ရခိုင်အစီရင်ခံစာ ရီဗျူး

 

ရခိုင်ကော်မရှင်၏အစီရင်ခံစာထွက်ရှိလာပြီး အချိန်ကိုက်ဆိုသလိုပင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်းမှလည်း ယင်းအစီရင်ခံစာကို ဝေဖန်မှု ကန့်ကွက်မှုအချို့ ရှိနေခဲ့သည်။ လေ့လာမိသလောက် အစီရင်ခံစာတွင် ကောင်းမွန်သော အကြံပြုချက်များ ပါဝင်နေသလို၊ လက်တွေ့အခြေအနေနှင့် မအပ်စပ်နိုင်ဟု ထင်ရသော အချက်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ‘ရီဗျူး’ ဟု ဆိုသော်လည်း ယခုဆောင်းပါးတွင် အသေးစိတ်ဆန်းစစ်ချက်တို့ကို (ဂျာနယ်ဆောင်းပါးဖြစ်သောကြောင့် စာမျက်နှာအခက်အခဲအရ) အပြည့်အဝ မထည့်သွင်းနိုင်ခဲ့ပါ။ လူပြောများသည့်၊ ဝေဖန်မှုမြင့်တက်နေသည့် အရေးကြီးအကြောင်းအရာပိုင်းလောက်ကိုသာ ယခုဆောင်းပါးတွင် သုံးသပ်ပြထားပါသည်။

ကော်မရှင်၏ တရားဝင်မှု အနေအထား

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေမှူးချူပ်ဟောင်း မစ္စတာကိုဖီအာနန်ကို ဦးဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကိုဖီအာနန်အပါဝင် နိုင်ငံခြားသားများဖြင့် ဦးဆောင်ဖွဲ့စည်းထားသော ယင်းကော်မရှင်ကို စက်တင်ဘာလအတွင်းကပင် လွှတ်တော်၌ ကန့်ကွက်မှုများပေါ်ပေါက်ခဲ့သည်။ ရခိုင်လူမျိုးစုခေါင်းဆောင်များပါဝင်သော (ANP) ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ အနိုင်ရပါတီမှ ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုဖြင့် ကော်မရှင် ဆက်လက်တည်ရှိခွင့် ရရှိခဲ့သည်။ အလားတူ ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သော ကော်မရှင်ဖျက်သိမ်းရေးအဆိုကတော့ အောင်မြင်မှုရရှိခဲ့သည်။ သို့သော်လည်း ကော်မရှင်ဖျက်သိမ်းရေးအနေအထားထိတော့ မစွမ်းဆောင်နိုင်ခဲ့ပေ။ ထို့ပြင် လွှတ်တော်ပြင်ပမှ နိုင်ငံရေးပါတီအချို့ကလည်း ကော်မရှင်ကို ကန့်ကွက်သည့် ကြေညာချက်များ ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

ဆိုရလျှင် ရခိုင်ကော်မရှင်သည် အစိုးရ၏သဘောထားတစ်ခုတည်းဖြင့်သာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုဖြင့် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီများ၊ တပ်မတော် ၊ ပြဿနာနှင့် အဓိကသက်ဆိုင်နေသော ဒေသခံရခိုင်လူမျိုးစုတို့၏ ဆန္ဒသဘောထားများပါဝင်မှုက မရှိသလောက် နည်းပါးခဲ့သည်။ ထို့ကြောင့် အရင်ဆုံးအနေဖြင့်ကော်မရှင်၏ တရားဝင်မှုကို မေးခွန်းထုတ်ကြခြင်းဖြစ်သည်။ ကော်မရှင်သည် ဥပဒေအရတော့ တရားဝင်ပါသည်။

၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ အငြင်းအခုန်

ရခိုင်ကော်မရှင်၏ အစီရင်ခံစာတွင် ‘နိုင်ငံသားဖြစ်မှု’ အပိုင်းကိုလည်း သိသိသာသာ ဇောင်းပေးဝေဖန်ထားသည်ကို တွေ့ရသည်။အထူးသဖြင့်တော့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖြည့်စွက်ပြင်ဆင်ဖို့ အကြံပြုထားသည်။ ခက်ခဲမည်ဖြစ်သော်လည်း မဖြစ်မမနေလုပ်သင့်သည်ဟုဆိုသည်။ ‘ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗန်းရှင်း’ (Convention on the Rights of Child ) ပုဒ်မ ၇ နှင့် ၈ အပါအဝင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် အခြားသော နိုင်ငံတကာစာချုပ်များနှင့် ချိန်ညှိလုပ်ဆောင်သင့်ကြောင်း ထောက်ပြသည်။ ထို့ပြင် ၈၂ နိုင်ငံသား ဥပဒေတွင်ပါဝင်သော ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းသည်ကိုလည်း ဝေဖန်ခဲ့သည်။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ လက်ရှိ ၈၂ ဥပဒေကို အခြေခံရသည့်ဥပဒေအဖြစ် အသိအမှတ်ပြုသည်။ သို့သော် ယင်းဥပဒေကို ပြန်လည်သုံးသပ်သင့်ကြောင်း ထောက်ပြထားပြီး ထိုသို့ သုံးသပ်ရမည့်အစိတ်အပိုင်းများကို ထည့်သွင်းစဉ်းစားနိုင်ရန်ဟုဆိုကာ အချက်အလက်များဖြင့် အကြံပြုထားသည်။

ပြည်တွင်းမှာတော့ ယင်းကိစ္စနှင့်ပတ်သက်ပြီး အတော်လေး ပွဲဆူသွားခဲ့သည်။ အင်အားကြီးမားပြီး လူဦးရေများစွာရှိသော ကမ္ဘာ့နိုင်ငံကြီး နှစ်ခုအကြားရောက်နေသည့်အပြင် လူဦးရေပေါက်ကွဲနေသောအိမ်နီးချင်းနိုင်ငံတစ်ခုနှင့်လည်း ဆက်စပ်တည်ရှိနေသည်ဖြစ်ရာ ၈၂ နိုင်ငံသားဥပဒေသည် မြန်မာတို့အတွက် အကောင်းဆုံးသော လူဦးရေအကာ အကွယ်တစ်ခုဖြစ်သည်။ သည်နေရာမှာ ‘နိုင်ငံတကာအမြင်’ နှင့် ‘နိုင်ငံသားအမြင်’ တို့ ထိပ်တိုက်တွေ့ကြသည်။ မည်သည့်နိုင်ငံမျှ နိုင်ငံသားဖြစ်ခွင့် အလွယ်တကူ မရရှိတတ်သည့်အချက်ကို ကော်မရှင်က မျက်ကွယ်ပြုခဲ့လေသလားဟု စဉ်းစားစရာဖြစ်လာသည်။ လောလောဆယ် ၈၂ ဥပဒေကို သည်အတိုင်းထားရှိပြီး ယင်းဥပဒေအတိုင်းအတိအကျ အကောင်အထည်ဖော်ဖို့သာ အာရုံစိုက်သင့်သည်။

ကော်မရှင်၏ အချက်အလက်ရယူသည့် အနေအထား

အစီရင်ခံစာတွင်ပါဝင်သည့် တင်ပြချက်များ၊ သဘောထားအမြင်များ၊ အလေးထားဆွေးနွေးရမည့်ကိစ္စများနှင့် အကြံပြုချက်များမှာ တွေ့ဆုံဆွေးနွေးမှုများမှရရှိလာသည့် အချက်အလက်များအပေါ် အခြေခံကာ ရေးသားခြင်းဖြစ်သည် … ဟု ကော်မရှင်ဥက္ကဋ္ဌ၏အမှာစာတွင် အတိအလင်း ဖော်ပြထားသည်။

သို့ဆိုလျှင် …

ကော်မရှင်သည် မည်သူတွေနှင့် အများဆုံးတွေ့ဆုံခဲ့ပါသနည်း။ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များ၊ INGO များ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိကြီးများ၊ အိန္ဒိယ၊ တရုတ်နှင့် မလေးရှားနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ ၊ ကော့စ်ဘဇား (Cox’s Bazar) ရှိ ဒုက္ခသည်စခန်းများ၊ IDP စခန်းတွင် နေထိုင်ကြသူများ၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ဦးခန့်ဖြင့်တွေ့ဆုံပြီး ဆွေးနွေးပွဲပေါင်း (၁၅၅) ကြိမ်ထိ ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။

သို့သော် ရခိုင်အမျိုးသားပါတီ၊ ရခိုင်အရပ်ဘက်လူ့အဖွဲ့အစည်းများကတော့ ဤကော်မရှင်ကို သပိတ်မှောက်သည်ဟူသော အကြောင်းပြချက်ဖြင့် ကော်မရှင်၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့်လည်း ကော်မရှင်အစီရင်ခံစာ၏ အချက်အလက်ပိုင်းတွင် ဒေသခံတိုင်းရင်းသားတို့၏ အသံများ၊ ဆန္ဒများပါဝင်နိုင်မှု အားနည်းခဲ့ရသည်။ ကော်မရှင်၏ အစီရင်ခံစာမှာလည်း ‘ကော်မရှင်အနေဖြင့် အဆိုပါအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အများစုအားတွေ့ဆုံနိုင်ရန် စီမံဆောင်ရွက်ခဲ့သော်လည်း ထိုသူများ၏ဆက်လက်သပိတ်မှောက်မှုများသည် ပြည်နယ်တစ်ခုလုံး၏ သဘောတူလက်ခံမှုကိုရရှိစေရန် ကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို အတိုင်းအတာတစ်ခုအထိ ခက်ခဲစေခဲ့ပါသည်’ ဟု ထုတ်ဖော်ဝန်ခံထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ ကော်မရှင်၏အစီရင်ခံစာတွင် ဒေသခံတိုင်းရင်းသားတို့၏အသံနှင့် သဘောထားမှတ်ချက်များ အတိုင်းအတာတစ်ခုအထိ လျော့နည်းခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။

ကော်မရှင် ဘယ်ရှုထောင့်က ထိုင်ခဲ့သလဲ

ကော်မရှင်အနေနှင့် ရခိုင်ပြည်နယ်ပြဿနာကို ခေါင်းစဉ်ကြီး သုံးရပ်နှင့် ချဉ်းကပ်အဖြေရှာသည်ကို တွေ့ရသည်။ ၎င်းတို့မှာ

၁။ ဖွံ့ဖြိုးမှုဆိုင်ရာအကျပ်အတည်း ( Development Crisis)

၂။ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း ( Human Right Crisis)

၃။လုံခြုံရေးဆိုင်ရာ အကျပ်အတည်း (Security Crisis) တို့ ဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းရည်ညွှန်းချက် (Terms of Reference) မှာ ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများ၏ အခြေအနေကိုလေ့လာခြင်း၊ အကြမ်းဖက်မှုများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျစေသော အခြေခံအကြောင်းတရားများကို ရှာဖွေတင်ပြရန်ဖြစ်သည်။

ထို့ကြောင့် လူမှုဘ၀အခြေအနေများ၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းကိစ္စများနှင့် ပတ်သက်ပြီး အခွင့်အလမ်းရရှိမှု အခြေအနေများ၊ နိုင်ငံသားဖြစ်မှုနှင့် လွတ်လပ်စွာသွားလာနိုင်မှု အခြေအနေများကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံတကာတွင် ကျင့်သုံးနေသော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ၁။ ပဋိပက္ခကာကွယ်ခြင်း ၂။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးခြင်း ၃။ လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ခြင်း ၄။ အဖွဲ့အစည်းများတည်ထောင်ခြင်း ၅။ ဖွံ့ဖြိုးမှုဟူသော နယ်ပယ်များနှင့်သက်ဆိုင်သော အကြံပြုချက်များ ပြုလုပ်သွားမည်ဟု ဖော်ပြပါရှိသည်။

ဤမျှဆိုလျှင် ကော်မရှင် ဘယ်ရှုထောင့်က ထိုင်ခဲ့သလဲဆိုတာ မှန်းဆလို့ ရနိုင်ပေလိမ့်မည်။ ကော်မရှင်သည် ပြဿနာဖြေရှင်းရေး ရှုထောင့်မှ ရပ်တည်ခဲ့သည်ဆိုသော်ငြားလည်း တကယ်တမ်းကော်မရှင် ထိုင်ခဲ့သော ‘အထိုင်’ မှာ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးဆိုသော အခြေခံမှာ အထိုင်ချ၍ ပြဿနာကိုချဉ်းကပ်ခဲ့သည်ဟု ထင်မြင်မိပါသည်။ လူ့အဖွဲ့အစည်းနှစ်ခုဟုဆိုသော်လည်း တစ်ဖက်လူ့အဖွဲ့အစည်းမှာ (လက်ရှိ တရားဝင်သတ်မှတ်ချက်အရ) နိုင်ငံသားများမဟုတ် … ဆိုသော အချက်ကို ‘ဖော့’ တွေးထားတာ တွေ့ရသည်။ အလွန်အမင်းခွဲခြားဆက်ဆံခံရသော အနေအထားမျိုးမှလွဲ၍ ကျန်သောအကြောင်းတရားများမှာ ‘နိုင်ငံသားမဟုတ်သူများ’ နှင့် ‘နိုင်ငံသား၊ တိုင်းရင်းသား’ များ၏ အခွင့်အလမ်းရရှိမှုအခြေအနေ မတူညီတတ်ခြင်းကို ကော်မရှင်အနေဖြင့် ရှင်းရှင်းလင်းလင်း ချပြနိုင်ဖို့လိုသည်။ အခြေအနေမတူညီသော လူ့အဖွဲ့အစည်းနှစ်ခုကို ‘တန်းညှိ’ ယူချင်လို့ မဖြစ်နိုင်ပါ။ သည်အချက်ကလည်း ပြည်တွင်းဝေဖန်မှုကို မြင့်တက်စေခဲ့ပါသည်။

အစိုးရ ဘယ်လိုအကောင်အထည်ဖော်မလဲ

ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ကော်မရှင်၏ အစီရင်ခံစာ ကတော့ ကမ္ဘာသိ ဖြစ်သွားခဲ့ပြီ။ ပြည်တွင်းကရော ပြည်ပကပါ စောင့်ကြည့် နေတာကတော့ အစီရင်ခံစာကို အစိုးရ၏အကောင်အထည်ဖော်မှု ပုံစံ အနေအထားပင်ဖြစ်သည်။ ဆိုရလျှင် ပြည်တွင်းမှ သဘောထားများနှင့် ပြည်ပမှအမြင်များ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်နေသော ဤ အရေးကို အစိုးရ ဘယ်လိုဖြေရှင်းမလဲ ဆိုသော မေးခွန်းကို အားလုံးက အထူးစိတ်ဝင်စားနေကြသည်။

အစိုးရအနေနှင့် ကော်မရှင်စတင်ဖွဲ့စည်းချိန်ကလည်းကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သလို ကော်မရှင်၏အစီရင်ခံစာ ထွက်ရှိလာချိန်တွင်လည်း ပြည်တွင်းမှ စိုးရိမ်ချက်များ ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပြန်ပါသည်။ သို့သော် ဤအစီရင်ခံစာအတိုင်းသာ အကောင်အထည်ဖော်မည်ဟူ၍လည်း နိုင်ငံတကာကို အကြိမ်ကြိမ်ကတိပေးပြီး ဖြစ်နေသည်။ ထို့ကြောင့် အစီရင်ခံစာကို အစိုးရ၏ အကောင်အထည်ဖော်မှု အနေအထားအပေါ် အားလုံးက စောင့်ကြည့်နေကြပါသည်။

ကော်မရှင်အစီရင်ခံစာ၏ အနေအထားအရ အမှန်တကယ် အကောင်အထည်ဖော်သင့်သော အချက်အလက်များလည်းများစွာ ပါရှိပါသည်။ ဥပမာ – လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးဖို့ကိစ္စ၊ ၈၂ နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များမှာ အကောင်အထည်ဖော်ဖို့ မခက်ခဲနိုင်သည့်ကိစ္စများဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အကြံပြုထားသောကိစ္စများမှာလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည့်ကိစ္စများ ဖြစ်ပါသည်။ သို့သော် ၈၂ နိုင်ငံသားဥပဒေပြင်ဆင်ရေး၊ လူ့အဖွဲ့အစည်းများ အကြား ပေါင်းစည်းရေး၊ ဒေသတွင်းလွတ်လပ်စွာ သွားလာနိုင်ရေး အစရှိသည့်အချက်များမှာ ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်တွင်းမှ အများစု၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အသေအချာ စဉ်းစားသင့်ပါသည်။

နိဂုံး

အချုပ်ဆိုရလျှင် ကော်မရှင်၏အစီရင်ခံစာတွင် သမိုင်းအချက်အလက်များကို လျှော့ချတွက်ချက်ထားပြီး ပြဿနာပြေလည်ရေးအတွက် နှစ်ဖက်အခွင့်အရေး မျှမျှတတရှိဖို့ကိုသာ ဦးစားပေးစဉ်းစားခဲ့ပုံရသည်။ နိုင်ငံတကာပြဿနာတစ်ခုလိုတွေးပြီး ပြည်တွင်းဒေသခံတို့၏ ဆန္ဒ၊ သဘောထား၊ အသံများကို သိပ်ထည့်မတွက်ခဲ့သည့်အတွက် အစီရင်ခံစာထွက်ပေါ်လာသည့်အခါ ပြည်တွင်းမှ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းလည်းဖြစ်ပါသည်။ အချို့သောအချက်တွေမှာ ကောင်းမွန်သည့်အကြံပြုမှုများဖြစ်သော်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့မဖြစ် နိုင်သည်များလည်း ရှိပါသည်။ ဥပမာ – လူ့အဖွဲ့အစည်းများအကြား သဟဇာတ ဖြစ်ဖို့ဆိုသည်မှာ အလွန်ကောင်းမွန်လှသော ရည်ရွယ်ချက် ဖြစ်သော်လည်း ဤမျှအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ထားသော အခြေအနေတွင် တစ်ဖက်နှင့်တစ်ဖက် ချစ်ကြည်ရင်းနှီးမှုရှိဖို့ဆိုသည်မှာ မည်သို့မျှ မလွယ်ကူနိုင်ပေ။ နောက်သမိုင်းအဖြစ်အပျက်များနှင့် အတိတ်၏ စိတ်ဒဏ်ရာများက တငွေ့ငွေ့လောင်နေသော ဖွဲမီးကဲ့သို့ပင် အနာများမှာ သွေးမတိတ်နိုင်ကြသေးပေ။ သမိုင်းကို ဖယ်ထုတ်လို့ မရ။ သမိုင်းမှာ ခံစားချက်ရှိသည်။ ခံစားချက်တွေက အဖြစ်အပျက်တွေကို ပြဋ္ဌာန်းနေသည်။ ကော်မရှင်အနေဖြင့် နိုင်ငံတကာအရေး အတွေ့အကြုံရှိသူများပီပီ ‘နိုင်ငံတကာအမြင်’ ကိုအခြေခံ၍သာ ပြဿနာကို ကိုင်တွယ်ထားသည့်ပုံစံမျိုး ဖြစ်နေသည်။ ယင်းသည်ပင် ပြည်တွင်းက စိတ်ခံစားမှု များကို မျက်ကွယ်ပြုသလို ဖြစ်ခဲ့ရခြင်းလည်း ဖြစ်သည်။ ]အဖြေ} ဆို သည်မှာ အားလုံးကြိုက်ဖြစ်ဖို့တော့ မလွယ်ကူနိုင်မှန်း နားလည်ပါသည်။ သို့သော် သမာသမတ်ကျဖို့လိုသည်။ ပြဿနာဖြစ်ပေါ်နေသော နှစ်ဖက်အကြား သမာသမတ်ကျမှုဆိုသည်မှာ မည်သည့်ဘက်ကိုမှ ထိခိုက်နစ်နာ စေခြင်းမရှိသော အဖြေရှာမှုမျိုးပင်ဖြစ်ပါသည်။ ပြဿနာကိုဖြေရှင်းသည် ဟုဆိုရာတွင် အဖြေသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း၏ အကျိုးစီးပွားကိုသာ ဇောင်းပေးသလိုမျိုး ဖြစ်ခဲ့လျှင် … ထိုအဖြေသည်ပင် ပြဿနာကြီးတစ်ခုကို ထပ်မံသယ်ဆောင်လာတတ်ပါသည်။

နောက်ဆုံးတော့ အစိုးရ၏ ပါးနပ်သောအကောင်အထည်ဖော်မှုပုံစံသည်သာ အပြီးသတ်အဖြေ ဖြစ်လာပါလိမ့်မည်။ ပြည်တွင်းက ရပ်ခံချက်နှင့် ပြည်ပမှ အမြင်သဘောထားများအကြား အစိုးရအနေဖြင့် လှလှပပ ကစားပြနိုင်ဖို့လိုသည်။ ‘လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု’ ဟူသော စံနှုန်းကျင့်ဝတ်ကိုလည်း ပယ်သလိုမဖြစ်ရအောင်၊ ပြည်တွင်းမှ အခြေအနေနှင့် ‘အမျိုးသားအကျိုးစီးပွား’ ကိုလည်း မထိခိုက်ရအောင် စနစ်တကျ အကောင်အထည်ဖော်တတ်ဖို့ လိုပါသည်။ ပြည်တွင်းမှ တစ်ဖက်ပိတ်ရပ်ခံမှုများအပေါ် နားလည်မှုရလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပြည်ပမှ မတရားသဖြင့် ချောက်တွန်းဖိအားပေးမှုများကိုလည်း မှန်ကန်သောလုပ်ရပ်များဖြင့် သက်သေပြကာ ဖယ်ရှားပစ်နိုင်ဖို့ လိုပါသည်။ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆုံးတာဝန်ခံသူဖြစ်သော အစိုးရအနေနှင့် အလျင်အနှေး၊ အလေးအပေါ့ကို ချိန်ဆလုပ်ဆောင်နိုင်ပါစေကြောင်း တင်ပြလိုက်ရပါပေသည်။

 

ဝင်းကို

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *