ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အကျပ်အတည်းစီမံရေး ပင်မအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းရန်အဖွဲ့ဝင် ၁၉၃ နိုင်ငံအပေါ် မဖြစ်မနေ လိုက်နာရန်လိုအပ်မည့် အရေးယူမှုများကို ချမှတ်ပိုင်ခွင့် ရှိသည်။

အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအကဲဖြတ်ရန်၊ ပြည်တွင်းစစ်၊ သဘာဝဘေးအန္တရာယ်၊ လက်နက်ထိန်းချုပ်ရေးနှင့် အကြမ်းဖက်မှုစသည့် အရေးကိစ္စများကို ကိုင်တွယ်ရန် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့် အလှည့်ကျ ရွေးကောက်ထားသည့် အဖွဲဝင် ၁၀ နိုင်ငံတို့ ပုံမှန်တွေ့ဆုံလေ့ ရှိသည်။ ဖွဲ့စည်းပုံပိုင်းအားဖြင့် ၁၉၄၆ ခုနှစ် စတင်တည်ထောင်ချိန်မှစတင်ပြီး လုံခြုံရေး ကောင်စီတွင်း သိသာ ထင်ရှားသည့် ပြောင်းလဲမှုမရှိသဖြင့် ကမ္ဘာ့လုံခြုံရေးဖြစ် စဉ်များတွင် ကြားဝင်စေ့စပ်သူအဖြစ် ပါဝင် နိုင်သည့် စွမ်းဆောင်ရည်နှင့် အာဏာကို အဖွဲ့ဝင်နိုင်ငံများက မေးခွန်းထုတ်လျက်ရှိသည်။ ထို့အပြင် ဆီးရီးယား ပြည်တွင်းစစ်၊ ကရိုင်းမီးယားကို ရုရှားသိမ်းယူမှု၊ နျူကလီး ယားလက်နက်များ မြောက်ကိုရီးယား ထုတ်လုပ်နေမှုတို့က လုံခြုံရေးကောင်စီကို စိန်ခေါ်လျက်ရှိသည်။

လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံ

လုံခြုံရေးကောင်စီတွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် အမြဲတမ်း အဖွဲ့ဝင်ငါးနိုင်ငံဖြစ်ပြီး P 5 ဟု တစ်ပေါင်းတစ်စည်း တည်း ခေါ်ဝေါ်လေ့ရှိသည်။ ယင်းအမြဲတမ်း အဖွဲ့ဝင်များ အနက် မည်သည့် နိုင်ငံမဆို ဗီတိုအာဏာ အသုံးပြုပိုင်ခွင့်ရှိသော်လည်း ၂ နှစ်တာ အလှည့်ကျ တာဝန် ထမ်းဆောင်သည့် လုံခြုံရေးကောင်စီဝင်များသည် ဗီတိုအာဏာကျင့်သုံးပိုင်ခွင့်မရှိပေ။ ယင်းကဲ့သို့ P5 နိုင်ငံများ အသာစီးရနေမှုသည် ဒုတိယကမ္ဘာစစ်အပြီး ဖြစ်ရပ်များတွင် အခြေခံလာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် စစ်နိုင် နိုင်ငံများဖြစ်ပြီး ဗြိတိန်နိုင်ငံနှင့်အတူ စစ်ပြီး ကမ္ဘာ့နိုင်ငံရေးအော်ဒါကို ပုံသွင်းခဲ့သည်။ ကမ္ဘာ့လုံခြုံရေးကို ကမ္ဘာ့ပုလိပ်လေးဦး စောင့်ကြည့်သည့် ပုံစံဖြင့် ပုံဖော်လိုသည့် အမေရိကန်သမ္မတ ဖရန်ကလင်ရူစဘဲ့၏ တောင်းဆိုချက်ကြောင့် ထိုင်ဝမ် (နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ပါဝင်လာသလို ဂျာမနီအင်အား တိုးပွားလာနိုင်ခြေ သို့မဟုတ် ဆိုဗီယက် ရန်ပြုနိုင်ခြေကို ကြားခံအဖြစ် ဟန့်တားရန်လိုလားခြင်းကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ အဆင့်အတန်းရရှိရေး ပြင်သစ်ကြိုးပမ်းမှုကို ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီက ထောက်ခံခဲ့သည်။ လုံခြုံရေးကောင်စီ သက်တမ်း တစ်လျှောက်တွင် ဗီတိုအာဏာအသုံးအများဆုံး နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုခေတ်ကိုပါ ထည့်သွင်းရေး တွက်လျှင် ရုရှားနိုင်ငံအများဆုံးဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ရာကျော်ကို ပိတ်ဆို့ခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ဒုတိယအများဆုံးဖြစ်ကာ ပြီးခဲ့သည့် နှစ်များမှ စတင်ပြီး တရုတ်နိုင်ငံ၏ ဗီတိုအာဏာ အသုံးပြုမှု တိုးမြှင့်လာသည်။

ကောင်စီ ဥက္ကဋ္ဌတာဝန်ကို လတိုင်း အလှည့်ကျ ပြောင်းလဲတာဝန်ထမ်းဆောင်လျက်ရှိပြီး အထွေထွေညီလာခံ မဲသုံးပုံ နှစ်ပုံဖြင့် တက်လာသည့် အမြဲတမ်းတန်း အဖွဲ့ဝင်မဟုတ်သည့် လုံခြုံရေးကောင်စီဝင် ၁၀ နိုင်ငံကိုပါ အာဂျန်ဒါချမှတ်ပိုင်ခွင့်ပေး အပ်ထားသည်။ ယင်းကဲ့သို့ လုံခြုံရေးကောင်စီဝင်ဖြစ်ရေး သတ်မှတ်ချက်များတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှု၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ စစ်ဆင်ရေးများသို့တပ်ဖွဲ့ဝင်နှင့် ငွေပေးပို့မှု၊ လုံခြုံရေးကိစ္စရပ်များတွင် ခေါင်းဆောင်ပါဝင်မှု တို့ပါဝင်သည်။ ဒုတိယသတ်မှတ်ချက်သည် ဒေသဆိုင်ရာ ကိုယ်စားပြုမှုဖြစ်သည်။ ၁၉၆၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး အာဖရိက အုပ်စုမှ အဖွဲ့ဝင် သုံးနေရာ၊ အာရှ-ပစိဖိတ်အုပ်စုမှ နှစ်နေရာ၊ အရှေ့ ဥရောပအုပ်စုမှ တစ်နေရာ၊ လက်တင်အမေရိကနှင့် ကာရေ ဘီယံအုပ်စုမှ နှစ်နေရာ၊ အနောက်ဥရောနှင့် အခြားအုပ်စုမှ နှစ်နေရာဟူ၍ လုံခြုံရေးကောင်စီတွင် ကိုယ်စားပြုခွင့်ပေးထားသည်။ အာရပ်အုပ်စုနေရာသည် အာဖရိက နှင့် အာရှအုပ်စုကြားတွင် တရားဝင်မဟုတ် သည့် သဘောတူညီချက်ပုံစံဖြင့် ပြောင်းလဲလျက်ရှိသည်။ ကောင်စီလုပ်ငန်းစဉ်များကို အကူအညီပေးရန် အတွက်လည်း အထောက်အကူပြု ကော်မတီများကို အလျင်းသင့်သလို ဖွဲ့စည်းလျက် ရှိသည်။ ယင်းတို့တွင် အရေးယူမှုကော်မတီ၊ အကြမ်းဖက်မှု တန်ပြန်ရေးကော်မတီ၊ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက်ကော်မတီ၊ ရဝမ်ဒါဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၊ ယူဂိုဆလားဗီးယားဆိုင်ရာ တရားရုံးတို့ဖြစ်သည်။ လက်တွေ့မြေပြင် စစ်ဆင်ရေးများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးအတွင်းရှိသည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစစ်ဆင်ရေးဌာနနှင့် မြေပြင်အထောက်အကူပြုရေး ဌာနတို့က စီမံသည်။

ပဋိပက္ခစီမံရေး လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်များ

အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ကုလသမဂ္ဂပဋိညာဉ် အခန်း ၆ နှင့် အညီ ငြိမ်းချမ်းစွာဖြေရှင်းရန် လုံခြုံရေးကောင်စီ ရည်မှန်းထားသည်။ ယင်းအခန်း ၆ အရ စေ့စပ်မှု၊ ညှိနှိုင်းမှု သို့မဟုတ် အခြား ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် အဖြေ ရှာရမည်ဖြစ်သည်။ အဆိုပါ ကြိုးပမ်းချက် မအောင်မြင်ပါက အခန်း ၇ အရ အရေးယူ ပိတ်ဆို့မှုချမှတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ပြန်လည်တည့်မတ်ရေး စစ်အင်အားအသုံးပြုခွင့်ကို ခွင့်ပြုပေးသည်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ကုလသမဂ္ဂအဖွဲ့ လုပ်ဆောင်လျက်ရှိသည့် ပဋိပက္ခစီမံရေး အလုပ်များအနက် သိသာထင်ရှားဆုံး လုပ်ဆောင်ချက်ဖြစ်သည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကာလတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစစ်ဆင်ရေး ၁၅ ခုကို လုပ်ဆောင်လျက်ရှိပြီး ယူနီဖောင်းဝတ် ၉ သောင်း ကျော်ကို စီမံလျက်ရှိသည်။

အမေရိကန်နှင့် ဆိုဗီယက် အားပြိုင်နေခြင်းကြောင့် လုံခြုံရေးကောင်စီသည် စတင်တည်ထောင်ချိန်မှ စစ်အေးခေတ်ကာလတွင်း လုပ်နိုင်ကိုင်နိုင်စွမ်း မရှိခဲ့ပေ။ ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင်လည်း အမေရိကန်နှင့် ရုရှားအကြား တင်းမာမှု ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့်တင်းမာမှု လျှော့ချရေးကောင်စီ လုပ်နိုင်ရည်အပေါ် သံသယဝင်လျက်ရှိသည်။ ဥပမာအားဖြင့် မလေးရှားလေကြောင်းလိုင်းခရီးသည်တင် လေယာဉ်ကို ရုရှားထုတ် ဒုံးကျည်အသုံးပြုပြီး ပစ်ချခဲ့သည်ဟု ယူဆရသည့် ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက် ရေးသူပုန်များကို အရေးယူရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ အလားတူ ဆီးရီးယားအစိုးရ ကျူးလွန်လျက်ရှိသည့် ရက်စက်မှုများအတွက် အရေးယူ ပိတ်ဆို့ရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ရုရှားက ရှစ်ကြိမ်တိုင်တိုင် ဗီတိုအာဏာ အသုံးပြု ပယ်ချခဲ့သည်။
စစ်အေးခေတ် နောက်ပိုင်းတွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေး စစ်ဆင်ရေး ၅၁ ခုကို လုံခြုံရေးကောင်စီက ခွင့်ပြုပေးခဲ့ပြီး ယင်းအနက်အများစုသည် ကျရှုံးနိုင်ငံများ၊ ပြည်တွင်းစစ်များ၊ လူသားချင်းစာနာ ထောက်ထားမှု အရေးပေါ်အခြေအနေများ၊ ပဋိပက္ခနယ်များပေါ် ချမှတ်ခြင်းဖြစ်သည်။ ပိုမိုစစ်ဆန်သည့် လုပ်ဆောင်ချက် များတွင် စစ်ဘက်စစ်ဆင်ရေးကို အသုံးပြုသလို ရဲတပ်ဖွဲ့တပ်ဖြန့်ခြင်း၊ ရွေးကောက်ပွဲ အကူအညီပေးခြင်း၊ ဥပဒေပိုင်း အုပ်ချုပ်ခြင်း စသည်တို့လုပ်ဆောင်သည်။ ထို့အပြင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် ပဋိပက္ခဖြေ ရှင်းရေးတွင် ဒေသဆိုင်ရာအဖွဲ့အစည်းများ ပိုမိုအရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက် ရှိသည်။

လုံခြုံရေးကောင်စီ အသုံးပြုနိုင်သည့် အရေးယူမှုများ

လုံခြုံရေးကောင်စီ မကြာခဏ အသုံးပြုလျက်ရှိသည့် အရေးယူမှုသည် ကုလသမဂ္ဂ အဋိပညာဉ် အပိုဒ် ၄၁ တွင် ဖော်ပြထားသည့် အရေးယူပိတ်ဆို့မှုဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစတင်ပြီး အရေးယူပိတ်ဆို့မှုများ ကို ပုံမှန်လုပ်ဆောင်လာသလို ၂၀၁၇ ခုနှစ်တွင် လူပုဂ္ဂိုလ် ၆၆၄ ဦး၊ အဖွဲ့အစည်း ၃၈၂ ခု ကို အရေးယူပိတ် ဆို့ ထားသည်။ ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် စားနပ်ရိက္ခာအတွက် ရေနံအစီအစဉ်ကို ကျင့်သုံးခဲ့သော်လည်း အကျင့်ပျက်မှုများ၊ အမြတ်ထုတ်မှုများသာ ကြုံတွေ့ခဲ့သည်။

၁၉၉၀ ပြည့်လွန် အလယ်ပိုင်းနှစ်များတွင် အလုံးစုံပိတ်ဆို့ခြင်းမဟုတ်ဘဲ စီးပွားရေးနှင့် နိုင်ငံရေးရာများကို သီးသန့်ပစ်မှတ်ထားသည့် လူပုဂ္ဂိုလ်များကို သီးခြား ပစ်မှတ်ထားသည့် စမတ်ကျသောအရေးယူပိတ်ဆို့မှုပုံစံကို ကျင့်သုံးလာခဲ့သည်။ မူရင်းပေါ်ထွက်ရာ နေရာစစ်ဆေးသည့် စနစ်ကျင့်သုံးမှုကြောင့်လည်း ပြည်တွင်း စစ်ဇုန်များမှ ပေါ်ထွက်လာသည့် စိန်များ ရောင်းဝယ်မှုကို ဟန့်တားနိုင်ခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် အလုံးစုံပိတ် ဆို့မှုမဟုတ်ဘဲ လက်နက်ရောင်းချမှု ပိတ်ဆို့ ခြင်း၊ ခရီးသွားလာမှုပိတ်ဆို့ခြင်း၊ ပိုင်ဆိုင်မှု သိမ်းခြင်း၊ သတ်မှတ်ထားသည့် ကုန်စည်များ ပို့ခွင့်၊ သွင်းခွင့် ပိတ်ဆို့ခြင်းတို့သည် စံနှုန်း တစ်ရပ်ဖြစ်လာသည်။ သို့ သော် သီးခြား ပစ်မှတ်ထားအရေးယူမှုကြောင့်လည်း လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများ ပေါ်ထွက်လျက်ရှိသည်။ စိုက်ပျိုးရေး သို့မဟုတ် ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုး သုံးနိုင်ခြင်းကြောင့် အရေးယူပိတ်ဆို့မှုကောင်စီ၏ ထောက်ခံချက်ရရှိရန် လိုအပ်သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း စသည့်အရေးများကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။

စစ်အင်အားသုံးခွင့် လုံခြုံရေးကောင်စီ ခွင့်ပြုရသလား

ကုလသမဂ္ဂပဋိညာဉ်အရ စစ်အင်အားအသုံးပြုခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်ရေး သို့မဟုတ် လုံခြုံရေး ကောင်စီခွင့်ပြုပေးမှသာ တရားဝင်သည်။ သို့သော် အင်အားအသုံးပြုခြင်း၏ တရားဝင်မှု (တရားဥပဒေနှင့် ကိုက်ညီမှုနှင့်မတူပေ) အပေါ် ဆက်လက်အငြင်းပွားနေရသေးသည်။

လူသားချင်းစာနာထောက်ထားသည့် ကြားဝင်စွက်ဖက်မှု၏ တရားဝင်မှုနှင့် ပတ်သက်ပြီး မကြာခဏ ထောက်ပြ လျက်ရှိသည့်ဖြစ်ရပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အတည်ပြုချက်မရရှိဘဲ လုပ်ဆောင်သည့် ကိုဆိုဗို အပေါ် နေတိုး စစ်အုပ်စု ၇၈ ရက်ကြာ လေကြောင်းစစ်ပွဲ ဆင်နွှဲမှု ဖြစ်သည်။ ကောင်စီ၏ ဆုံးဖြတ်ချက်ကို ပိတ်ဆို့မည်ဟု ရုရှားက ဖော်ပြလိုက်ပြီးနောက် ကိုဆိုဗာ အယ်ဗေးနီးယန်းများကို ဆာ့ဘ်လူမျိုးတုန်း သတ်ဖြတ်နေမှုမှ ကာကွယ်ရေး ဗုံးကြဲစစ်ဆင်ခြင်းဖြစ်သည်။ ယင်းကြားဝင်စွက်ဖက်မှုသည် ဥပဒေနှင့် ညီညွတ်မှုမရှိသော်လည်း တရားဝင်မှုရှိသည်ဟု မှတ်ယူနိုင်ကြောင်း ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် သီးခြား ကော်မရှင်တစ်ရပ်က နောက်ပိုင်းတွင် သုံးသပ်ထားသည်။

၂၀၀၀ ပြည့်လွန်အစောပိုင်းနှစ်များ တွင် ကာကွယ်ပေးရေး တာဝန်ရှိမှု (R2P) ပေါ်ထွက်လာမှုကလည်း လုံခြုံရေး ကောင်စီခွင့်ပြုချက်မပါဘဲ စစ်အင်အားအသုံးပြုခွင့် ရှိသည်ဟု ဖော်ပြထားသည့် ပုံပေါက်နေသည်။ ယင်းအယူဝါဒကို ၂၀၀၅ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စတင်ကျင့်သုံးခြင်းဖြစ်ကာ နိုင်ငံများသည် ၎င်းတို့နိုင်ငံတွင်း နေထိုင်သူအားလုံး (Populations) ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့အပြင် ခြိမ်းခြောက်ခံနေရသူများကို ကာကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ငြိမ်းချမ်းသည့် နည်းလမ်းအသုံးပြုလုပ်ဆောင်ပေးရ မည်ဟု ဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံအနေနှင့် ကာကွယ်စောင့်ရှောက်ရေးတာဝန်၊ သိသာထင်ရှားစွာ ပျက်ကွက်ပါက (Manifestly Fails) အတင်းအကျပ် နည်းလမ်းများကို အားလုံးစုပေါင်းအသုံးပြုသင့် (Should) သည်ဟု ဖော်ပြထားသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် သဘောတူညီသည့် ညွန့်ပေါင်းအဖွဲ့များ၏ ထောက်ခံမှုဖြင့် လူသားချင်းစာနာထောက်ထားသည့် ကြားဝင်စွက်ဖက်မှုကို တရားဝင်မှုရှိစွာ (Legitimately) ကျင့် သုံးနိုင်သည်ဟု အဆက်ဆက်သော အမေရိကန်အုပ်ချုပ်ရေးအဖွဲ့အစည်းများက ငြင်းချက်ထုတ်ထားသည်။ သို့သော် ယင်း ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လက်မခံပေ။ ပဋိညာဉ်နှင့်ကိုက်ညီသည့် အခြေအနေမှတစ်ပါး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အင်အားအသုံးပြုမှုမှ ရှောင်ကြဉ်ရေးဆိုသည့် ဥပဒေကြောင်းအရ တာဝန်ကို ကာကွယ်စောင့်ရှောက်ပေးရေး တာဝန်ရှိမှုက ( R2P) ပြောင်းလဲစေခြင်းမရှိဘဲ လက်တွေ့တွင် အားပင်ဖြည့်ပေးလျက်ရှိသည်ဟု မှတ်ချက်ပြုထားသည်။ ၂၀၁၁ ခုနှစ် လစ်ဗျားကို နေတိုးဦးဆောင် ကြားဝင် စွက်ဖက်ခြင်း၊ ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားခြင်းတို့တွင် ယင်းငြင်းခုံမှု ပြန်လည် ပေါ်ထွက်လျက်ရှိသည်။

လုံခြုံရေးကောင်စီ ရင်ဆိုင်နေရသည့် ဝေဖန်မှုများ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဖွဲ့စည်းမှုသည် လက်တွေ့ပထဝီ နိုင်ငံရေးအခြေအနေများကို ထင်ဟပ်နိုင်မှု မရှိ ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် များစွာသော ဝေဖန်သူများက ထောက်ပြလျက်ရှိသည်။ ကောင်စီတွင်း အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် အရေအတွက်ကို ခြောက်နိုင်ငံမှ ၁၀ နိုင်ငံသို့ ၁၉၆၅ ခုနှစ်တွင် တိုးမြှင့်လိုက်သလို ၁၉၇၁ ခုနှစ်တွင် ထိုင်ဝမ်၏ အမြဲတမ်းအဖွဲ့ဝင်နေရာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရယူလိုက်သည်။ ယင်းနောက်ပိုင်းမှ စတင်ပြီး ကောင်စီတွင်း ပြောင်းလဲမှုမရှိတော့ပေ။

ဘရာဇီး၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိက စသည့် ဒေသဆိုင်ရာပါဝါများက ကောင်စီတိုးချဲ့ရေး သို့မဟုတ် အမြဲတမ်းနေရာရရှိရေးလိုလားလျက်ရှိသည်။ ဗီတို အာဏာပေး အပ်ထားခြင်း ကြောင့် P5 အဖွဲ့ဝင်များ၏ နိုင်ငံရေးအကျိုးစီးပွားသာ ကိုယ်စားပြုလျက်ရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုများကို တားဆီးနိုင်ခြင်းမရှိဟု R2P လိုလားသူများက ထောက်ပြထားသည်။ ထို့အပြင် ဆိုမာလီယာ၊ ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါဖြစ်စဉ်တို့တွင် ကုလသမဂ္ဂ ပဋိပက္ခ ဖြေရှင်းရေးစွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုများရှိခဲ့သည်။ ဆိုမာလီယာ နိုင်ငံတွင်းရှိ စစ်ဘုရင်တစ်ဦးအား ဖမ်းဆီးရေးတွင် အမေရိကန်ကြည်းတပ်ရိန်းဂျား ၁၈ ဦး ၁၉၉၃ ခုနှစ်တွင် သတ်ဖြတ်ခံလိုက် ရပြီးနောက်တွင် ရဝမ်ဒါနိုင်ငံတွင်း ကုလသမဂ္ဂအနေနှင့် တက်ကြွစွာပါဝင်လှုပ်ရှားရေးကို အမေရိကန်ပြည်ထောင်စုက လိုလားခြင်းမရှိသလို အခြားသော ပါဝါ များကလည်း လိုလားခြင်းမရှိခဲ့ပေ။ ယင်းနောက်ခံအခြေအနေတွင် ၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံ၌ တွက်စီလူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ရှစ်သိန်းကျော် သတ်ဖြတ်ခံလိုက် ရသည်။

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ ကိုယ်တိုင်အလွဲသုံးစားမှု ကျူးလွန်ခြင်းကြောင့်လည်း ၎င်းတို့အပေါ်ပါ စောင့်ကြပ်ရန်လိုအပ်သည်။ ကုလသမဂ္ဂအဖွဲ့အနေနှင့် မကြာခဏ ဆုံးရှုံးမှုများ ကြုံတွေ့လျက် ရှိပြီး သိသာထင်ရှားသည့် အင်စတီကျူးရှင်းပိုင်း ပြောင်းလဲမှု၊ ဘဏ္ဍာရေးထောက်ပံ့မှုမရှိချိန်တွင် ယင်းကဲ့သို့ ဆက်ဖြစ်နေဦးမည်ဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ်တွင် ပြုလုပ်သည့်အဖွဲ့တွင်း အကဲဖြတ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ မွတ်ဆလင်များအရေးတွင်လည်း အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က တစ်ဖက်၊ တရုတ်နှင့် ရုရှားတို့ကတစ်ဖက် ရပ်တည်ချက်ကွဲပြားကာ လုံခြုံရေးကောင်စီတွင်း သဘောထား ကွဲလွဲလျက် ရှိသည်။

လုံခြုံရေးကောင်စီ ပြုပြင်ရေးအလားအလာ

ကုလသမဂ္ဂပဋိပက္ခကိုပြင်ဆင်ရန် လူများစု၊ လူနည်းစုအားလုံး ထောက်ခံရန်လိုအပ်ခြင်း၊ အဖွဲ့ဝင် သုံးပုံ နှစ်ပုံတွင် ပြည်တွင်း ထောက်ခံမှု လိုအပ်ခြင်းကြောင့် သိသာထင်ရှားသည့် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဝေးကွာဦးမည်။ အမြဲတမ်းအဖွဲ့ဝင်များ အနေနှင့်လည်း ၎င်းတို့၏အာဏာ ကန့်သတ်မည့် လုပ်ဆောင်ချက်ကို လိုလားမည် မဟုတ်ပေ။ လုံခြုံရေးကောင်စီကို ပြောင်းလဲရန် ကုလသမဂ္ဂအဖွဲ့ဝင်များ ကျယ်ကျယ်ပြန့်ပြန့် သဘောတူသော်လည်း အဆိုပြုချက် အသီးသီးပေါ်ထွက်လာခြင်းကြောင့် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လျက်ရှိသည်။ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအရေအတွက်တိုးချဲ့ရန် အချို့က အဆိုပြုသလို အချို့က ပြန်လည်ဖယ်ရှားနိုင်သည့် ရွေးကောက်ခံနေရာသစ်များ ဖော်ထုတ်ရန်လိုလားလျက်ရှိသည်။ ပွင့်လင်း မြင်သာမှုတိုးမြှင့်ရန်နှင့် အနီးကပ်တိုင်ပင်မှုများလုပ်ဆောင်ရန်လည်း နိုင်ငံငယ်များက လိုလားလျက်ရှိသည်။

ချမ်းမြေ့

ကိုးကား – Council on Foreign Relations

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *