” ဟု ဦးသန်းဦးက ဆိုသည်။

အင်တာနက်တာဝါများသီးသန့် ဖယ်ရှားမည်ဆိုလျှင်ပင် အတော်ဖြေရှင်းရဖွယ်ရှိပြီး ဆက်သွယ်ရေး အော်ပရေတာများ၏ မိုဘိုင်းလ်ဆက်သွယ်ရေးတာဝါတိုင်များကို ယင်းကဲ့သို့ ဖယ်ရှားမည်ဆိုပါက နောက်ဆက် တွဲပြဿနာများမှာ အတော်ကြီးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“4G စနစ်ကို တကယ်ကောင်းအောင် ပေးချင်တယ်ဆိုရင် ခုလို Septrum သစ်အပြင် တာဝါတိုင် တွေလည်း တိုးချဲ့ဖို့လိုမယ်။ လိုင်းကောင်းဖို့ လိုင်းငြိမ်ဖို့ လိုသလို လိုင်းကောင်းလာလေလေ လူတွေကလည်း ပိုသုံးလေဖြစ်လာမှာမို့လေ။ 4G တကယ်ကောင်းကောင်း သုံးခွင့်ရနိုင်တဲ့ လမ်းစပေါ်လာချိန်မှာ ဒီလို တစ်ရွာတစ်ပုဒ်ဆန်း မူဝါဒတွေ ထွက်လာနေလို့ကတော့ မလွယ်သေးဘူး” ဟု ကိုသီဟစောက မှတ်ချက် ပြုလေသည်။

အော်ပရေတာများအနေနှင့် လက်ရှိတွင် ဝန်ဆောင်မှုများ ပေးအပ်ပြီဖြစ်သော်လည်း 4G ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးပေးနိုင်ရန် 800 MHz နှင့် 2600 MHz တို့ကဲ့သို့သော လှိုင်းနှုန်းစဉ် (Septrum) များကို တိုးချဲ့ရရှိနိုင်ရန် လေလံယှဉ်ပြိုင်ပြီး ဆက်လက်ရင်းနှီးမြှုပ်နှံရဦးမည် ဖြစ်သည်။

လက်ရှိ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင်လည်း 4G စနစ်ကို ရည်မှန်းချက်ထား တည်ဆောက်နေကြောင်း အော်ပရေတာအားလုံးက ထုတ်ဖော်ပြောဆိုထားပြီး အစိုးရပိုင်းမှလည်း 4G စနစ် သီးသန့်ဝန်ဆောင်မှုပေးမည့် အော်ပရေတာများလည်း ထပ်မံရွေးချယ်သွားရန် ပြင်ဆင်နေသောကြောင့် လာမည့်ကာလအနည်းငယ်အတွင်း ပိုမိုကောင်းမွန်သည့် 4G စနစ်နှင့် မြန်မာပြည်တို့ ထိတွေ့နိုင်ဖွယ်ရှိပါသည်။

သို့သော်လည်း 4G ဝန်ဆောင်မှုများသည် လက်ရှိတွင် ဝေဖန်မှုများကြားထဲတွင် ရုန်းကန်နေရဆဲ ဖြစ်လေသည်။ အော်ပရေတာများကတော့ ပိုကောင်းမွန်မြန်ဆန်သော အင်တာနက်ကွန်ရက်ကို မိတ်ဆက်ပေးထားကြောင်း ဆိုနေကြသည်။ ထို့အတူ “LTE+ နဲ့ဆို ဒေတာအသုံးပြုသူတွေအနေနဲ့ အရင်နဲ့ အသုံးပြုရတာ အရမ်းကွာခြားတာကို ခံစားရတော့မှာပါ” ဟု Mr. Toshitake Amamiya ကလည်း ဆိုထားလေသည်။ 

 

မောင်မိုးဇွန်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *