မြန်မာ့ပဲမျိုးစုံကဏ္ဍ ဆက်လက်ဖွံ့ဖြိုးရန် အလားအလာရှိသော မဟာဗျူဟာ

မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံခြားတင်ပို့ရောင်းချမှုများသည် ဆယ်စုနှစ် နှစ်ခုကျော်ခန့် မြန်မာနိုင်ငံနှင့်တကွ မြန်မာတောင်သူဦးကြီးများ၏ အကျိုးစီးပွားအတွက် များစွာအထောက်အကူပြုခဲ့ပေသည်။ ကုန်ပစ္စည်းတစ်ခုကို နိုင်ငံတကာသို့ တင်ပို့ကာ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ခိုင်မာသောဈေးကွက်ရရှိရန်မှာ လွန်စွာအရေးကြီးလှပေသည်။ ခိုင်မာသော ဈေးကွက်ရရှိရန် စားသုံးသူကြိုက်နှစ်သက်သည့် အရည်အသွေးကို မိမိက အာမခံနိုင်ရပေမည်။ ထို့ပြင် ကာလတို/ကာလရှည် စာချုပ်ကတိကဝတ်များ ချုပ်ဆိုပြုလုပ်ထားရန်လည်း လွန်စွာအရေးကြီးလှပါသည်။ မြန်မာသည် နှစ်နိုင်ငံပေါင်းလျှင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိနေ သည်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများပြုလုပ်ရန် တကယ့်အချက်အချာကျသော မဟာဗျူဟာမြောက်သည့်နေရာတွင် တည်ရှိနေသည်ဟု သုတေသီအများစုက ထောက်ပြကြသလို ထိုအချက်ကို ကောင်းစွာ အသုံးမချနိုင်ပါက အဆိုပါအင်အားကြီးနိုင်ငံများ ပြုသမျှနုရမည့်အနေအထားတွင် ရှိနေပါသဖြင့် အချက်ကောင်းကို မိမိတို့ အားသာချက်အဖြစ် အသုံးပြုနိုင်ရန် လေ့လာသင့်ကြပါသည်။

ကုန်ပစ္စည်းများကို ဈေကွက်သို့ တင်ပို့ရောင်းချရန်မှာ ဝယ်လိုအားနှင့် ရောင်းလိုအား (Demand and Supply) တို့သာမက အခြားအရေးကြီးအချက်အလက်များဖြစ်သည့် ရာသီဥတုအခြေအနေ၊ စားသုံးသူများကြိုက်နှစ်သက်မှု၊ စားသုံးသူများ၏ စီးပွားရေးအဆင့်အတန်း၊ ဖောက်သည်နိုင်ငံ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေး/စီးပွားရေးမူဝါဒ အပြောင်းအလဲအားလုံးကို ထည့်သွင်းတွက်ချက်ရပါမည်။ မြန်မာပြည်၏ ပဲမျိုးစုံပို့ကုန်များအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲတို့သည် ထိပ်ဆုံးမှ ပါဝင်နေပေသည်။

၁၉၉၉ မှ ၂၀၁၀ အထိ ပဲမျိုးစုံတင်ပို့မှု ကိန်းဂဏန်းများကို လေ့လာကြည့်သော် အချို့နှစ်များတွင် စုစုပေါင်းထုတ်လုပ်မှု၏ ၃၉ ရာခိုင်နှုန်းခန့်ထိ တင်ပို့ခဲ့ကြသည်ကိုတွေ့ရပြီး ၂၀၁၅/၁၆ စာရင်းများအရ မြန်မာနိုင်ငံသည် ပဲစိုက်ပျိုးထုတ်လုပ်မှုပမာဏ၏ ၁၉ ရာခိုင်နှုန်းကျော်ကို တင်ပို့နေဆဲ ဖြစ်သည်ကို တွေ့ရပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အဓိက ဝယ်ယူတင်သွင်းသည့် အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းနှင့် ကုလားပဲများကို သွင်းကုန်ပမာဏ အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ရှိသော ကုန်စည်များအဖြစ် သတ်မှတ်လိုက်သောအခါ ပဲစိုက်ပျိုးသော တောင်သူကြီးများနှင့် ပဲမျိုးစုံကို ပြည်ပတင်ပို့ရောင်းချနေသော ကုန်သည်ကြီးများ များစွာ ထိခိုက်နစ်နာရပါသည်။ (ဇယားတွင်ကြည့်ပါ)

အိန္ဒိယနိုင်ငံမှ အဆိုပါမူဝါဒသို့ ပြောင်းလဲကျင့်သုံးမည်ဟု ကြားသိရသည်နှင့် တစ်ပြိုင်နက် အစိုးရပိုင်းမှ သက်ဆိုင်ရာဝန်ကြီးဌာနများ အရေးပေါ်အစည်းအဝေးများခေါ်ယူကာ ပြသနာကို မည်သို့ဖြေရှင်းကြမည်ဟု ဆွေးနွေးအဖြေရှာကြသည်များကို သတင်းများအရ ကြားသိနေရပါသည်။ သို့ပါသော် အိန္ဒိယနိုင်ငံနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ဆွေးနွေးညှိနှိုင်းသွားမည်၊ လာမည့်ပဲရာသီတွင် ပဲသီးနှံအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်သွားမည်၊ ပြည်တွင်းဈေးကွက် ဖော်ဆောင်ရန် ပဲစားပွဲတော်ကျင်းပမည်၊ ရေးဆွဲအတည်ပြုပြီးဖြစ်သော လယ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေအရ တောင်သူများအား နစ်နာမှုမရှိစေရန်ကူညီသွားမည် စသည့် ရေတိုဖြေရှင်းနည်းများ၊ အရေးပေါ်ဖြေရှင်းနည်းများဖြင့်သာ ဆွေးနွေးပွဲများ အဆုံးသတ်သွားသည်ကို သတင်းများတွင် တွေ့နေရပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ပဲစားသုံးမှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး အဓိက ပဲစိုက်ပျိုးထုတ်လုပ်သောနိုင်ငံလည်း ဖြစ်ပါသည်။ ဥပမာ – ကမ္ဘာ့ပဲစင်းငုံ၏ ၉၀ ရာခိုင်နှုန်းကို အိန္ဒိယက စားသုံးနေပြီး နှစ်စဉ်တန်ချိန် သုံးသိန်းမှ လေးသိန်းအထိ တင်သွင်းနေရပါသည်။ အိန္ဒိယပဲစင်းငုံတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ နှစ်စဉ်ဝယ်ယူနေကျ ဖြစ်ပါသည်။ သို့ပါသော် အိန္ဒိယတောင်သူများအကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှတင်သွင်းမှုကို တန်ချိန်နှစ်သိန်းထိ ကန့်သတ်လိုက်သည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှလည်း မိမိတို့တောင်သူများ အကျိုးစီးပွားအတွက် ဝယ်လိုအားထက်ပိုမို၍ မထုတ်လုပ်မိရန် ပဲစင်းငုံအထူးဇုန်များ သတ်မှတ်၍ ကန့်သတ်စိုက်ပျိုးရန် အစီအစဉ်များ အမြန်ချမှတ်ရပေမည်။

မြန်မာနိုင်ငံသည် စပါးကို အဓိကထားစိုက်ပျိုးနေသော နိုင်ငံဖြစ်ပြီး စပါးစိုက်ဧရိယာမှာ ဧက ၁၄ သန်းခန့်ရှိကာ ပဲမျိုးစုံစိုက်ဧရိယာမှာ ဧက ၁၁ သန်းကျော်ရှိနေသလို ပြည်ပတင်ပို့မှုတွင် ပဲမျိုးစုံမှဝင်ငွေမှာ ထိပ်ဆုံးမှ ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

(ပုံ – ၁ တွင်ကြည့်ပါ)

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ အမျိုးနှစ်ဆယ်ခန့် စိုက်ပျိုးနေသော်လည်း အဓိကစိုက်ပျိုးသော ပဲများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ ထောပတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ ကတ္တီပါပဲ စသည်တို့ဖြစ်သည်။ ယင်းတို့အနက် နိုင်ငံခြားငွေအဓိက ရှာဖွေပေးသော ပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ဖြစ်ရာ ယခုအိန္ဒိယမှ ကန့်သတ်လိုက်သော အဓိကပဲများဖြစ်နေပါသည်။ စိုက်ဧရိယာအားဖြင့်လည်း မတ်ပဲကို စိုက်ဧက ၂ ဒသမ ၈ သန်းခန့်၊ ပဲတီစိမ်း ကို ဧက ၃ ဒသမ ၀ သန်းခန့်နှင့် ပဲစင်းငုံကို ဧက ၁ ဒသမ ၆ သန်းခန့် စိုက်ပျိုးနေပေရာ လိုအပ်သောအစီအစဉ်များကို အချိန်မီအမြန်ဆောင်ရွက်သင့်လှပါသည်။

ဝယ်လိုအားရှိသလောက်သာ စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး မည်သည့်ဒေသများသည် ပဲမျိုးစုံသီးနှံအတွက် ကုန်ကျစရိတ်နှင့် ပြန်ရချက်အချိုး (Benefit Cost Ratio, BCR) အကြီးဆုံးဖြစ်သည်။ တစ်နည်းအားဖြင့် အမြတ်အများဆုံးနှင့် တွက်ခြေအကိုက်ဆုံးဖြစ်သည်၊ မည်သည့်ဒေသများသည် နှိုင်းယှဉ်သာရည် (Comparative Advantage) အမြင့်ဆုံးဖြစ်သည် စသည့်အချက်များကို ထည့်သွင်းတွက်ချက်ပြီး အဆိုပါဒေသများတွင် ပြည်ပဝယ်လိုအားရှိသလောက် အထွက်နှုန်းနှင့် ဧရိယာကိုတွက်ချက်ပြီး စီမံကိန်းချကာ စိုက်ပျိုးသင့်ပါသည်။ ဝယ်လိုအားထက်ကျော်လွန်စိုက်ပျိုးထုတ်လုပ်မိပါက ဈေးနှုန်းကျဆင်းသောဒဏ်ကို ခံရမည်ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ပဲတင်ပို့သောနိုင်ငံများကို လေ့လာကြည့်ပါက အိန္ဒိယသို့အများဆုံး (၆၆ ရာခိုင်နှုန်း) ခန့် တင်ပို့ရောင်းချနေသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယစားသုံးသူများသည် အရည်အသွေးသတ်မှတ်ချက် အလွန်မမြင့်မားသလို အရောင်းအဝယ်စာချုပ်များ ကြိုတင်ချုပ်ဆိုထားသည့် စနစ်မရှိဘဲ ကုန်သည်များအချင်းချင်း ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာ လွယ်လွယ်ကူကူတင်ပို့နိုင်သောကြောင့် ဖြစ်ပေသည်။ သို့ပါ၍ အဓိကဈေးကွက်တစ်ခုတည်းကို မှီတည်နေရာမှ ပုံတွင်ဖော်ပြထားသော အခြားဖောက်သည်နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေးကိုလည်း အရေးတကြီး ဆောင်ရွက်ရပေမည်။ ဥပမာ- ဂျပန်နိုင်ငံသို့ အရည်အသွေးမြင့်ပဲများကို ဂျပန်စားသုံးသူများ လိုအပ် ချက်နှင့်အညီ စာချုပ်များချုပ်ဆို တင်ပို့ရောင်းချနိုင်ပါမူ တည်ငြိမ်သော ဈေးကွက်တစ်ခုကိုရရှိနိုင်သလို ဈေးအမြင့်ဖြင့်လည်းတင်ပို့ရောင်းချ နိုင်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ပဲမျိုးစုံကို မိမိနိုင်ငံလိုအပ်ချက်၏ ၂၁ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ပြီး ဂျပန်နိုင်ငံသို့ အဓိကပဲတင်ပို့သော နိုင်ငံများမှာ အမေရိကန်၊ ကနေဒါ၊ တရုတ်နှင့် ဩစတြေးလျနိုင်ငံတို့ ဖြစ်ကြပါသည်။ ဂျပန်နိုင်ငံသို့တင်ပို့လိုပါက ဂျပန်နိုင်ငံမှ ချမှတ်ထားသော အခြေခံလိုအပ်ချက်များဖြစ်သည့် စားသုံးသူများအတွက်လုံခြုံစိတ်ချရမှု (Food Safety)၊ တစ်စုံတစ်ခု မသင်္ကာဖွယ်ဖြစ်ပါက နောက်ကြောင်းပြန်လိုက်နိုင်မှု (Traceability of supply chain)၊ ပတ်ဝန်းကျင်မထိခိုက်သောနည်းများဖြင့် ထုတ်လုပ်ထားခြင်း (Environmentally friendly practices) စသည့်အချက်များကိုတော့ လိုက်နာပြီး အာမခံကာ ထုတ်လုပ်နိုင်ရပါမည်။ သို့ပါ၍ ဂျပန်နိုင်ငံကဲ့သို့ လိုအပ်ချက်မြင့်မားသော ဈေးကွက်များသို့ စတင်ဝင်ရောက်နိုင်ရန် သို့မဟုတ် ဈေးကွက်ထိုးဖောက်နိုင်ရန်မှာမူ လတ်တလောချက်ချင်း မဖြစ်နိုင်သေးပါသဖြင့် တောင်သူပညာပေးလုပ်ငန်းများ နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများကို စီမံကိန်းရေးဆွဲချမှတ်ကာ ၂ နှစ်၊ သုံးနှစ်အတွင်း ဈေးကွက်ဖြင့် ချိတ်ဆက်ဆောင်ရွက်သင့်ပါသည်။ (ပုံ – ၂ တွင်ကြည့်ပါ)

ထို့ပြင် ယခုလက်ရှိ ပဲတီစိမ်းနှင့် မတ်ပဲစိုက်ပျိုးနေသော တိုင်းနှင့် ပြည်နယ်များတွင် ပဲပုတ်သီးနှံကို အစားထိုးစိုက်ပျိုးနိုင်ခြင်း ရှိ မရှိ ဆန်းစစ်၍ ဖြစ်နိုင်ခြေရှိသောဒေသများတွင် ပဲပုတ်ကို အစားထိုး စိုက်ပျိုးကာ သီးနှံပုံစံပြောင်းသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် စားသုံးဆီကို ပြည်တွင်းစားသုံးရန် လုံလောက်အောင် မထုတ်လုပ်နိုင်သေးသောကြောင့် ဆီအုန်းဆီများကို နှစ်စဉ်တန်ချိန် နှစ်သိန်းခန့် တင်သွင်းနေရပါသည်။ အဆိုပါ ငွေယိုပေါက်ကို ဖာထေးနိုင်ရန် ယခုလက်ရှိစိုက်ပျိုးလျက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့အပြင် ပဲပုတ်မှလည်း စားသုံးဆီထုတ်လုပ်ရန် ကြိုးပမ်းသင့်ပါသည်။ ပဲပုတ်သည် နေရာဒေသအတော်များများနှင့် အတော်အသင့်ကောင်းမွန်သော မြေနှင့် ရာသီဥတုရှိသောဒေသတိုင်းတွင် အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ပဲပုတ်မှ ထုတ်လုပ်နိုင်သော အခြားစား သုံးကုန်များတွင် ပဲနို့သည် ပြည်တွင်းဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သော စားသုံးကုန်ဖြစ်ပါသည်။ ပဲပုတ်ကို ဆီကြိတ်၍ ကျန်သော ကြိတ်ဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်သလို တင်ပို့ ရောင်းချ၍လည်းရပါသည်။ အရည်အသွေးညံ့သောပဲပုတ်ကို ဆီကြိတ်ကာ စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါသေးသည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံသည် ပဲပုတ် အတွက်နှစ်စဉ် ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁ ဒသမ ၃၅ သန်း ရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၀ ဒသမ ၃၅ သန်း သာဖြစ်သဖြင့် နှစ်စဉ်တန်ချိန်တစ်သန်းခန့် လိုအပ်နေသည်ဖြစ်သဖြင့် ထိုင်းအစိုးရက ပဲပုတ်ကို အခွန်ကင်းလွတ်ခွင့်အပြည့်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားပါသည်။ သို့ပါ၍ မြန်မာနိုင်ငံ၏ ပဲမျိုးစုံကဏ္ဍတွင် မတ်ပဲ၊ ပဲတီစိမ်းတို့နေရာတွင်လည်း ပြည်ပဝယ်လိုအားရှိသလောက်သာ စိုက်ပျိုးပြီး ပဲပုတ်ကို အလျင်အမြန်အစားထိုးပြီး ထိုင်းကဲ့သို့သော ဈေးကွက်များသို့ အသစ်ချဲ့ထွင်ကာ တင်ပို့သင့်ပါသည်။ ထို့ပြင် မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နေ ရသော နိုင်ငံအဖြစ်မှ တန်ဖိုးမြှင့်ကုန်စည်များအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ မထိုးဖောက်နိုင်သေးခင် မိမိတင်သွင်းစားသုံးနေရမှု လျော့နည်းသက်သာစေသော သွင်းကုန်အစားထိုးမူဝါဒများကို အလျင်အမြန်ချမှတ်ကာ စိုက်ပျိုးရေးထွက်ကုန်များအတွက် တည်ငြိမ်သော ဈေးကွက်ရရှိရေးအတွက် မဟာဗျူဟာများ အလျင်အမြန် ချမှတ်ဆောင်ရွက်နိုင်ပါက မြန်မာတောင်သူများအရေး ရင်အေးဖွယ်ရှိသည်ဟု မျှော်လင့်မိပါသည်။

 

ဆရာမ ‘ပု’

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *