သွင်းကုန် တလွဲအစားထိုးစေချင်

 

သွင်းကုန် အစားထိုး Import Substitution ဟူသော အသံများ စီးပွားရေးမူဝါဒအဝန်းအဝိုင်းတွင် ကျယ်ကျယ်လောင် လောင်ကြားလာရသည်။ ကျရှုံးခဲ့သည့် သွင်းကုန်အစားထိုးသို့ ပြန်မသွားစေလို။

ဒေသတွင်းရှိ အောင်မြင်သောနိုင်ငံများသည် ‘သွင်းကုန် အစားထိုး’ နှင့် ဆန့်ကျင်ဘက် ‘ပို့ကုန်ဦးစားပေး’ မူဝါဒ Export-oriented Policy ကို ကျင့်သုံးခဲ့ကြသည်။ နိုင်ငံခြားမှထုတ်ကုန်များကို နိုင်ငံခြားငွေအကုန်ခံ ဝယ်သုံးမည့်အစား ပြည်တွင်းထုတ်ကုန်များကို သုံးကြရန်သည် သွင်းကုန်အစားထိုး မူဝါဒ၏ နောက်ခံသဘောတရားဖြစ်သည်။ ကိုယ့်အမျိုးကိုယ် စောင့်ရှောက်ရေး ဝံသာနုလည်းဆန်သဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့သည်။ အဓိကအားဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ကာကွယ်ရေးဖြစ်သည်။ ပြည်ပထုတ်ကုန်များ မဝင်အောင်လည်း နည်းအမျိုးမျိုး ကာကွယ်ထားကြသည်။

ကောင်းမွန်သော ရည်မှန်းချက်ဖြစ်သော်လည်း ရလဒ်မှာ ပြည်တွင်းရှိ စားသုံးသူများသည် ပစ္စည်းအညံ့စားများနှင့်သာ တင်းတိမ်ကြရသည်။ စားသုံးသူများသည် ခြင်းထဲက ကြက်သဖွယ်ဖြစ်သလို ပြည်တွင်းလုပ်ငန်းများသည် အပြိုင်အဆိုင်နည်းသဖြင့် ပေါ့တိပေါ့ဆ အလုပ်လုပ်ကြကာ ဝန်ဆောင်မှုများ ကုန်ပစ္စည်းများသည် အရည်အသွေးညံ့ဖျင်းသည်။ စားသုံးသူ ပြည်သူများကသာ ဝံသာနုကြရသည်၊ လုပ်ငန်းများကား ပြည်သူများဘက်သို့ ဝံသာမနုကြသဖြင့် Import Substitution သည် တစ်ဖက်သတ် ဝံသာနုဝါဒဖြစ်ခဲ့သည်။ ပြည်တွင်းလုပ်ငန်းများသည် အေးအေးလူလူ ငွေရသော်လည်း ကျွမ်းကျင်မှုအားနည်းကာ နိုင်ငံခြားမှ အလားတူလုပ်ငန်းများနှင့် အရည်အချင်းချင်း အပြတ်အသတ် ကွာသွားသဖြင့် သွင်းကုန်အစားထိုးသည် ပြည်တွင်းလုပ်ငန်းများအတွက်လည်း မကောင်း။ မြန်မာပြည်သည် တံခါးပိတ်ခဲ့၊ သွင်းကုန်အစားထိုးခဲ့သဖြင့် ထိုဒုက္ခမျိုးမှ ယခုတိုင် နာလန်မထူနိုင်သေး။ ထိုသို့ ကျရှုံးခဲ့သော မူဝါဒကို ပြန်သွားကြဦးမည်လား။

သွင်းကုန်အစားထိုးကိုမှ ရင်ခုန်ကြသည်ဆိုလျှင် ရိုးရိုး သွင်းကုန်အစားထိုးထက် ‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွဲပါသော သွင်းကုန်အစားထိုး’ နှင့် ‘ပို့ကုန်ဦးစားပေးနှင့် သွင်းကုန်အစားထိုး’ တစ်ပါတည်းကိုသာ သွားစေလိုသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွဲစေလိုခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အတူပါလာသော နည်းပညာကြောင့် သွင်းကုန်အစားထိုးထုတ်ကုန်များသည် ခပ်ညံ့ညံ့မဟုတ်ဘဲ အဆင့်မီဖြစ်ပေလိမ့်မည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် မည်သည့်နေရာတွင် ထုတ်သည်ဖြစ်စေ အရည်အသွေးနှင့်နာမည်ကို ထိန်းကြရသည်။ ပြည်တွင်းလုပ်ငန်းများ နိုင်ငံခြားနှင့်တွဲအလုပ်လုပ်ရင်း အရည်အသွေးလည်း တက်လာမည်။

တည်ထောင်မည့် စက်ရုံအလုပ်ရုံများသည် ပြည်တွင်းဈေးကွက်ကို ရည်ရွယ်သည့် Import Substitution သဘောဖြစ်လျှင်ပင် ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ ရာခိုင်နှုန်းတစ်ခုခုကို နိုင်ငံခြားသို့ပို့ရန် တွန်းအားပေးသင့်သည်။ သို့မှသာ ပြည်တွင်း ဈေးကွက်တွင်းသို့ဝင်လာမည့် ကုန်များသည် Export Quality ပြည်ပပို့ကုန် အရည်အသွေးမီလိမ့်မည်။

သွင်းကုန်အစားထိုးသည် မဖြစ်မနေဆောင်ရွက်မည်ဆိုလျှင် အရည်အသွေးညံ့ ပြည်တွင်းလုပ်ငန်းတစ်စုကို ကာကွယ်ပေးမည့် မူဝါဒမဖြစ်စေဘဲ အရည်အသွေးမြင့်၊ ဈေးချိုကုန်ပစ္စည်းများကို ပြည်သူတို့သုံးနိုင်ရေး၊ ပြည်တွင်းလုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရေးကိုသာ ရည်ရွယ်သင့်သည်။ 

အယ်ဒီတာ ( ၂၆.၇.၂၀၁၇)

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *