မိတ္ထီလာဟာ ပဋိပက္ခတွေကို လွန်မြောက်ခဲ့ပြီလား

လွန်ခဲ့သည့်လေးနှစ်ကျော်က ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းအဝိုင်းနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်သည့် မိတ္ထီလာမြို့ အနေနှင့် ပဋိပက္ခများကို လွန်မြောက်ခဲ့ပြီလော။

ပဋိပက္ခများနှင့် နပန်းလုံးနေရသည့် မြန်မာနိုင်ငံအနေနှင့် မိတ္ထီလာ၏ အဆိုးများမှသော်လည်းကောင်း ကောင်းကွက်များမှသော်လည်းကောင်း သင်ယူလေ့လာဖွယ်ရာများ ရှိနေပါလိမ့်မည်။

အဆိုပါပဋိပက္ခ၏ နောက်ဆက်တွဲ အခြေအနေများကိုသိရှိရန် ပြည်တွင်းသတင်းဌာနများမှ သတင်းသမား ၁၆ ဦးက အောက်တိုဘာလ ၂ ရက်နေ့က မိတ္ထီလာမြို့သို့ သွားရောက်ခဲ့ရာမှ ယခုအဖြစ်အပျက်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

နံနက်စောစောတွင် ရန်ကုန်မြို့မှ စုပေါင်းထွက်ခွာခဲ့သည့် သတင်းအဖွဲ့အနေ နှင့် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့သို့ ရောက်ရှိခဲ့ပြီး မကြာမီမှာပင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းဝင်အချို့က သတင်းအဖွဲ့နောက်မှ အမြဲမပြတ်လိုက်လံစောင့်ကြည့်တော့သည်။

ကနဦးအနေနှင့် ပြည်သာယာ ရပ်ကွက်အတွင်းရှိ ရတနာဦးကျောင်းတိုက်သို့ သွားရောက်ခဲ့ပြီး ကြိုတင်ချိန်းဆိုထားသည့် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း မှုများပြုလုပ်နေစဉ်လည်း ၎င်းတို့က အနီးအနားတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး အိမ်နှင့် ဈေးဆိုင် ခန်း တစ်ထောင့်ငါးရာကျော် ပျက်စီးခဲ့ကာ လူတစ်သောင်းကျော် အိုးအိမ်မဲ့ခဲ့သည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့သူအများစုကို ပြန်လည်နေရာချထားပေးမှုများပြုလုပ်ထားပြီး မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်မရသေးသူ အနည်းငယ်လည်း ရှိနေသေးသည်။

ပဋိပက္ခဖြစ်ပွားခြင်းသည် ရွှေဆိုင်တစ်ဆိုင်မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း တရားဥပဒေစိုးမိုးရေးကို အစိုးရက ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် ပဋိပက္ခပိုကြီးခဲ့ခြင်းဖြစ်သည်ဟု ယင်း ဒေသတွင် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အဖွဲ့အစည်းဝင်များက လက်ခံထားသည်။

ယင်းအပြင် နောက်ကွယ်တွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ လှည့်ကွက်များ ရှိနေနိုင်သည်ဟု ရတနာဦးကျောင်းတိုက် ဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားသည်။

“ပဋိပက္ခဆိုတာ နိုင်ငံရေးပယောဂလည်း ပဋိပက္ခဖြစ်တယ်။ စီးပွားရေး ပယောဂ၊ နောက်တစ်ခါ တရားဥပဒေ မစိုးမိုးလို့ရှိရင်လည်း ပဋိပက္ခဖြစ်ပွားတယ်”ဟု ဆရာတော်က မိန့်ဆိုသည်။

ဆရာတော်သည် ပဋိပက္ခဖြစ်စဉ် အတွင်း ထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည် ၈၀၀ ဝန်းကျင်ကို သူ၏ ကျောင်းတိုက်တွင် ခိုလှုံခွင့်ပြုခဲ့သူလည်းဖြစ်ပြီး ယင်းအတွက်ကြောင့် ဗုဒ္ဓဘာသာအသိုင်းဝိုင်း၏ ငြိုငြင်မှုကိုလည်း ခံခဲ့ရသည်။

သို့သော် ယင်းသို့လုပ်ဆောင်ခြင်းအတွက် ဆရာတော်ထံတွင် ယုံကြည်ချက်များက ခိုင်မာစွာရှိနေသည်။

“ဘုရားရဲ့လမ်းစဉ်က ရှင်းရှင်းလေးရယ်၊ လောကတ္ထစရိယာ၊ လောကအကျိုးကို အသက်ပေးပြီး ဆောင်ရွက်ရမယ်။ ဘုရားရဲ့ ချပေးတဲ့လမ်းစဉ်အတိုင်း လျှောက်တာပါပဲ”

ပဋိပက္ခဖြစ်ပွားခဲ့ပြီးသည်မှာ ယခုအခါတွင် လေးနှစ်ကျော်၊ ငါးနှစ်ထဲရောက်ရှိခဲ့ပြီဖြစ်ပြီး မိတ္ထီလာမြို့အခြေအနေသည် ယခင်အခြေအနေနီးပါးသို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများလည်း ရှိနေသေးသည်။

ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှု သို့မဟုတ် နှစ်ဖက်အဖွဲ့အစည်းအကြား ငြိမ်းချမ်းမှုကို မလိုလားသည့် အုပ်စုများ ရှိနေသေးကြောင်း မိတ္ထီလာမြို့တွင် ဘာသာပေါင်းစုံသင့်မြတ်ရေးလုပ်ဆောင်နေသည့် ငြိမ်းချမ်းမေတ္တာ လူမှုပရဟိတအဖွဲ့မှ ဦးသန်းဌေးက ဆိုသည်။

မလိုလားဟုဆိုခြင်းက အခြား မဟုတ်၊ အသိုင်းဝိုင်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပြစ်တင်ဝေဖန်ခြင်း၊ တစ်ဖက် အဖွဲ့အစည်း စိတ်အနှောင့်အယှက်ဖြစ်စေသည့် အမျိုးသားရေးအစွန်းရောက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေခြင်း စသည်တို့ ဖြစ်သည်။

“သူတို့က ဘာကြောင့် ငြိမ်းချမ်းရေးကို မလိုချင်တာလဲဆိုတော့ သူတို့က ဥပမာပေါ့၊ အမျိုးသားရေးစိတ်ကြောင့် လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်ရင် အကျိုးစီးပွားကြောင့်၊ ဒါမှမဟုတ်ရင် နိုင်ငံရေးကြောင့် အမျိုးမျိုး ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့သော အဖွဲ့အစည်းများကို အစိုးရက ထိန်းချုပ်ရန် သို့မဟုတ် ဥပဒေ အရ အပြစ်ပေးအရေးယူရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

တွေ့ဆုံမေးမြန်းနေမှုများကို အာဏာပိုင်အဖွဲ့အစည်းများ စောင့်ကြည့်နေသည့် ကြားမှ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

ယခုသွားရောက်သည့် သတင်းသမားများသည် ပဋိပက္ခနှင့်ပတ်သက်၍ လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေး သို့မဟုတ် ပဋိပက္ခများ အဆုံးသတ် ငြိမ်းအေးစေရေးအတွက် အထောက်အကူ ပြုနိုင်စေမည့် သတင်းများ ရေးသားခြင်းဆိုင်ရာ သင်တန်းသားများဖြစ်သည်။

ယင်းဒေသ၏ လက်ရှိဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေ၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူတို့၏ သဘောထားများ၊ ဆက်စပ်နေသည့် နောက်ခံအခြေအနေများ စသည်တို့ကို လေ့လာရန် ဖြစ်သည်။

ပဋိပက္ခဖြစ်ပွားသည့် လူမှုအဖွဲ့ အစည်းများအနေနှင့် ကိုယ်စီလိုလားချက်၊ ဆန္ဒသဘောထားများ ရှိနေကြပြီး ၎င်းတို့ ကို ဖော်ထုတ်ပေးရန် သတင်းသမားများတွင် တာဝန်ရှိနေသည်။

၂၀၁၃ ခုနှစ် မတိုင်မီအထိ မိတ္ထီလာ မြို့သည် နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းနေခဲ့သလို မိတ္ထီလာကန်နှင့် ဖားကောက်ခဲ့ပါ သားချော့တေးကဗျာသည် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ကျော်ကြားခဲ့သည်။

မိတ္ထီလာမြို့နယ်တစ်ခုလုံးတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းဝန်းကျင်ရှိပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မြို့ပေါ်တွင် လူဦးရေ ကိုးသောင်းကျော်ရှိကာ မွတ်ဆလင်ဦးရေ တစ်သောင်းဝန်းကျင် နေထိုင်သည်။ ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာဝင်များလည်း နေထိုင်ကြသေးပြီး ၎င်းတို့မှာ အနည်းစုသာဖြစ်သည်။

အကြမ်းဖက်မှုကို လက်မခံကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဆန်းဝင်းရှိန်က ပြောဆိုသည်။

“နှစ်ဖက်အသိုင်းဝိုင်းကတော့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်။ အစ္စလာမ် ဘာသာဝင်ရော၊ ဗုဒ္ဓဘာသာဝင်ရော မူအား ဖြင့်ဆန့်ကျင်တယ်” ဟု ၎င်းက ဆိုသည်။

အစိုးရအနေနှင့် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုစုပေါင်း ၈၂ ဦးကို ဖမ်းဆီးအပြစ်ပေးနိုင်ခဲ့သည်။

ပဋိပက္ခဖြစ်ပွားအပြီး နှစ်ဖက်လူ့ အဖွဲ့အစည်းများအကြား အမုန်းတရားနှင့် သံသယများ ပျံ့နှံ့ခဲ့ပြီး နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့များ အပါအဝင် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်း လုပ်ဆောင်လျက်ရှိသည်။ ရပ်ရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ ကို နှစ်ဖက်အသိုင်းဝိုင်းမှ ပြည်သူများ ပူးပေါင်းပါဝင်စေခြင်းမျိုးဖြစ်သည်။

ယင်းအပြင် ကလေးငယ်များကို အတူဆော့ကစားစေသည့် နည်းလမ်းများဖြင့် နှလုံးသားထဲမှ အငြိုးအတေးများကို ဖယ်ရှားပေးနေကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့က မိတ္ထီလာမြို့ရှိ စာသင်ကျောင်းများတွင် နှစ်ဝက်စာမေးပွဲများ ကျင်းပနေသည်။

စာသင်ကျောင်းတွင် ကလေးများ အနေနှင့် ရောနှောကာ ဆော့ကစားလေ့ရှိကြပြီး အချင်းချင်း နောက်ပြောင်သည်ကိုလည်း စိတ်မဆိုးကြကြောင်း ပဉ္စမတန်း ကျောင်းသား၏ ဖခင်ဖြစ်သူက ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားမှုသည် အများစုဖြစ်သည့် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွားခြင်းဖြစ်သော် လည်း အနည်းစုဖြစ်သည့် ဟိန္ဒူနှင့် ခရစ် ယာန်ဘာသာဝင်တို့ အပေါ်လည်း သက်ရောက်မှုရှိနေပါသည်။

နှစ်ဖက် အင်အားစုအကြား မြေစာပင်အဖြစ်မျိုး ရှိနေမည်ကို ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာဝင်တို့က စိုးရိမ်ကြပြီး သူတို့အနေနှင့် တစ်ဖက်ဘက်နှင့် ပို၍နီးကပ်နေသည်ဟု အထင်မြင်မခံလိုကြပေ။

“ပဋိပက္ခဖြစ်နေစဉ်မှာ ကိုယ့်ဘာသာ ကို အစွန်းမရောက်စေဘဲ သိုသိုသိပ်သိပ်နဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း နေထိုင်စေချင်ပါတယ်” ဟု ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်သည့် ဒေါ်ဝင်းမာဦးက ဆိုသည်။

အကြမ်းဖက်မှုများကြောင့် ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံအချို့ကို ပြန်လည်ပြင်ဆင် တည်ဆောက်ထားနိုင်ပြီး အရောင်းအဝယ်များလည်း ပြန်လည် လုပ်ကိုင်နေပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် အစ္စလာမ်ဝတ်ပြုကျောင်း ၁၃ ကျောင်းကို ပိတ်ပစ်ခဲ့သော်လည်း ယခုအခါ ခြောက်ကျောင်းကို ပြန်လည်ဖွင့်လှစ် ထားပြီး ဖြစ်သည်။

အစိုးရအနေနှင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုလုပ်ဆောင်ပေးရန် ဒေသခံများက လိုလားလျက်ရှိပြီး လတ်တလော အနေအထားတွင် မူလနေရာသို့ ပြန်လည်နေထိုင်ရန် ကျန်ရှိနေသူများကို အစိုးရက ဥပေက္ခာပြုထားကြောင်း ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဒေါက်တာခင်စိုးက ပြောဆိုသည်။

ရွေးကောက်ပွဲ၌ မိတ္ထီလာမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က နေရာအားလုံးအနိုင်ရခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် စေတီ တစ်ဆူကို တည်ထားပေးခဲ့သလို မိတ္ထီလာ ကန်တံတားကိုလည်း သူ၏အစိုးရအဖွဲ့က ဆောက်လုပ်ပေးခဲ့သည်။ ယင်းအပြင် မိတ္ထီလာလွင်ပြင် အစိမ်းရောင်လွှမ်းရမည် ဟုလည်း သတင်းစာများက ရွေးကောက်ပွဲကာလတွင် မျက်နှာဖုံးတင်၍ ဖော်ပြခဲ့သေးသည်။ USDP ပါတီ၏ အလံသည်လည်း အစိမ်းရောင်ဖြစ်နေသဖြင့် ထိုစဉ်က နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ဝေဖန် ထောက်ပြခဲ့ကြသည်။

ဗုဒ္ဓဘာသာ အများစုနေထိုင်သည့် ရပ်ကွက်အတွင်းရှိ မွတ်ဆလင်နေအိမ်အချို့ ပဋိပက္ခဖြစ်စဉ်တွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းနေရာများတွင် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် ရပ်ကွက်နေပြည်သူ များက ငြင်းဆန်နေဆဲ ဖြစ်သည်။

“ရပ်ကွက်က လက်မခံရဲတာ၊ ပြန်ဖြစ်လို့ရှိရင်လည်း သူရော ကိုယ်ရော မကောင်းဘူးပေါ့နော်။ မဖြစ်အောင်တော့ မလာကြနဲ့လို့ အဲဒီလိုပဲ သတ်မှတ်ထားသလား၊ အဲဒီလိုယူဆချက်တော့ ရှိမှာပေါ့” ဟု ဒေါက်တာခင်စိုးက ဆိုသည်။

ယင်းကိစ္စကို အစိုးရကလည်း လျစ်လျူရှုထားသည်ဟု ဆိုသည်။

သတင်းအဖွဲ့အနေနှင့် ယင်းတွေ့ဆုံ မှုများအပြီး ညနေပိုင်းတွင် တည်းခိုရာ ဟိုတယ်သို့ ပြန်ခဲ့ကြပြီး နောက်တစ်ရက်၌ ပဋိပက္ခဖြစ်စဉ်များတွင် ကိုယ်တိုင် ကြုံတွေ့ခံစားနေကြရသည့် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းဝိုင်း၏ အောက်ခြေ လူထုအပါအဝင် အစိုးရက ဖွဲ့စည်းထားသည့် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာအဖွဲ့ အစည်းနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

သို့သော် နောက်တစ်ရက်တွင် သတင်းသမားများ သတင်းယူခြင်းကို မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးအရာရှိများက ပိတ်ပင်ခဲ့သလို ဟိုတယ်ကိုလည်း ညလုံးပေါက် လုံခြုံရေးအစောင့်အကြပ်များ ချထားခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကဲ့သို့သော သတင်းသမားများ၏ ကိုယ်ရေးကိုယ်တာကိစ္စ သွားလာမှုများကိုပင် နောက်မှ လိုက်လံစောင့်ကြည့်နေခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းအဖွဲ့၏ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့။

ယင်းသို့ အာဏာပိုင်များက သတင်းယူခွင့်ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ယခုလို မှတ်ချက်ပြုသည်။

သတင်းသမားများအနေနှင့် လွတ်လပ်စွာ သတင်းရယူခွင့်ရှိပြီး အဆင့်ဆင့် ခွင့်ပြုချက်တောင်းခံခြင်းသည် လုပ်ထုံးလုပ်နည်းမဟုတ်ဟု ဦးမြင့်ကျော် က ဆိုသည်။

“မီဒီယာကလုပ်လို့ ပဋိပက္ခဖြစ်ပါ တယ်ဆိုတာကတော့ အဲဒါမျိုးကတော့ စွပ်စွဲတာ၊ အခြေအမြစ် မရှိတာလို့ပဲ ကျွန်တော်တော့ အဲဒီလိုပဲ နားလည်တယ်”

မကြာသေးခင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း သတင်းရယူခွင့်မရှိခြင်းကြောင့် နိုင်ငံ တကာမီဒီယာများ၏ တစ်ဖက်သတ် ရေးသားဖော်ပြမှုများ ရှိနေသည်။ အဆိုပါ ပြဿနာကို ပြေလည်စေရန် အစိုးရက လည်း နိုင်ငံတကာ သံတမန်များကိုပင် ယင်းဒေသသို့ ခေါ်ယူပြသကာ အခြေအနေ မှန်များကို ရှင်းလင်းနေသည်။

ယင်းအချိန်တွင် မိတ္ထီလာက ပြည်တွင်း မီဒီယာသမားများကို ဟန့်တားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟန့်တားမှု၏နောက်ကွယ်တွင် အာဏာပိုင်များအနေနှင့် ဖုံးကွယ် သိုဝှက်ထားစရာကိစ္စများ ရှိနေနိုင်သည်ဟု မီဒီယာသမားက ရှုမြင်လျက်ရှိကြပြီး တရားမဝင် အနှိပ်ခန်းများနှင့် ပြည့်တန်ဆာခန်း များသည် သတင်းသမားများ သွားရောက်ခဲ့သည့် ပြည်သာယာရပ်ကွက်တွင် ရှိနေသလို ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံ ပြည်သူများကလည်း စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်နေသည်။ ရပ်ကွက် အတွင်း ခိုးမှုများလည်း ထူပြောနေသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လူများစွာကလည်း ယင်းအကြမ်းဖက်မှုဖြစ်စဉ်များ ကို စောင့်ကြည့်လျက်ရှိရာ မိတ္ထီလာဒေသခံများလည်း ပါဝင်သည်။

ရခိုင်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားသူ အချို့က စည်းရုံးလှုံ့ဆော်မှုများကို မိတ္ထီလာမြို့သို့ လာရောက်လုပ်ဆောင်ခဲ့ကြသေး သည်။ ၎င်းတို့ကိုမူ ဒေသအာဏာပိုင်များက ခွင့်ပြုခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခြင်းမရှိစေရန် အရပ်ဘက်အဖွဲ့ အစည်းများက ကြိုးပမ်းလျက်ရှိသည်။

ဒေသဆိုင်ရာ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ တားမြစ်မှုများ မပြုလုပ်ရသေးခင် တွေ့ဆုံခွင့်ရရှိခဲ့သည့် ရတနာဦးကျောင်းတိုက်ဆရာတော် ဦးဝိ သုဒ္ဓကမူ ဒေသ၏နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ယခုထက်ပိုမိုကောင်းမွန်ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် လိုအပ်သည်ဟု မိန့်ကြားသည်။

ယင်းအချက်များက ပဋိပက္ခကို တားဆီးနိုင်သည်ဟု ဆရာတော်က ထင်မြင်ချက်ပေးသည်။

“နိုင်ငံရေးကောင်းနေရင် မဖြစ်တော့ဘူး။ စီးပွားရေးကောင်းနေရင် မဖြစ်တော့ဘူး။ တရားဥပဒေစိုးမိုးနေရင် မဖြစ်တော့ဘူး”

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *