ယင်းလပ် ထွက်ပြေးခြင်း

၂၀၁၄ ခုနှစ် ထိုင်းစစ်အာဏာသိမ်းမှုတွင် ရာထူးမှဖယ်ရှားခံလိုက်ရသည့် ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူ ရာပေါင်းများစွာ ခုံးကျော်တံတားများအောက်တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် စုဝေးပြီး ယင်းလပ်ကို စောင့်ဆိုင်းလျက်ရှိသည်။ ထိန်းသိမ်းခံရမည်ဟု ခြိမ်းခြောက်ကာ ရဲတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို တပ်ဖြန့် ထားသော်လည်း ယင်းလပ်အပေါ် ထောက်ခံသူများ တရားရုံးချုပ်အနီးသို့ ရောက်မလာစေရန် လုပ်ဆောင် နိုင်ခြင်းမရှိခဲ့ပေ။ ထိုင်းအစိုးရအဖွဲ့ကို ဒေါ်လာ ၁၆ ဘီလီယံကုန်ကျစေခဲ့သည့် ဆန်အမတော်ကြေး အရေးနှင့်ပတ်သက်၍ ယင်းလပ်အပေါ် တရားရုံးအမိန့်ချမှတ်မည်ကို စောင့်ဆိုင်းရန် စုဝေးနေခြင်းဖြစ်သည်။

သို့သော် ယင်းလပ်တွင် အခြားသော စိတ်ကူးတစ်ခု ရှိနေသေးသည်။ တရားရုံးသို့ မလာရောက်နိုင် လောက်အောင် မကျန်းမမာဖြစ်နေသည်ဟု ယင်းလပ်၏ရှေ့နေက တရားရုံးချုပ် တရားသူကြီးချုပ်ကို ပြော ကြားသော်လည်း တရားရုံးကလက်ခံခြင်း မရှိဘဲ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ယင်းနောက်တွင် ယင်းလပ် ပျောက်ကွယ်သွားလေသည်။ ယင်းလပ် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီဟု သူ့မိသားစုဝင်များ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြလိုက်သည်။ ဩဂုတ် ၂၃ ရက်နေ့ကတည်းက ကမ္ဘောဒီးယားနိုင်ငံမှ တစ်ဆင့် စင်ကာပူသို့ ထွက်ပြေးသွားကာ ဒူဘိုင်းသို့ ရောက်သွားနိုင်သည်ဟုပင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှ တစ်ဆင့် ယင်းလပ်ထွက်ပြေးသွားနိုင်သဖြင့် ယင်းနိုင်ငံများနှင့် ဆက်သွယ်လျက်ရှိကြောင်း ထိုင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ယင်းလပ် ထွက်ပြေးသွားမှုသည် ဒူဘိုင်းတွင် ပြည်ပြေးအဖြစ် နေထိုင် နေသည့် ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းခံလိုက်ရသော အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အကူအညီဖြင့် အသေးစိတ် ကြိုတင်ကြံစည်ကာ ထွက်ပြေးခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလန်ချိုင်က မှတ်ချက်ပြုထားသည်။

ဩဇာကြီး နိုင်ငံရေးသမားဟောင်းများ တရားရုံးအမိန့်မချမှတ်ခင်တွင် ထိုင်း နိုင်ငံမှထွက်ပြေးမှုသည် ထူးခြားသည့် ဖြစ်စဉ်မဟုတ်။ ယင်းလပ်၏အစ်ကို ဘီလီယံနာသူဌေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လည်း အကျင့်ပျက်လာဘ် စားမှုအရေးအမိန့်မချမှတ်ခင် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ထိုင်းမှထွက်ပြေးခဲ့သည်။ ယင်းလပ် ထိုင်းဝန်ကြီးချုပ် တာဝန်ယူထားချိန်တွင် သက်ဆင်ပြည်ပမှနေ၍ ကြိုးကိုင်စေခိုင်းလျက်ရှိသည်ဟု ယင်းလပ်ကို ဝေဖန်သူများက မှတ်ချက်ပြုထားသည်။ ထို့အပြင် ယင်းလပ်သည်လည်း သက်ဆင်ကဲ့သို့ပင် ဆန်အစီအစဉ်ကဲ့သို့သော ပေါ်ပြူလာမူဝါဒများကို ချမှတ်ခဲ့သဖြင့် ကျေးလက်ဒေသရှိ ယင်းလပ်ကို ထောက်ခံသည့် ရှပ်နီများ ကျေနပ်ခဲ့သော်လည်း ယင်းတို့၏ တော်ဝင်ပြိုင်ဘက်ရှပ်ဝါများ ဒေါသထွက်ခဲ့သည်။

ယင်းလပ်ထွက်ပြေးသွားပါက ရှပ်နီများအတွက် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားမှုပင်ဖြစ်သည်ဟု စင်ကာပူ အခြေစိုက်တောင်အာရှလေ့လာရေး အင်စတီကျုမှ မိုက်ကယ်မွန်တီဆာနိုက ပြောကြားသွားသည်။ ထောင်ဒဏ်ချခံပါက ၎င်းအပေါ် ထောက်ခံသူများကြားတွင် ယင်းလပ်သည် နိုင်ငံရေးအာဇာနည်ဖြစ် လာမည် ဖြစ်ပြီး အားပေးထောက်ခံမှုကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။ “လူတစ်ဦးတစ်ယောက်အတွက် ကျွန်တော်တို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အတွက် တောင်းဆိုနေတာပါ။ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ရှပ်နီလှုပ်ရှားမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝူရာဝပ်က ပြောကြားထားသည်။

သို့သော်စိတ်အားငယ် သွားသည့် အတိုက်အခံများသည် ထိုင်းနိုင်ငံ၌ ဒီမိုကရေစီပြန်လည် ရှင်သန်လာ ရေးအတွက် ကောင်းမွန်သည့် နိမိတ်မဟုတ် ပေ။ ရှင်နာဝပ်မျိုးနွယ်စုသည် ထိုင်းနိုင်ငံ၌ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သူများ ဖြစ်သည်။ လက်ရှိတွင် အာဏာကို ထိန်းချုပ် ထားရေး ထိုင်းစစ်အုပ်စိုးသူများအတွက် အတားအဆီး အနည်းငယ်သာရှိတော့သည်။

ယင်းလပ်ဝန်ကြီးချုပ်အဖြစ် တာဝန် ယူစဉ်ကာလတွင်း လုပ်ဆောင်ခဲ့သည့် ဆန်အမတော်ကြေးအစီအစဉ်တွင် ဆုံးရှုံးမှုနှင့် အကျင့်ပျက်မှုများ ကြီးကြီးကျယ်ကျယ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တာဝန်ပေါ့လျော့မှုဖြင့် ယင်းလပ်ကို တရားစွဲဆိုခြင်းဖြစ်သည်။ တရားရုံးအနေနှင့် ယင်းလပ်အပေါ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ပြီး ယင်းကဲ့ သို့ဖြစ်ပါက မတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်သည်။ ပြီးခဲ့သည့်လများအတွင်း ယင်းလပ်ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်မှုကပင် ပြည်သူများ မကျေမနပ်ဖြစ်ခဲ့သည်။ ၎င်းကို လွှတ်ပေးပါကလည်း စစ်အုပ် စိုးသူများ၏ အာဏာယိမ်းယိုင်လာမည် ဖြစ်သည်။ အကျင့်ပျက်လာဘ်စားမှုများ ဖြစ်ပွားနေခြင်းကြောင့် စစ်အာဏာသိမ်းရ သည်ဟု စစ်တပ်အုပ်စိုးမှုက အကြောင်းပြထားခြင်းကြောင့် ယင်းလပ်ကို တရားသေလွှတ်လိုက်ပါက ယင်းအကြောင်းပြချက် ခိုင်မာတော့မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ယင်းလပ်ထွက်ပြေးရေး ထိုင်းအစိုးရကူညီပေးခဲ့သည်ဟု ခန့်မှန်းမှုများ ပေါ်ထွက်လျက်ရှိသည်။ လပေါင်းများစွာ တရားရုံးတွင် ခိုင်ခိုင်မာမာရင်ဆိုင်ပြီး နိုင်ငံမှထွက်ခွာရန် ငြင်းဆန်ထားသည့် ကြားမှ ယင်းလပ်ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ နောက်ဆုံးအချိန်မှကပ်ကာ ဒူဘိုင်းသို့ ထွက်ပြေးသွားသဖြင့် ထိပ်တန်းတာဝန်ရှိသူများ၏ အကူအညီမပါဘဲ ယင်းသို့မဖြစ်နိုင်ဟု သုံးသပ်ချက်များ လည်း ရှိနေသည်။ ယင်းကဲ့သို့သော ကူညီမှုမရှိဟု ထိုင်းအစိုးရက ငြင်းဆိုထားသော်လည်း ထိုင်းနိုင်ငံရေး အင်အားစုများက ယုံကြည်ကြခြင်း မရှိပေ။ ယင်းလပ်ထွက်ပြေးပြီးနောက် ၎င်းကို ထောက်ခံသူများကြားတွင် တုန်လှုပ်သွားခဲ့ကာ Pheu Thai ပါတီကိုဦးဆောင်မည့် ရှင်နာဝပ် မိသားစုဝင်မရှိဖြစ်သွားသည်။ သို့သော် ထိုင်းနိုင်ငံတွင်း Pheu Thai ပါတီ အပေါ် ထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့်ရှိနေခြင်းကြောင့် အင်အားကြီးနိုင်ငံရေး အင်အားစုအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် Pheu Thai ပါတီ လွှမ်းမိုး ထားပြီး ထိုင်းမဲဆန္ဒရှင် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်သဖြင့် မည်သည့် ပါတီမှ Pheu Thai ကို အစား ထိုးနိုင်မည်မဟုတ်ပေ။

သို့သော် ယင်းလပ် ထွက်ပြေးသွားမှုကြောင့် ထိုင်းစစ်တပ်၏ အာဏာချုပ်ကိုင်မှု ခိုင်မာသွားပြီဖြစ်ကာ အတိုက်အခံများ စုစည်းရေးအကြောင်းရင်း အနည်းငယ်သာရှိတော့သည်။ လူငါးဦးထက်ပို၍ နိုင်ငံရေးအရ မစုဝေးရန် ထိုင်းစစ်အုပ်စိုးမှုက တားမြစ်ထားသလို ဝေဖန်ပြောကြား သည့် အတိုက်အခံများကိုလည်း ပုံမှန်ထိန်း သိမ်းလျက်ရှိကာ ဒီမိုကရေစီဆိတ်သုဉ်းနေ ပြီဖြစ်သည်။ ထိုင်းနိုင်ငံရေးကို ရွေးကောက်ပွဲများ၊ ဆန္ဒပြပွဲများ၊ အာဏာသိမ်းမှုများနှင့် စစ်အစိုးရများကသာ လွှမ်းမိုးထားခြင်း ဖြစ်သည်။ ယင်းအရာများသည် ပေါ်ပြူလာ ဝါဒီများနှင့် တော်ဝင်ဝါဒီများအကြား အခြေခံ ကျကျကွဲပြားမှုကို ကုစားပေးနိုင် မည်မဟုတ်ပေ။ ထိုင်းနိုင်ငံသည် ချောက်ကမ်းပါးစွန်း တစ်ခုသို့ ထပ်မံရောက်ရှိနေပြန်ပြီ။

ချမ်းမြေ့

ကိုးကား -The Economist, BBC, The Straits Times

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *