ဖောဖောသီသီသုံးနိုင်ဖို့ ခိုးသစ်များများထုတ်ပါဗျို့

 

“နောက်ထပ်ပြုပြင်ပြောင်းလဲမှုကတော့ သစ်တွေကို သစ်လုံးခွဲသားတွေကို ရောင်းချတဲ့နေရာမှာ ပြည်ပပို့ခွင့်ကို လုံးဝတားမြစ် ထားပါတယ်။ သိမ်းဆည်းရမိတဲ့ သစ်တွေကိုလည်း ပြည်ပပို့ခြင်း လုံးဝပိတ်ပင်ထားပါတယ်။ ဒါဟာ ကိုယ့်တိုင်းပြည်အတွင်းမှာ ဖောဖောသီသီသုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ။

ထိုစကားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးပြောခဲ့ခြင်းဖြစ်ပါသည်။

အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် အစိုးရသတင်းစာ ကြေးမုံသတင်းထောက်က “တစ်နှစ်တာကာလအတွင်း ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောပြပေးစေချင်ပါတယ်” ဟု မေးသောအခါ အဆိုပါစကားကို ဝန်ကြီးပြောခဲ့ခြင်းဖြစ်ပါသည်။ (၂၀၁၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ)

သစ်လုံးခွဲသားတွေကို ရောင်းတဲ့ နေရာမှာ ပြည်ပပို့ခွင့်လုံးဝတားမြစ်ထားပါတယ်ဟု ဆိုသောစကားသည် အများသိ ထားသကဲ့ သို့မဟုတ် ကွဲလွဲမှုရှိနေကြောင်း တွေ့ရသည်။ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခွင့်ကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဧပြီလကတည်းက ပိတ်ပင်ထားခြင်းဖြစ်သည်။ ယခုအစိုးရက ပိတ်ပင်ခြင်းမဟုတ်ပါ။

သစ်ခွဲသားပြည်ပတင်ပို့မှု ပိတ်ပင်ထားသည်ဟူသောကိစ္စကိုမူ တရားဝင်ထုတ်ပြန်ကြေညာထားသည်ကို မတွေ့ရသောကြောင့် ဟုတ်မဟုတ် မှန်မမှန်မပြောနိုင်။ သစ်ခွဲသားများကို နိုင်ငံခြားသင်္ဘောတင်ဆိပ်ကမ်းများဆီသို့ ကွန်တိန်နာများဖြင့် သယ်ယူပို့ဆောင်လျက် ရှိသည်ကိုတော့ မြင်တွေ့နေရ၏။

မြန်မာတို့အနေနှင့် လူနေအိမ် ဆောက်လုပ်ရာတွင် သစ်သားကိုသာ အစဉ်အလာအားဖြင့် အသုံးပြုလာခဲ့ကြပါသည်။ နိုင်ငံအတွင်းရှိ ကျေးရွာနှင့် မြို့များတွင် သစ်ဖြင့်ဆောက်လုပ်ထားသော လူနေအိမ်က အများစုဖြစ်ကြောင်း တွေ့ရသည်။ တိုက်တာအဆောက်အအုံ များကို တွေ့ရသော်လည်း အနည်းစုသာဖြစ်၏။ တစ်နိုင်ငံလုံးရှိ သစ်ဖြင့်ဆောက်လုပ်ထားသော လူနေအိမ်ခြေစာရင်း ကောက်ယူ ထားခြင်းမရှိသောကြောင့် အရေအတွက်ကို အတိအကျပြောနိုင်လိမ့်မည်မဟုတ်၊ သို့သော် မျက်မြင်တွေ့ရှိချက်အရဆိုလျှင် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းထက်မနည်းရှိလိမ့်မည်ဟု အကြမ်းဖျင်းခန့်မှန်းပါသည်။

ထို့ကြောင့် ပြည်တွင်းသုံးသစ်ခွဲသားဖြန့်ဖြူးသည့်လုပ်ငန်းသည် မြန်မာ့သစ်တောစီးပွားရေးတွင် ပဓာနကျသော လုပ်ငန်းတစ်ခု ဖြစ်သည်။ အထူးသဖြင့် ပြည်သူကို ဗဟိုပြုသည်ဆိုသော အစိုးရများအဖို့ အလေးထားအာရုံစိုက်ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။ ဖမ်းဆီးရမိသစ်ကို ပြည်တွင်း၌ ဖောဖောသီသီသုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ပပို့ခြင်း လုံးဝပိတ်ပင်ထားကြောင်း ဝန်ကြီး၏ ပြောဆိုချက်သည် ပြည်တွင်းသစ်ဖြန့်ဖြူးမှုအပေါ် ဝန်ကြီးအနေနှင့် အလေးထားခြင်းဖြစ်ပါသည်။ ပြည်သူများ သစ်ဖောဖောသီသီ သုံးနိုင်ရန် ဝန်ကြီး၏ဆောင်ရွက်မှုကို ကြိုဆိုရမည်သာဖြစ်၏။

သို့သော် ပြည်တွင်းသုံးသစ်ခွဲသားလိုအပ်ချက်ကို ဖမ်းဆီးရမိသစ်ဖြင့် ဖြည့်ဆည်းသောနည်းဗျူဟာသည် သင့် မသင့် တော် မတော် ချင့်ချိန်ရန် လိုအပ်လိမ့်မည်ထင်ပါသည်။ တရားမဝင်ဖမ်းဆီးသစ် (ခိုးသစ်) များများဖမ်းဆီးရမှ သစ် ဖောဖောသီသီ သုံးနိုင်ကြမည်ဟူသော အယူအဆ ပြည်သူများအတွင်း ပျံ့နှံ့သွားလျှင် သက်ရောက်မှုကောင်းလိမ့်မည်မဟုတ်ပါ။

ယခုနှစ်များအတွင်း တရားမဝင် သစ်ဖမ်းဆီးရမိမှုအခြေအနေကို လေ့လာကြည့်သောအခါ ယခင်အစိုးရလက်ထက်၌ အောက်ပါ အတိုင်း ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရှိရသည်ဟု မီဒီယာများက ဆိုပါသည်။

 

ဘဏ္ဍာနှစ်                        ဖမ်းဆီးရမိပမာဏ
—————————————————-
၂၀၁၁-၁၂                            ၃၁၃၂၇ တန်
—————————————————-
၂၀၁၂-၁၃                            ၃၁၅၇၁ တန်
—————————————————-
၂၀၁၃-၁၄                            ၄၅၄၆၅ တန်
—————————————————-
၂၀၁၄-၁၅                            ၅၁၇၂၅ တန်
—————————————————-

လက်ရှိအစိုးရလက်ထက်တွင်လည်း တရားမဝင်သစ်ဖမ်းဆီးရမိမှုမှာ မနည်းလှ။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ၃၆၈၈၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နှစ်ကုန်တွင် ယခင်အစိုးရလက်ထက် နှစ်စဉ်ဖမ်းဆီးရမိမှုပမာဏကို မီလိမ့်မည် ထင်သည်။ ထိုသို့ တရားမဝင်သစ်ထုတ်မှုပမာဏ တိုးပွားလာလျှင် သစ်တောကာကွယ်ထိန်းသိမ်းမှု၌ တာဝန်ရှိသော သစ်တောဦးစီးဌာနအတွက် ကာကွယ်ထိန်းသိမ်းရန် ခက်လိမ့်မည်ဖြစ်သည်။ ယခုပင်လျှင် ဂိုဏ်းအသွင်ဆောင် သစ်ခိုးသမားများ က သစ်တောဝန်ထမ်းများအား ရန်ပြုလျက်ရှိကြောင်း ကြားသိနေရပါသည်။

ဤတွင် သစ်ခိုးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူး တစ်ချိန်ကပြောဆိုခဲ့သော စကားများကို ပြန်လည် သတိရမိသည်။ ၂၀၁၅ ခု ဖေဖော်ဝါရီလအတွင်းက အတွင်းရေးမှူးနှင့် သတင်းမီဒီယာတို့ တွေ့ဆုံမေးမြန်းခန်းအင်တာဗျူးတွင် “မြန်မာ့သစ်လုပ်ငန်းက ရောင်းချတဲ့ပုံစံနဲ့ အရင်က ပြည်တွင်းသုံး သစ်လိုအပ်ချက်အတွက် သစ်တောဦးစီးဌာနက လိုင်စင်နဲ့ သစ်ထုတ်ယူခွင့်ပေးတဲ့ ပုံစံကိုလည်း ရှင်းပြပေးပါ” ဟု မီဒီယာက မေးသောမေးခွန်းကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းကတော့ ပြည်တွင်းသုံးသစ်လိုအပ်ချက်တော်တော်များများကို သစ်တောဦးစီးဌာနက တာဝန်ယူပြီး လိုင်စင်နဲ့ ထုတ်ယူခွင့်ပြုတာမှာ လိုင်စင်လေးမျိုးရှိတယ်။ နံပါတ်တစ်ကတော့ မိမိသုံးလိုင်စင်၊ အဲဒီလိုင်စင်က အိမ်ဆောက်ဖို့အတွက် လိုအပ်တဲ့သစ်ကို သစ်တောဦးစီးဌာနမှာ လျှောက်ထားရတဲ့လိုင်စင်ပေါ့။ ဌာနက တားမြစ်ရန်မပါသော သစ် ၁၀ တန်ထက် မပိုတဲ့သစ်ဆိုပြီး ကန့်သတ်ချက်နှင့် ပေးပါတယ်။ ကျေးလက်ကဆို အခွန်မဆောင်ရဘူး မြို့ကတော့ အခွန်ဆောင်ရတယ်။ နံပါတ်နှစ်ကတော့ ဟိုတုန်းကအခေါ် ဖွံ့ဖြိုးရေးသစ်ပေါ့။ အရင်ကတော့ ဖွံ့ဖြိုးရေးသစ်ဆိုတာမှာ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း၊ ကျေးရွာချင်းဆက်တံတားထိုးဖို့လောက်ပဲဆိုတော့ တန်အများကြီးမလိုဘဲ အသေးသုံးလောက်ပဲပေါ့။ နံပါတ်သုံး ကတော့ သစ်ကုန်သည်အသေးစားတွေအတွက် တန် ၅၀ လိုင်စင်၊ အဲဒီလိုင်စင်က သစ်အမျိုးကောင်းလေးတွေပါ ထုတ်ခွင့် ရတယ်။ အဲဒီလိုင်စင်နဲ့ သစ်ကုန်သည်အသေးစားတွေက သူ့ဒေသအတွင်းမှာ ရောင်းလို့ရတယ်။ နောက်ဆုံးတစ်ခုကတော့ စီးပွားဖြစ်ကူးသန်း ရောင်းဝယ်လို့ရတဲ့ လိုင်စင်ပေါ့။ အဲဒီလိုင်စင်က တစ်နိုင်ငံလုံးမှာ သယ်ပြီး ရောင်းလို့ရသလို ပြည်ပကိုလည်း ပို့လို့ရတယ်”။

ဒီလိုသစ်တောဦးစီးဌာနကနေ ဖြန့်ဖြူးပေးတဲ့စနစ်ကနေ မြန်မာ့သစ်လုပ်ငန်းကနေ နိုင်နင်းအောင်ဖြန့်ဖြူးပေးမယ်ဆိုပြီး ပြည်တွင်းရောင်းဌာနဆိုပြီး ဌာနတစ်ခုဖွဲ့လိုက်တယ်။ ဒီလိုအစီအမံတွေရှိပေမယ့် ပြည်တွင်းသုံးဖို့အတွက်ကိုပဲ သစ်ခိုးနေတာ တွေရှိတာကို မေးစရာရှိတယ်။ ရန်ကုန်မြို့မှာ ပုဂ္ဂလိကသစ်ဆိုင်တွေမှာ ဟည်းထနေအောင်သစ်တွေ ပုံပြီး ကြိုက်တဲ့ အရွယ်အစားကို သူတို့ပြောတဲ့ဈေးနဲ့ဝယ်မယ်ဆိုရင် လိုတဲ့အချိန် အလွယ်တကူရတယ်။ ဒီလိုသစ်ဆိုင်တွေမှာ ရောင်းနိုင်ပြီး နိုင်ငံတော်က ဘာကြောင့် မရောင်းနိုင်သလဲ ဥပမာ – နယ်တိုင်းမှာ သာယာဝတီမှာ ဘယ်သူက သစ်ရောင်းဝယ်တာလဲ၊ ဘယ်သူ့ကိုမှာရင် သစ်တွေရမှာလဲ၊ ဒီလိုအဆက်အသွယ်တွေနဲ့ လူတွေလိုက်လုပ်ပြီး သစ်တွေကို ရတဲ့နည်းတွေနဲ့ ယူကြတယ် ဆိုတာ ပြည်သူတွေကို လိုအပ်တဲ့သစ်ကို လုံလုံလောက်လောက် တရားဝင်မဖြန့်ဖြူးနိုင်တာ၊ လိုအပ်တဲ့အချိန်မှာ လိုအပ် သလောက် မပေးနိုင်တာတွေကြောင့် ကိုယ်လိုအပ်တာကို ရတဲ့နည်းနဲ့လုပ်တော့ သစ်ခိုးတဲ့ လူတွေကို အားပေးသလို ဖြစ်နေတယ်။ (Weekly Eleven,Feb 2, 2015)

သစ်ခိုးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသစ်တောအသင်းအတွင်းရေးမှူး၏ ပြောဆိုချက်များကို ငြင်းနိုင်ကြလိမ့်မည်မဟုတ်ပါ။ သို့သော် ကိုယ်တိုင် ဂဃနဏမသိဘဲ တစ်ဖက်အဖွဲ့အစည်းအပေါ် ဝေဖန် သင့် မသင့် စဉ်းစားရန်လိုအပ်သည် ဟု ယူဆပါသည်။

စင်စစ် မြန်မာ့သစ်လုပ်ငန်း – MTE (ထိုစဉ်က နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့၊ STB) သည် လွတ်လပ်ရေးရစ ၁၉၄၈ ခုနှစ်မှ တော်လှန်ရေးကောင်စီက နိုင်ငံအာဏာကိုမသိမ်းမီ ၁၉၆၂ ခုနှစ်အထိ တောတွင်းကျွန်းသစ်ထုတ်လုပ်မှု၊ ကျွန်းသစ်ခွဲစိတ်မှု၊ ပြည်ပသို့ကျွန်းသစ်ရောင်းချတင်ပို့မှုလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်ခဲ့ပါသည်။ မိမိတစ်ဦးတည်းလုပ်ပိုင်ခွင့်ရှိသော ကျွန်းသစ် ကိုပင် ပြည်တွင်းဖြန့်ဖြူးရေး၌ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခြင်းမရှိခဲ့။ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များက ၎င်းတို့ ဝယ်ယူရရှိသော ကျွန်းသစ်လုံး များမှ ထွက်ရှိသည့် ကျွန်းခွဲသားများနှင့် လေလံစနစ်ဖြင့် ဝယ်ယူရရှိသော ကျွန်းခွဲသားများကို ပြည်သူသို့ ရောင်းချပေးခဲ့ ကြပါသည်။

တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၃ ခုနှစ်တွင် သစ်တောစီးပွားရေး လုပ်ငန်းတစ်ခုလုံးကို ပြည်သူပိုင်သိမ်း လိုက်သောအခါ နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းဖြစ်သော STB အနေဖြင့် အစိုးရ ၏ တာဝန်ပေးချက်အရ နိုင်ငံ၏ သစ်တော စီးပွားရေးလုပ်ငန်းကို အကောင်အထည် ဖော်ပေးရန် တာဝန်ယူခဲ့ရပါသည်။ သို့နှင့် ပြည်တွင်းသစ်ခွဲသားဖြန့်ဖြူးရေးလုပ်ငန်း သည် ၁၉၆၃ ခုနှစ်နောက်ပိုင်း တော်လှန် ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့၏ အစိုးရသက်တမ်း တစ်လျှောက် STB ၏ တာဝန်ဖြစ်လာခဲ့ပါသည်။

အတွင်းရေးမှူးကြီးမှ မီဒီယာအား ပြောကြားသကဲ့သို့ မြန်မာ့သစ်လုပ်ငန်းကနေ နိုင်နင်းအောင် ဖြန့်ဖြူးမယ်ဆိုပြီး ပြည်တွင်းရောင်း ဆိုပြီး ဌာနတစ်ခုဖွဲ့လိုက်တယ်ဆိုသောစကားသည် မြန်မာ့သစ်လုပ်ငန်းအပေါ် အမြင်မကြည်လင်သောကြောင့် လုပ်ကြံပြောဆိုသကဲ့သို့ ဖြစ်နေပါသည်။ ပြည်တွင်းရောင်းဆိုပြီး ဌာနတစ်ခု ဖွဲ့လိုက်တယ်ဆိုသော စကားကလည်း အထက်တွင် ရေးခဲ့သလို STB ၏ သမိုင်း ကြောင်းကို ဂဃနဏမသိဘဲ ပြောလိုက်ခြင်းဖြစ်ပါလိမ့်မည်။

စင်စစ် STB လက်အောက်၌ ပြည်ပသစ်တင်ပို့မှုလုပ်ငန်းများ ဆောင် ရွက်ရန် ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန အမည်ရှိ ဌာနတစ်ခုတည်းသာ မူလက ရှိခဲ့ပါသည်။ ယင်းဌာနအနေဖြင့် အစိုးရက သစ်မာလုပ်ငန်းအား ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းတွင် မူရင်းတာဝန်များအပြင် ပြည်တွင်းသစ်ဖြန့်ဖြူးရေးလုပ်ငန်းကိုပါ ၁၉၆၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါသည်။ ၁၉၈၆ ခုနှစ်ရောက်မှ မူလ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနကို ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက် ဌာနနှင့် ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက် ဌာနဟူ၍ ဌာနနှစ်ခုခွဲပြီး သီးခြားတာဝန် များကို ထမ်းဆောင် စေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူး၏ မြန်မာ့သစ်လုပ်ငန်းနှင့် စပ်လျဉ်းသော မီဒီယာသို့ ပြောကြားချက်များအပေါ် ဆန်းစစ်ကြည့်မည်ဆိုလျှင် တစ်ချိန်က သစ်တောဦးစီးဌာန၏ စီမံခန့်ခွဲကြီးကြပ်မှုလက်အောက်၌ ရှိခဲ့သော ပုဂ္ဂလိက သစ်ထုတ်သစ်ဖြန့်လုပ်ငန်းများကို မြန်မာ့သစ်လုပ်ငန်း (ထိုစဉ်က STB) အား အစိုးရက တာဝန်ပေးခဲ့ခြင်းအပေါ် မကျေမနပ် ဖြစ်ခဲ့ဟန်တူပါသည်။

အမှန်ဆိုလျှင် ပြည်တွင်းသုံးသစ် ဖြန့်ဖြူးရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး စာရေးသူလည်း ဘဝင်မကျဖြစ်မိသည်မှာ ကြာပြီ ဖြစ်ပါ သည်။ ၂၀၀၉ ခုနှစ်အတွင်းက ပြည်တွင်းသစ်ဖြန့်ဖြူးရေးနှင့်သက်ဆိုင်သော ဆောင်းပါးနှစ်ပုဒ်ရေးခဲ့ဖူးပါသည်။ ပြည်တွင်းသုံး သစ်ခွဲသား ဈေးနှုန်းပြောင်းလဲမှုနှင့် မျိုးဆက်သစ်တို့ နေရေးထိုင်ရေးချင့်တွေးမိလျှင်ဖြင့်ဟူသော ခေါင်းစဉ်တို့ဖြင့် ရေးခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ ထိုဆောင်းပါးများရေးခဲ့ သည့်အချိန်ကာလ ရှစ်နှစ်ခန့်ကြာပြီဖြစ်သောကြောင့် တစ်ကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး၏ပြောစကားများကြောင့် တစ်ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှ ယနေ့ အချိန်ထိ အစိုးရဆက်ဆက်လက်ထက် ပြည်တွင်းသစ်ဖြန့်ဖြူးမှုအခြေအနေကို တစ်စေ့တစ်စောင်း လေ့လာကြည့်မိပါသည်။

ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈- ၁၉၆၂) တော်လှန်ရေးကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂- ၁၉၈၈)၊ စစ်အာဏာရှင်ခေတ် (၁၉၈၈- ၂၀၁၁)၊ သမ္မတဦးသိန်းစိန်အစိုးရခေတ် (၂၀၁၁-၂၀၁၆)နှင့် လက်ရှိအစိုးရ၏ တစ်နှစ်တာ သက်တမ်း (၂၀၁၆-၂၀၁၇) ကာလဟူ၍ ခေတ်ငါးခေတ် ပိုင်းခြားလေ့လာ ဖြစ်ပါသည်။ ထိုခေတ်ကာလများတွင်း နိုင်ငံတော်သစ် လုပ်ငန်းအဖွဲ့ (STB)၊ သစ်လုပ်ငန်းကော်ပိုရေးရှင်း (TC) နှင့် မြန်မာ့သစ်လုပ်ငန်း (MTE) ဟူသော သုံးမည်ရ နိုင်ငံတော် စီးပွားရေးအဖွဲ့အစည်း၏ ပြည်တွင်းသစ်ဖြန့်ဖြူးမှုအခြေအနေကို ဇယားပါအတိုင်း တွေ့ရပါသည်။

အထက်ပါဇယားသည် လွတ်လပ်ရေးနောက်ပိုင်းကာလ အစိုးရအဆက်ဆက်၏ ပြည်တွင်းသစ်ဖြန့်ဖြူးမှုအခြေအနေကို တစ်စေ့ တစ်စောင်း ဖော်ညွှန်းကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည်ဆိုသော စစ်အာဏာရှင်ခေတ်သည် သစ်တောစီးပွားရေးကဏ္ဍတစ်ခုလုံးကို ခရိုနီတို့ လွှမ်းမိုးကြီးစိုးသောခေတ်ဖြစ်သည်။ တောတွင်းသစ်ထုတ်လုပ်မှုပမာဏ မြင့်မားတိုးတက်လာသော်လည်း ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှုကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သောကြောင့် ပြည်တွင်းသစ်ခွဲစိတ်မှုကျဆင်းခဲ့သည်။ ထိုကာလကို သစ်ခွဲစိတ်မှု လုပ်ငန်း (Sawmilling Industry) နေဝင်ချိန်ဟုပင် သမုတ်ကြသည်။ ထိုကာလအတွင်း ပြည်တွင်းသုံးသစ် တစ်နှစ် ပျမ်းမျှဖြန့်ဖြူးပမာဏမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ ဇာတ်သိမ်းပိုင်းကာလဟုဆိုနိုင်သော ၁၉၈၆ မှ ၁၉၈၈ နှစ်များအတွင်း တစ်နှစ် ပျမ်းမျှဖြန့်ဖြူးမှုပမာဏထက် ကျွန်းသစ်တွင် ၉၁ ရာခိုင်နှုန်း၊ သစ်မာတွင် ၁၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းလျော့နည်းကြောင်း တွေ့ရသည်။

သမ္မတဦးသိန်းစိန်နှင့် လက်ရှိအစိုးရလက်ထက်တွင် ပြည်တွင်းလုပ်ငန်းရှင်များအတွက် သစ်လုံးကုန်ကြမ်းများကို ယခင်ကထက် ပိုမိုရောင်းချပေးကြောင်း တွေ့ရသည်။ ယင်းကာလအတွင်း MTE အနေဖြင့် ၎င်း၏သစ်ခွဲစိတ်အင်အား (Sawmilling Capacity ) ကို တဖြည်း ဖြည်းလျှော့ချခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့်လည်း MTE ၏ ပြည်တွင်း သုံးသစ်ခွဲသားဖြန့်ဖြူးမှုပမာဏ ကျဆင်း ခြင်းဖြစ်ကြောင်း သုံးသပ်ကြလိမ့်မည် ထင်ပါသည်။

ပုဂ္ဂလိကများအနေဖြင့်ကလည်း MTE ထံမှ ဝယ်ယူရရှိသော သစ်လုံးများကို သစ်ခွဲသားနှင့် သစ်ထွက်ကုန်ချော ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့သည့် လုပ်ငန်း၌သာ အာရုံစိုက်ဆောင်ရွက်ကြကြောင်း တွေ့ရသည်။ သို့ဖြစ်၍ အစိုးရနှင့် ပုဂ္ဂလိက သစ်တောစီးပွားရေးကဏ္ဍနှစ်ခုစလုံးမှ ထုတ်လုပ်သော ပြည်တွင်းသုံးသစ် ရှားပါးခြင်း၊ ပုဂ္ဂလိကထုတ်ပြည်တွင်းသုံးသစ်ခွဲသား ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို သာမန်ပြည်သူတို့ ယနေ့ကြုံတွေ့လျက်ရှိပါသည်။ သစ်သားဖြင့် အိမ်သစ်ဆောက်ရန်မဆိုထားနှင့် သစ်သားအိမ်ဟောင်းပြင်ရန်ကိုပင် အခက်အခဲနှင့် ကြုံတွေ့ရလျက်ရှိကြပါသည်။

ထို့ကြောင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး၏ ကိုယ့်ပြည်တွင်းမှာ ဖောဖောသီသီ သုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး သိမ်းဆည်းရမိသောသစ် (ခိုးသစ်)များအား ပြည်တွင်း၌သာ ဖြန့်ဖြူးမည်ဆိုသောစကားကို ပြည်သူအများ က လက်ကမ်းကြိုဆိုကြလိမ့်မည်ဖြစ်ပါသည်။ ဖောဖောသီသီသုံးနိုင်ဖို့ ခိုးသစ်များများ ထုတ်ပါဗျို့ ဟူ၍ပင် ကြွေးကြော်ကောင်း ကြွေးကြော်ကြလိမ့်မည်ထင်ပါသည်။

သစ်ရိုင်း

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *