သူဌေးကြီးများ ဒုက္ခ

ဒီနှစ်ရန်ကုန်မိုးကတော့ မပြီးနိုင်တော့ဘူး ခင်ဗျား။

သီတင်းကျွတ်ခဲ့ပြီဖြစ်ပေမယ့် မိုးကရွာနေတုန်း …။

သန်လျင်ဘက်မှာရွာနေခဲ့တာ လေးရက်လောက် ရှိသွားပါပြီ။

ဆောင်းဦးမှာရွာတဲ့မိုးဆိုတော့ သိပ်အေးပါတယ်ခင်ဗျား။ အအေးမိသူ … ဖျားသူ … နှာစေး ချောင်းဆိုးဖြစ်နေသူတွေ အလွန်ပေါလှပါတယ်။

ကျွန်တော် စဉ်းစားကြည့်ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ဒီလိုဆောင်းဦးမျိုးသာဖြစ်နေရင် ဘယ်လိုနေထိုင်ကြမှာလဲ။
ပင်လယ်ကွေ့ရဲ့ ဘေးမှာရှိတဲ့ ဒေသဆိုတော့ ပင်လယ်လေပြင်းကလည်း အမြဲတိုက်နေမယ်။
ဆောင်းက အေး …။
မိုးကရွာ …။
အမိုးအကာတွေက မလုံ …။
အခြားပြဿနာမျိုးစုံကလည်း သောင်းခြောက်ထောင်နဲ့ဆိုတော့ … စာဖတ်သူ … ဒီလူတွေရဲ့ဒုက္ခကို သင်စဉ်းစားကြည့်ပါ။
ဘယ်လောက် ဆင်းရဲကြမှာလဲ။
စဉ်းစားကြည့်ပါ။

၂၀၁၂ ခုနှစ် … အဲ … သမ္မတ ဦးသိန်းစိန်လက်ထက်က တငွေ့ငွေ့စခဲ့တဲ့မီးက ဒီနေ့အထိ မငြိမ်းနိုင်သေးပါဘူး။
မြောက်ဘက်မီးကို သတ်လိုက် …၊
တောင်ဘက်မီးက ပြန်လောင်လိုက် …။
အရှေ့ဘက်က မီးကိုသတ်လိုက် …၊ အနောက်ဘက်က မီးက ပြန်လောင်လိုက် ….။
၂၀၁၅ ခုနှစ်မှာ အစိုးရသစ်တက်လာတဲ့အတွက် အခြေအနေ ပြန်တည်ငြိမ်သွားမယ်လို့ ကျွန်တော် ထင်ခဲ့မိပါတယ်။
မထူးလှပါဘူး။
ကြည့် …။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတာနဲ့ ရခိုင်မှာအမတ်အများစု အနိုင်ရလိုက်တဲ့ ANP ပါတီက … “ရခိုင်ပြည်နယ်အစိုးရဟာ ANP ပါတီဦးဆောင်တဲ့ အစိုးရပဲဖြစ်ရမယ်။ သူတို့ကိုပဲ ဦးဆောင်ဖွဲ့စည်းခွင့်ပေးပါ” ဆိုပြီး တောင်းဆိုလိုက်တယ်။ မပေးခဲ့ရင် ပြည်ထောင်စုအစိုးရ ကို အတိုက်အခံလုပ်မယ်ပေါ့ဗျာ။

နောက် … ဘာတွေဖြစ်လာလဲ။

တစ်နိုင်ငံလုံး သိနေကြတဲ့ပြဿနာကြီးဖြစ်နေတဲ့အတွက် ကျွန်တော်ဘာမှမရေးချင်တော့ပါဘူး။

ဒီနေ့ကတော့ ရခိုင်ပြဿနာက အထွတ်အထိပ်ရောက်နေပြီပေါ့ ခင်ဗျား။

ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးအဖြေရှာရတဲ့အဆင့် ဖြစ်နေပါပြီ။

ကျွန်တော့်ရင်ထဲမှာတော့ ရန်သူရဲ့ကျော့ကွင်းအတွင်းကို ဝင်မိပြီး ဖြစ်နေသလိုပါပဲ။

ဒီနေ့ … ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ကြမှာလဲ။

ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုပါဝင်သင့်ပါသလဲ။

အဖြေက တစ်ခုပဲရှိပါတယ်။

ဒီနေ့ ရူးမတတ် … အမျိုးမျိုးခေါင်းခြောက်ခံပြီး ကိုင်တွယ်ဖြေရှင်းပေးနေကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ အခြားပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းအမျိုးမျိုးကို မိမိတတ်နိုင်သလောက် အကူအညီပေးကြဖို့ပါပဲ။

ဘယ်သူ့ကိုမှ အမုန်းစကားမပြောစေချင်ပါဘူး။

ပြဿနာတစ်ခုဟာ မဖြစ်ခင်အချိန်မှာပဲ တားဆီးလို့ ရနိုင်ပါတယ်။

ဖြစ်ပြီးတဲ့နောက်မှာတော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ပိုမဆိုးအောင်နဲ့ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားလို့ရနိုင်ပါတော့တယ်။

စဉ်းစားတတ်သူတွေသာ မြင်နိုင်တဲ့ ရန်သူ့ကျော့ကွင်းကြိုးတွေကို ပြန်ဖြတ်တောက်ပစ်ရပါမယ်။

ဒီလိုကြိုးစားဖြေရှင်းကြရတဲ့အခါမှာလည်း ချက်ချင်းကိုင်တွယ်ဖြေရှင်းရမယ့်ပြဿနာနဲ့ ရေရှည်အချိန်ယူဖြေရှင်းရမယ့်ပြဿနာဆိုပြီး နှစ်မျိုး သတ်မှတ်လိုက်ရပါတယ်။

ဒီနေ့ ချက်ချင်းဖြေရှင်းရမယ့်ပြဿနာတစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်နေတဲ့ မြန်မာနိုင်ငံဘက်ကပြေးသွားတဲ့ ဘင်္ဂါလီတွေ ပြဿနာပေါ့ခင်ဗျား။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးရှိပါတယ်။

မျှော်လင့်ထားတာထက် ပိုများနိုင်ပါတယ်။

ပထမဆုံးပြဿနာက ငွေပေါ့ခင်ဗျား။

ငွေမရှိဘဲ ဒီလူတွေကို ဘယ်လိုပြန်ခေါ်မှာလဲ။

ဒီနေ့ NLD အစိုးရရဲ့ဘတ်ဂျက်မှာ ဘီလီယံနဲ့ချီပြီး လိုငွေပြနေပါတယ်။

သူတို့မှာ ငွေမရှိပါဘူး။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က တီဗီမှာ မိန့်ခွန်းတစ်ခုခြွေပြီး ပြည်သူကို အကူအညီတောင်းရပါတယ်။ အလှူခံရပါတယ်။

ဒါပေမဲ့ ပြည်သူအများစုကလည်း လှူနိုင်တဲ့ငွေ မရှိပါဘူး။

ဒါကြောင့် ချက်ချင်းဖြစ်နိုင်မယ့်၊ ငွေရရှိနိုင်မယ့် မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလို့ နာမည်ကြီးနေတဲ့ သူဌေးကြီးတွေကိုခေါ်ပြီး အလှူခံရတာပေါ့ခင်ဗျား။

အံ့ဩစရာပါပဲ။

ကျွန်တော် သူတို့ ဒီလောက်လှူကြလိမ့်မယ်လို့ မထင်ထားပါဘူး။

ကျပ်ငွေစုစုပေါင်း ၁၇ ဒသမ ၇ ဘီလီယံရလိုက်ပါတယ်။

အများဆုံးထည့်ဝင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်ကတော့ ဦးအောင်ကိုဝင်းပါ။ ကမ္ဘောဇကုမ္ပဏီ ပိုင်ဆိုင်သူပါ။

သူလှူတဲ့ကျပ်ငွေပမာဏက ကျပ်ငွေသုံးဘီလီယံရှိပါတယ်။

ကျန်သူဌေးကြီးတွေကလည်း လှူကြပါတယ်။ သူ့လောက်မများပေမယ့် ကျပ်ငွေ ၁ ဒသမ ၅ ဘီလီယံအထိ လှူတဲ့လူတွေလည်း ရှိပါတယ်။

တစ်ဘီလီယံလှူတဲ့လူတွေလည်း ရှိပါတယ်။

ပါဝင်လှူဒါန်းခဲ့သူ မြန်မာသူဌေးကြီးတွေအားလုံးကို ကျွန်တော် ဂုဏ်ယူပါတယ်။ ကျေးဇူးတင်ပါတယ်။ မေတ္တာပို့ပါတယ်။

အဲ … ဒါပေမဲ့ …။

ရယ်ရတယ်ခင်ဗျာ။

ဒီနေ့မနက်အစောကြီး အိပ်ရာကကျွန်တော်မနိုးခင်မှာ ညီငယ်ကိုမိုးဝင်းမောင်ဆီက မက်ဆေ့ခ်ျတစ်ခုဝင်လာပါတယ်။

မက်ဆင်ဂျာကပို့လိုက်တဲ့ ဗီဒီယိုအသံဖိုင်ပါ။

အသံရှင်ကတော့ ကျပ်ငွေ တစ်ဘီလီယံလှူဒါန်းခဲ့တဲ့ အလှူရှင်သူဌေးကြီး ဦးကိုကိုထွေးပါ။

ဒီပုဂ္ဂိုလ်ကို စစ်အစိုးရခေတ် … ကိုထွန်းကြည် (ဒုတိယဗိုလ်ချုပ်ကြီး) ကုန်သွယ်ရေးဝန်ကြီးဖြစ်စဉ်က ကိုထွန်းကြည်ရုံးခန်းမှာ နှစ်ကြိမ် သုံးကြိမ်လောက် ဆုံဖူးပါတယ်။ သူမှတ်မိဦးမယ်လို့ ထင်ပါတယ်။

သူ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်ကြည့်လိုက်တော့ သိပ်ကောင်းတယ်ခင်ဗျား။ အင်တာဗျူးမှာ သူပြောခဲ့တာတွေလို့ ယူဆရပါတယ်။

ဒီဆောင်းပါးက သူပြောခဲ့တဲ့စကားတွေကို ပြည်သူအများ အပြည့်အစုံ ကြားသိခွင့်ရအောင် ကျွန်တော် ရေးလိုက်တာပါ။

ဒီနေ့ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားအမှန်တွေလို့ဆိုရင် မမှားပါဘူး။

“အမှန်ကိုပြောရရင် ဘူးသီးတောင်နဲ့ မောင်တောဒေသကို မပြောနဲ့။ ရခိုင်ပြည်နယ်ကိုတောင် ကျွန်တော်မရောက်ဖူးပါဘူး။ သံတွဲလောက်ပဲ ရောက်ခဲ့ဖူးတာပါ။ ဒါပေမဲ့ … ဟိုတစ်လောက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်တော်တို့ လုပ်ငန်းရှင်ကြီးတွေကို ခေါ်တွေ့တော့ ပြောခဲ့ပါတယ်။ ပြည်တွင်းအားနဲ့ပဲ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို ပြန်လည်တည်ဆောက်မယ်တဲ့။ အမှန်ကိုဝန်ခံရရင် ဒီနေ့ကျွန်တော့်မှာ ငွေမရှိပါဘူး။ အလွန်ကြီးမားတဲ့ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အတွက် တကယ်လိုအပ်လို့ အလှူခံနေတာဖြစ်တော့ မငြင်းနိုင်တော့ပါဘူး။ ကျပ်ငွေသိန်းတစ်သောင်းလှူခဲ့ပါတယ်။ လှူစရာငွေမရှိတဲ့အတွက် ကိုယ့်မှာရှိတာတွေ ရောင်းချပြီး လှူဒါန်းခဲ့ရတဲ့အလှူပါ။ နောက် … ဒီဒေသပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စလုပ်တဲ့အခါမှာလည်း ကျွန်တော်တို့အားလုံးကိုပဲ တာဝန်ယူပေးကြပါလို့ ပြောပါတယ်။ ကျွန်တော့်ကိုလည်း အားလုံးက စီးပွားရေးဖွံ့ဖြိုးမှု Task Force ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပါတယ်။ မတတ်နိုင်ပါဘူး။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ဒေသကို သွားရောက်ပြီး ပေးအပ်ခံရတဲ့တာဝန်ကို မဖြစ် ဖြစ်အောင် လုပ်ပေးရပါဦးမယ်။

ပြဿနာက ဒီနေ့မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း မကောင်းပါဘူး။ ဥပမာ – ဆောက်လုပ်ရေးလုပ်ငန်းတွေကိုကြည့် …။ ဘယ်လိုမှ ရှေ့ကို တိုးသွားလို့မရအောင် အားလုံးရပ်ဆိုင်းနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ပထမဆုံး စည်ပင်က ထုတ်ပေးရမယ့် ပါမစ်တွေက အလွန်ကြန့်ကြာပါတယ်။ ဒုတိယအချက်က စီးပွားရေးမကောင်းတဲ့အတွက် တိုက်ခန်းတွေကို အဝယ်မရှိဘူး။ အဝယ်မရှိတဲ့အတွက် ဆောက်နေကြတဲ့ လူတွေကလည်း ဆက်မဆောက်နိုင်ကြဘူး။ ဆက်ဆောက်မယ်ဆိုရင်လည်း ရင်ဆိုင်ရမယ့် အခက်အခဲတွေက အများကြီးရှိပါတယ်။ အဓိကပြဿနာကတော့ ငွေအခက်အခဲပေါ့ ခင်ဗျား။ အဆောက်အအုံဆောက်ဖို့ဆိုတာ ဘဏ်တွေက ငွေချေးရတယ်။ ဘဏ်တွေကို ငွေတိုးပေးရတယ်။ ဒီနေ့ ဘဏ်ငွေတိုးနှုန်းကမြင့်တယ်။ ဒီငွေတိုးပေးဖို့ဆိုတာက လက်ထဲမှာရှိတဲ့ငွေက လည်ပတ်နေမယ်၊ Turn Over ရှိတယ်ဆိုရင် ပြဿနာမရှိပါဘူး။ မလည်ပတ်တော့ဘူးဆိုတာနဲ့ ပြဿနာကတက်ပြီ။ အဆောက်အအုံကို ပြန်ရောင်းဦးလည်း ရောင်းလို့ရမယ့် ငွေပမာဏက ဒီနေ့ဘဏ်အကြွေးကို ကျေအောင်မပေးနိုင်ကြသေးဘူး။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဒီနေ့ပြဿနာအကြီးကြီး ဖြစ်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပြဿနာဖြစ်တော့ ဘာတွေဆက်ဖြစ်လဲ။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်နေတဲ့ အခြားလုပ်ငန်းရှင်တွေလည်း အကုန်ပြဿနာဖြစ်ကုန်ကြတာပေါ့ ခင်ဗျာ။

ဒီနေ့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံးက အရမ်းကိုအေးခဲနေတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရနိုင်ပါတယ်။ ခင်ဗျားတို့ ယုံမှာလား။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ ပေးကြရမယ့်အတိုးတွေ ထုတ်ပေးနေကြရင်းနဲ့ သူတို့လက်ထဲမှာရှိတဲ့ အရင်းတွေပါ ပြုတ်ကုန်ကြပါတယ်။ လက်ထဲကျန်တဲ့ Property တွေကလည်း ရောင်းလို့မရဘူး။ စက်ရုံတွေကလည်း ဒီနေ့အလုပ်သမားပြဿနာအမျိုးမျိုးရှိနေကြတော့ လုပ်ငန်းရှင်တွေက စက်ရုံအလုပ်ရုံတွေကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ ကြောက်နေကြတယ်။ နောက် … ကျွန်တော်တို့ ပေးနေကြရတဲ့ အတိုးနှုန်းကိုလည်းကြည့်ပါဦး။ ပြည်ပနိုင်ငံတွေက လုပ်ငန်းရှင်တွေက ဘဏ်က ငွေချေးမယ်ဆိုရင် ပေးဆောင်ကြရတဲ့ အတိုးနှုန်းက ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကုန်သည်တွေပေးနေကြရတဲ့ ဘဏ်အတိုးနှုန်း က ၁၄ ရာခိုင်နှုန်းရှိပါတယ်။ ကဲ … ဒီတော့ သူတို့နဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ။ နိုင်ငံမှာ ချပေးထားတဲ့ အခြေအနေတွေကို ယှဉ်ပြိုင်ဖို့ တရားမျှတမှုမရှိဘူးပေါ့ဗျာ။ ဒီနေ့ အေအီးစီလို့ခေါ်တဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့ ဖွင့်ချပေးလိုက်တဲအခါကျတော့ ယှဉ်ပြိုင်ကြရတာ Fair Play Ground မဖြစ်တော့ဘူးပေါ့ခင်ဗျား။ ဒါတွေကိုလည်း ပြင်ဆင်ဖို့လိုအပ်သလို ကျွန်တော်တို့လူတွေကလည်း စနစ်တကျနဲ့ကြိုးပမ်းကြဖို့ အများကြီးလိုအပ်ပါတယ်။ စနစ်မကျတဲ့အတွက် အခက်အခဲတွေက အများကြီးဖြစ်လာပါတယ်။ စနစ်ကျဖို့ဆိုတာက အစိုးရပိုင်းကလည်း လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ပေးတာ စနစ်ကျရမယ်။ အလုပ်လုပ်တဲ့ လုပ်ငန်းရှင်တွေကလည်း စနစ်တကျလုပ်ရမယ်။ အလုပ်သမားတွေကလည်း ကြိုးစားရမယ်။ ဒီလိုအားလုံးပြင်လိုက်မှ ဒီနေ့ မြန်မာနိုင်ငံရဲ့စီးပွားရေးက ပြန်ပြီးဦးမော့လာမှာဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ အစိုးရအနေနဲ့ သူတို့မှာ ကူညီချင်တဲ့စိတ်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ကိုင်ကြရမယ်ဆိုတဲ့ တိကျမှန်ကန်တဲ့ မူဘောင်တွေက ဒီနေ့အထိ သူတို့မှာ မရှိသေးဘူး။ ရှိခဲ့ပြီဆိုရင်တော့ အဆင်ပြေပြီပေါ့ဗျာ။ စောင့်ရဦးမယ်။ ခက်တာက အလုပ်ဆိုတာ စလုပ်ခဲ့ပြီဆိုရင် ပြန်ရပ်ထားလို့မရတော့ဘူး။ ဆက်ပြီးတော့ပဲ မဖြစ်ဖြစ်အောင် လုပ်ကြရတော့မယ်။ ဒီတော့ ဘယ်လိုလုပ်ကြမှာလဲ။ လုပ်ပေးသင့်တာက လုပ်ငန်းတွေကို ရွေးရမယ်။ ချက်ချင်းလုပ်ကိုင်လို့ ဖြစ်တာတွေကို လုပ်ကိုင် ခွင့်ချပေးလိုက်ရမယ်။ တစ်နှစ်၊ ၂ နှစ်လောက် ဆောက်လိုက်ကြရလို့ တိုင်းပြည်ပျက်မသွားနိုင်ပါဘူး။ အဲဒါကို စည်ပင်ကမရှိတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ စိတ်တိုင်းကျ ကန့်ကွက်နေတဲ့အခါမှာ ပြဿနာဖြစ်လာတာပေါ့။ တကယ်တော့ ဘာဖြစ်နေလဲ။ ဘာဖြစ်ချင်လဲ။ မျက်နှာချင်းဆိုင်တွေ့ကြပြီးတော့ ဖြေရှင်းလိုက်ကြမယ်ဆိုရင် မြန်မြန်ပြေလည်သွားမှာပေါ့ခင်ဗျား။ တချို့ဟာတွေက ဟိုအရင်တုန်းကရှိခဲ့တဲ့ ပေါ်လစီကြောင့်လို့ ပြောတယ်။ နောက် … အဲဒီအရင်တုန်းက ပေါ်လစီတွေကိုလည်း မသုံးတော့ဘူးလို့ပြောတယ်။ နောက် … ပေါ်လစီအသစ်ဆိုတာလည်း မရှိသေးဘူး။ အဲဒါကြောင့်လည်း ဒီနေ့တော့ အားလုံးဒုက္ခရောက်နေကြပြီပေါ့ ….” တဲ့။

 

ဦးလှဝင်း (လေသူရဲတစ်ဦး)

၂၈-၁၀-၂၀၁၇

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *