တက္ကသိုလ်ပညာအပြင် အနာဂတ်အတွက် ဘယ်အရာတွေပြင်ထားသင့်လဲ

 

 

‘ဘွဲ့ရပြီးရင် ဘာဆက်လုပ်ရမလဲ၊ အသက်မွေးဝမ်းကျောင်းအတွက် ဘာတွေပြင်သင့်သလဲ’ ဆိုတဲ့မေးခွန်းဟာ ဘွဲ့ရပြီးစ လူငယ်တွေ၊ ကျောင်းပြီးခါနီးလူငယ်တွေ အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ ဘ၀ရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲအဖြစ် စာသင်ကျောင်းကနေ ဘ၀ဆိုတဲ့ကျောင်းကြီးထဲ စလှမ်းရတော့မယ်ဆိုတဲ့အခါ တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနိုင်ဖို့ ဘာတွေကို ကြိုတင်ပြင်ဆင်သင့်သလဲဆိုတာ သိရှိထားသင့်ပါတယ်။

 

(၁) ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပါ

ကိုယ်က အစိုးရဝန်ထမ်းလုပ်ချင်တာလား၊ စီးပွားရေးလုပ်ချင်တာလား၊ နိုင်ငံခြားထွက်ချင်တာလား ၊ နောက်တစ်ဘွဲ့အတွက် ပညာရေးဆက်လေ့လာမလား စသည်ဖြင့် မိမိရဲ့ဆန္ဒကို သေချာသိဖို့ လိုပါတယ်။ မိမိရဲ့ အကျွမ်းကျင်ဆုံးအရည်အသွေးကဘာလဲ၊ ဘွဲ့ရပြီးအချိန် ဘာတွေထပ်ဖြည့်ဖို့လိုမလဲ သုံးသပ်ထားဖို့ လိုပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဘ၀တက္ကသိုလ်ရဲ့ စာမေးပွဲတွေအတွက် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သေချာသိထားဖို့လိုပါတယ်။ မိမိရဲ့ရည်မှန်းချက်ပေါ်မူတည်ပြီး ဘယ်လိုအရည်အသွေးတွေကို ပိုဖြည့်ဖို့လိုတယ်ဆိုတာ မိမိဘာသာ သုံးသပ်ပြီး ပြင်ဆင်ဖို့လိုပါတယ်။

(၂) အင်တာနက်ကို အကျိုးရှိရှိသုံးပါ

ကျောင်းစာသင်ခန်းက သင်ပေးတာတစ်ခုတည်းနဲ့ မိမိအတွက် ကျေနပ်နေလို့ မဖြစ်ပါဘူး။ ယနေ့ခေတ်မှာ အင်တာနက်မှတစ်ဆင့် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ပညာရပ်မျိုးစုံကို လေ့လာနိုင်ပါတယ်။ Coursera, Khan Acedamy, edX, Harvard Extension, Open Yale Courses, MIT OpenCourse Ware, TED-Ed စသည်ဖြင့် ကျောင်းသားလူငယ်တွေအတွက် ပညာရပ်ဆိုင်ရာ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်များစွာ ရှိပါတယ်။ အချိန်သီးခြား သီးသန့်ပေးစရာမလိုဘဲ အားလပ်ချိန်များမှာ ဝင်ရောက်လေ့လာခြင်းအားဖြင့် အပျင်းလည်းပြေသလို ပညာလည်းရပါတယ်။

(၃) သင်တန်းများတက်ပါ

မိမိဘာသာရပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းများ၊ ကွန်ပျူတာသင်တန်း၊ ဘာသာစကားဆိုင်ရာများကို တက်ရောက် လေ့လာထားဖို့ လိုပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်သင်တန်းများ၊ ဆော့ဖ်ဝဲအသုံးပြုနည်းသင်တန်းများ၊ ပရိုဂရမ်ရေးသားနည်းသင်တန်းများ စတာတွေဟာ မိမိလုပ်ငန်းခွင်အတွက်သာမက ပညာဆက်လက်သင်ကြားလိုသူတွေ အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား စသည်ဖြင့် စိတ်ဝင်စားရာ ဘာသာစကားတစ်ခု လေ့လာနေခြင်းဟာ မိမိဘ၀တစ်လျှောက်လုံးအတွက် လုပ်ငန်းခွင်မှာသာမက ပေါင်းသင်းဆက်ဆံရေး နယ်ပယ်များမှာပါ အဆင်ပြေစေပါတယ်။ သင်တန်းတက်ဖို့ အခက်အခဲရှိခဲ့ရင် မိမိ ဘာသာ (Self-study) တတ်နိုင်သလောက် လေ့လာသင့်ပါတယ်။ မည်သည့် လုပ်ငန်းလုပ်သည်ဖြစ်စေ၊ ပညာဆက်သင်သည်ဖြစ်စေ ကွန်ပျူတာ၊ အင်တာနက်၊ ဘာသာစကား အခြေခံကောင်းမွန်စွာ ရှိနေဖို့လိုပါတယ်။

(၄) Hard Skill and Soft Skill

အချိန်များစွာပေးပြီး တက္ကသိုလ် တက်ရောက်နေရခြင်းဟာ စာသင်ကြားရုံ သက်သက်ဆိုရင် အချိန်တွေနှမြောဖို့ ကောင်းပါတယ်။ ကွန်ပျူတာ၊ ဘာသာစကား၊ လုပ်ငန်းကျွမ်းကျင်မှု၊ သက်ဆိုင်ရာ ဘာသာရပ်တွေ တတ်မြောက်မှုကို တတ်မြောက်ကျွမ်းကျင်မှု အရည်အချင်း ( Hard Skill) လို့ သတ်မှတ်ပါတယ်။ အဆိုပါပညာရပ်တွေဟာ တစ်ဦးကတစ်ဦးကို အလွယ်တကူ လက်ဆင့်ကမ်းသင်ပေးလို့ ရနိုင်ပါတယ်။ အဆိုပါ Hard Skill တွေ ကျွမ်းကျင်နေရုံနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ မလွယ်ကူနိုင်တဲ့အတွက် လိမ္မာပါးနပ်မှု အရည်အသွေး (Soft Skill) တွေကိုလည်း လေ့ကျင့်ပျိုးထောင် နေဖို့လိုပါတယ်။ ကိုယ်ရည်ကိုယ်သွေး၊ ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့အစည်းဖြင့် အလုပ်လုပ်တတ်မှု၊ စကားပြောစွမ်းရည်၊ လူမှုကျင့်ဝတ်၊ အပြောင်းအလဲကို လက်ခံနိုင်မှု၊ စဉ်းစားတွေးခေါ်နိုင်မှု စတဲ့ အရည်အသွေးတွေအတွက် တဖြည်းဖြည်း ပြုစု ပျိုးထောင်ဖို့လိုပါမယ်။ အဆိုပါ အရည်အသွေးတွေကို မိမိပတ်ဝန်းကျင်က လူတော် လူကောင်းတွေမှ တစ်ဆင့်သော်လည်းကောင်း၊ စာများများဖတ်ခြင်းဖြင့်သော်လည်းကောင်း လေ့ကျင့်ပျိုးထောင်နိုင်ပါတယ်။

(၅) Resume သို့မဟုတ် CV ပြင်ပါ

အလုပ်ရှာဖွေဖို့အတွက် လိုအပ်တဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းနဲ့ ပညာရည်မှတ်တမ်းကို ပြင်ဆင်ပါ။ အတွေ့အကြုံရှိသူများ၊ စီနီယာများထံကို မိမိရဲ့ CV ကိုပြပြီး လိုအပ်တာတွေကို အကြံဉာဏ်ရယူပါ။ မိမိရဲ့ CV ဟာ မိမိကို ကိုယ်စားပြုတဲ့အတွက် ကောင်းမွန်စွာ ပြင်ဆင်ဖို့ အရေးကြီးပါတယ်။

(၆) အကူအညီရနိုင်မည့်သူများနှင့် တွေ့ဆုံပါ

အလုပ်အကိုင် ရှာဖွေရန်ဖြစ်စေ၊ ပညာဆက်လက်သင်ရန်ဖြစ်စေ မိမိရည်ရွယ်ချက်ကို ကူညီနိုင်မည့်သူများနှင့် အဆက်အသွယ်ရှိထားဖို့လိုပါတယ်။ လူကြီးသူမ မိတ်ဆွေများ၊ ဆရာသမားများ၊ လုပ်ငန်းခွင်ရောက် စီနီယာများနှင့် တတ်နိုင်သမျှ ဆက်သွယ်ထားဖို့ လိုပါသည်။ သတင်းအချက်အလက် များများရနိုင်လေ မိမိ အတွက် အကျိုးရှိလေဖြစ်ပါတယ်။ Social Media ကျယ်ပြန့်လာတဲ့ခေတ်မှာ လုပ်ငန်းရှင်များ၊ အောင်မြင်နေသူများ၊ ဆရာသမားများနှင့် အလွယ်တကူ မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။ မိတ်ဆွေ ကောင်းများများရထားတာဟာ တစ်နေရာ မဟုတ် တစ်နေရာ အကျိုးပြုပါတယ်။ လူတစ်ယောက်ရဲ့ အတွေးအခေါ်၊ အသိပညာဟာ မိမိအနီးစပ်ဆုံး အချိန်ပေး ပေါင်းသင်းနေတဲ့ မိတ်ဆွေငါးယောက်ရဲ့ ပျမ်းမျှအနေအထားနဲ့ တူညီတယ်လို့ အမေရိကန် အတွေးအခေါ်ပညာရှင်နဲ့စိတ်ဓာတ် လှုံဆော်ရေးဟောပြောသူ Jim Rohm က ကောက်ချက်ချထားပါတယ်။ အဲဒီ အတွက် ပညာရေး၊ စီးပွားရေး စသည့် ကဏ္ဍများအလိုက် မိမိစိတ်ဝင်စားရာ နယ်ပယ်များမှာ မိတ်ဆွေကောင်းတွေ ရထားဖို့ လိုပါတယ်။ Facebook ကို အကျိုးရှိရှိသုံးခြင်းဖြင့် မိတ်ဆွေကောင်းများစွာ ဆက်သွယ်ရနိုင်ပါတယ်။

(၇) သတင်းအချက်အလက်များ စုဆောင်းပါ

အလုပ်လုပ်လိုသူတွေအတွက် မိမိ ဘာသာရပ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အစိုးရဌာန ရုံးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေမှတ်သားဖို့လိုသလို ပြည်ပမှာ ပညာဆက်သင်လိုသူများအနေနဲ့လည်း ပညာသင်ဆုဆိုင်ရာ သတင်းများကို ကြိုသိထားဖို့ လိုပါတယ်။ မိမိက ကြိုတင်သိရှိထားတဲ့အတွက် အလုပ်လျှောက်ထားရာမှာသော်လည်းကောင်း၊ ပညာသင်ဆုလျှောက် ထားရာမှာသော်လည်းကောင်း စိမ်းမနေတော့ဘဲ ကျောင်းပြီးတဲ့အချိန်မှာ မိမိအတွက် အဆင့်သင့်ဖြစ်နေမှာပါ။

(၈) အင်တာဗျူး

အလုပ်လုပ်သည်ဖြစ်စေ၊ ပြည်ပ ပညာတော်သင်သွားသည်ဖြစ်စေ အင်တာဗျူးကို မလွဲမသွေကြုံကြရမှာပါ။ အဲဒီ အတွက် အင်တာဗျူးအတွက် အခြားသူများရဲ့ အတွေ့အကြုံများမှတစ်ဆင့် လေ့လာသင်ယူပါ။ ဝင်ခွင့်စာမေးပွဲများရှိပါက မေးခွန်းဟောင်းများ စုဆောင်း လေ့လာပါ။

နိဂုံးချုပ်ဆိုရသော် စာရေးသူတို့ ငယ်စဉ်က အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးခွင့်မရခဲ့တဲ့အတွက် မိမိစိတ်ဝင်စားရာ ပညာရပ်တွေကို လေ့လာဖို့၊ အသိပညာမြှင့်တင်ရေးအတွက် စာအုပ်ဖတ်ဖို့၊ နယ်ပယ်အလိုက် အောင်မြင်နေသူများနဲ့ မိတ်ဆွေဖြစ်ဖို့၊ လုပ်ငန်းဆိုင်ရာအချက်အလက်များသိရှိဖို့ အင်မတန်မှ ခက်ခဲခဲ့ပါတယ်။ ယနေ့ ခေတ်လူငယ်တွေအနေနဲ့ မိမိအိပ်ရာပေါ်ကနေ ကမ္ဘာကြီးကို အလွယ်တကူ ဆက်သွယ်နိုင်ပြီး ဘ၀ အတွက် အကျိုးရှိနိုင်မယ့်ကိစ္စတွေကို အလွယ်တကူ လုပ်နိုင်နေတာဖြစ်ပါတယ်။ ဘ၀ရပ်တည်ချက်အတွက် ကျောင်းစာတစ်ခုတည်း လေ့လာနိုင်ရုံ၊ ကျောင်းစာ တစ်ခုတည်း တော်နေရုံနဲ့ မဖြစ်နိုင်တဲ့အတွက် မိမိအတွက် လိုအပ်တဲ့အခြား Hard Skill နဲ့ Soft Skill များကိုပါ လေ့ကျင့်ပျိုးထောင်နိုင်ကြပါစေကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတယ်။ 

မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *