ဝယ်သူ ဘုရင်

ဝယ်သူ အမြဲမှန်တယ်ဆိုတာမမှန်ဘူး ငွေခင်ရေဟု ရင်ဖွင့်လာသူတစ်ဦးကတော့ အသေးစားငွေကြေးလုပ်ငန်းရှင် သူငယ်ချင်းဖြစ်သည်။ အောင်မြင်သော ချေးငွေဝန်ဆောင်မှုတစ်ခု၏ အသက်မှာ မိမိ၏ ဖောက်သည်များ သက်သောင့်သက်သာ ပြန်ဆပ်နိုင်စွမ်းရှိသည့် ထိုက်တန်သော ငွေကြေးပမာဏကို မှန်ကန်သော အသုံးချမှုအတွက် ငွေထုတ်ချေးနိုင် ခြင်းဖြစ်ကြောင်း ငွေခင် မကြာခဏရေးခဲ့ဖူးပါသည်။ သူငယ်ချင်း၏ ဖောက်သည်များကတော့ မိမိတို့အမှန်တကယ်လိုအပ်သော၊ ပြန်ဆပ်နိုင်စွမ်းရှိသော ငွေပမာဏထက် ပိုပိုလိုလို ပိုမိုလျှောက်ထားလေ့ရှိကြသဖြင့် မလိုအပ်ဘဲ ဝန်ပိကာ၊ ကြွေးဒုက္ခမကြုံရအောင် မပြတ်တမ်း သတိပေးဖြောင်းဖြနေရကြောင်း သူက ညည်းရှာသည်။

ညည်းချင်းကို နားထောင်အပြီး ရောင်းသူ၊ ဝယ်သူဆိုင်ရာကိစ္စများနှင့် ယခင်တစ်ပတ်က ရေးသားခဲ့သော အသက်မွေးပညာရှင်နှင့် ၎င်း၏ (အသက်မွေးဝမ်းကျောင်းခြင်း) အလုပ်ကို ဆက်စပ်ကာ ဆက်လက်စဉ်းစားမိသည်။ အစပြန်ကောက်ရလျှင် အသက်မွေးပညာရှင်ဆိုသည်မှာ နိုင်ငံတော်သမ္မတမှ ဆိုက်ကားဆရာအထိ မိမိကျွမ်းကျင် တတ်မြောက်သော အသိပညာ၊ အတတ်ပညာကိုသုံးကာ ကိုယ့်အလုပ်ကိုယ်လုပ်၍ ထို့အတွက် ပြန်လည်ရရှိသော အကျိုးကျေးဇူး၊ အဖိုးအခဖြင့် အသက်မွေးသူဖြစ်သည်။ ခပ်ဘွင်းဘွင်းပြောရလျှင် ဈေးရောင်းခြင်း။

မုန့်ဟင်းခါးသည်က မုန့်ဟင်းခါးရောင်းသည်။ ဆိုက်ကားဆရာက လိုရာခရီးရောက်မှုကို ရောင်းသည်။ ကျောင်းဆရာမက မိမိတပည့်များ တစ်သက်တာ အသုံးဝင်မည့်ပညာရေးကို ရောင်းရသည်။ ဘာသာရေးခေါင်းဆောင်က လူအများကိုးကွယ်ရာကိုရောင်းသည်။ နိုင်ငံခေါင်းဆောင်က အများပြည်သူအတွက် နိုင်ငံတော်တစ်ခုကို ရောင်းသည်။ မည်သူမဆို မိမိ၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အတွေးအခေါ်၊ အမြော်အမြင်၊ နေထိုင်ပုံမှအစ စရိုက်လက္ခဏာအထိ အခြားလူအများ လက်ခံလာအောင် မိမိကိုယ်မိမိရောင်းကြသည်။ အရောင်းအဝယ်သည် ငွေခင်တို့လူနေမှုဘ၀တွင် လူတိုင်း၏ နေ့စဉ်အလုပ်ဖြစ်သည်။ ကိုယ်က မရောင်းသည့်အချိန်တွင် ဝယ်သည်။ မဝယ်သည့်အချိန်တွင် ရောင်းသည်။ ထို့ကြောင့် အလိုရှိရာထွန်းပေါက်အောင်မြင်နိုင်စေရန် ရိုးရှင်းသော ဈေးရောင်းခြင်းသဘောတရားကိုနားလည်ကာ အသုံးချသင့်ပါသည်။ ရောင်းကုန်ပစ္စည်း စစ်မှန်တာချင်းတူညီလျှင် ရောင်းတတ်သူတို့က ပို၍အောင်မြင်သည် မဟုတ်ပါလား။

အရောင်းသမားကောင်းတစ်ဦးဖြစ်ရန် အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံးက ဝယ်သူအပေါ်ထားသည့် စိတ်ထားဖြစ်ပါလိမ့်မည်။ ဝယ်သူမရှိလျှင် အရောင်းအဝယ်မဖြစ်၊ ရောင်းစရာကုန်ပစ္စည်းလည်းဖြစ်မလာ။ ဝယ်သူမကျေနပ်သည့် အရောင်းအဝယ်မျိုးသည် ကြာရှည်မခံ၊ အလုပ်မဖြစ်၊ အနှေးနှင့်အမြန် ပျက်စီးသည်သာ။ ထို့အတွက် ဝယ်သူအမြဲမှန်သည်ဟုစိတ်ထားရန် အရောင်းသမား ဂုရုကြီးများက ဆိုကြသည်။ ဝယ်သူ၏အမြင်သည် မိမိရောင်းနေသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများ၏ လက်တွေ့အခြေအနေမှန်ကို ပြောပြသည်။ စားမကောင်းဟုဆိုလျှင် အမည်ဖျက်ချင်၍ လုပ်ကြံပြောသူ တစ်ယောက်စ၊ နှစ်ယောက်စ ဖြစ်နိုင်သော်လည်း လူအတော်များများက ပြောလာလျှင်တော့ တကယ်အရသာ မရှိ၍ ပိုဖြစ်နိုင်သည်။ ဈေးမတန်ဟုဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ ဝယ်သူများပြောစကားကို ဂရုစိုက်နားထောင်ခြင်းသည် ဘယ်တော့မှမမှား။ ဝယ်သူများ၏စကားမှ မိမိအတွက် အသုံးဝင်သည့် မှန်ကန်ချက်များကို သိနိုင်၍။

တစ်ချိန်တည်းမှာပင် ဝယ်သူအမြဲမှန်သည်ဆိုတာကတော့ အမြဲ မမှန်နိုင်။ ဥပမာ – တစ်ပတ်အတွင်း ပစ္စည်းပျက်လျှင် ငွေပြန်လျော်သည်ဆိုသဖြင့် စိတ်ကြိုက်သုံးပြီး ပျက်စီးစေလျက် တစ်ပတ်ပြည့်သောအခါ အလျော်လာတောင်းသူမျိုးနှင့် ကြုံလျှင်မလွယ်။ ထို့အတူ ကျောင်းသား ကျောင်းသူသည် စာသင်ရက်ထက် ကျောင်းပိတ်ရက်ကို ပိုကြိုက်လိမ့်မည်။ လွတ်လပ်ခြင်းကို စည်းကမ်းတကျနေထိုင်ရခြင်းထက် ပိုကြိုက်ပေမည်။ ထိုအခါမျိုးတွင် ဆရာ၊ ဆရာမများက ဝယ်သူအမြဲမှန်သည် စိတ်ထားနေ၍ မရ။ ချေးငွေရတုန်းအခိုက် ရနိုင်သမျှလိုချင်ရှာသော ငွေခင့်သူငယ်ချင်း၏ ဖောက်သည်များသည်လည်း ထိုနည်းလည်းကောင်း။

ငွေခင်ကတော့ ‘ဝယ်သူအမြဲမှန်သည်’ ဆိုသည်ထက် ‘ဝယ်သူဘုရင်’ ဟူသော စကားကို ပိုကြိုက်သည်။ ဝယ်မည် မဝယ်ဘူးဟု ဆုံးဖြတ်ခွင့် အကြွင်းမဲ့အာဏာသည် ဝယ်သူ၏လက်ဝယ်တွင်သာ ရှိသည်မဟုတ်ပါလား။ ထိုဆုံးဖြတ်ချက်ကို ဝယ်သူက ချမှတ်သည့်အချိန်တွင်တော့ ရောင်းသူ၊ အရောင်းသမားက မင်းတိုင်ပင်သဖွယ် အရေးပါလာသည်။ မင်းတိုင်ပင်ကောင်းသလောက် ဆုံးဖြတ်ချက်မှန်မည်။

ငွေခင်တို့ ခပ်ငယ်ငယ် ဈေးဝယ်စင်တာတွေ ပေါ်ကာစကဖြစ်သည်။ သူငယ်ချင်းများဖြင့် ဈေးပတ်စဉ် တစ်ခေါက် ကိုယ့်ကိုမျက်ခြည်မပြတ် လိုက်ကြည့်နေသော အရောင်းဈေးသည် မိန်းကလေးကို သတိထားမိသည်။ အမှန်တော့ ဈေးဝယ်သူတိုင်းကို သူတို့လိုက်ကြည့်နေခြင်းဖြစ်သည်။ လစ်လျှင် ခိုးနိုင်သည် အထင်ခံရသည်ဟု ခံစားရသဖြင့် ခံပြင်းသလိုလို။ သိမ်ငယ်သလိုလို။ ကိုယ်နှင့်ရွယ်တူလောက်ရှိမည့် ထိုမိန်းကလေးများတွင် ပြထားသော ပစ္စည်းများ မပျောက်မရှရအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိပြီး ၎င်းတို့၏ မျက်နှာထားအရ ဈေးဝယ်ဟန်ဆောင်သော သူခိုးများနှင့်လည်း ကြုံဖူးပုံရကြရှာသည်။ ပစ္စည်းဖိုး အလျော်ပေး၊ လစာအဖြတ်ခံ ဒုက္ခများခံစားထားဖူးပုံရသည်ဟု မိမိကပင် စဉ်းစား နားလည်ပေးလိုက်ပါသည်။

သို့နှင့် ဝတ်စုံတစ်ထည်ကို ဈေးမေးရင်း၊ ကိုယ်ခန္ဓာနှင့် တော်ပါ့မလားလို့ မေးသည့်အခါ အဖြေမရ၊ အဝတ်လဲခန်းသို့သာ ညွှန်ပြသည်။ ဝတ်ကြည့်ဆိုသည့်သဘော။ ပြဿနာက ဤတွင်တက်သည်။ ဝတ်စုံက အရွယ်သေးသဖြင့် ဝတ်မရ၊ ဆက်မဝတ်ဘဲ ပြန်ချွတ်စဉ် ဇစ်ပျက်သွားသည်။ ချုပ်ပုံချုပ်သားလည်းမခိုင်ခန့်။ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာက ထိုမိန်းကလေးကို အကျိုးအကြောင်းပြောသောအခါ စိတ်ပျက်ရတော့သည်။ ပျက်စီးသွားရင် ဝယ်ရမည်ဖြစ်ကြောင်း လေသံမာမာဖြင့် သူက ဟိန်းဟောက်သည်။ ဈေးဝယ်သူက အလိုလိုနေရင်း တရားခံဖြစ်ရခြင်း။ အခြားအရောင်းဝန်ထမ်းတွေပါ အနားရောက်လာသလို အခြားဈေးဝယ်သူတွေ ကွက်ကြည့် ကွက်ကြည့်ဖြစ်လာသည်။

ထိုအခြေအနေမျိုးကို တစ်ခါမျှမကြုံဖူးပါ။ ကိုယ်နှင့်လည်းမတော်၊ ချုပ်သားလည်းမကောင်း၊ ဇစ်လည်းပျက်နေသော ဝတ်စုံကို ဝယ်ဆိုလည်း ဝယ်ပါမည်။ သို့သော် အရည်အသွေးညံ့သောပစ္စည်းများကို ဆိုင်ပေါ်တင်၊ မတော်သည်ကို ဝတ်ကြည့်ခိုင်း၊ ပျက်သွားရင် ဝယ်ရမည်ဆိုသည်မှာ ဒီဆိုင်ရဲ့ ဈေးရောင်းပုံလား၊ တာဝန်ရှိသူကို မေးချင်ပါသည်ဟု ခပ်ပြတ်ပြတ်ပြောလိုက်သောအခါ အရောင်းကလေးမက ဆောင့်ဆောင့်အောင့်အောင့်နှင့် ဝတ်စုံကို ပြန်သိမ်းကာ လှည့်ထွက်သွားတော့သည်။ ဒေါသဖြင့် ကျန်ခဲ့ရသူက ငွေခင်သာဖြစ်သည်။

ထိုကုန်တိုက်ကို ခြေဦးမလှည့်တော့သည်မှာ ဆယ်စုနှစ် ၂ နှစ်မကချီခဲ့သည်။ ယခုအခါတွင်တော့ ထိုကုန်တိုက်ထက်ကြီးသော ဈေးဝယ်စင်တာကြီးများ ရန်ကုန်မြို့ပေါ် မှိုလိုပေါက်နေပြီ။ ဒီလိုအတွေ့အကြုံမျိုး မရှိသလောက် ရှားသွားသဖြင့် ဝမ်းသာရသည်။ သို့သော် ထိုအဖြစ်ကို ဘယ်တော့မှ မမေ့။ ကိုယ့်ကိုယ်ကိုယ်နှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း အမြဲသတိပေးမိသည်။ ခံပြင်းခြင်း၊ သိမ်ငယ်ခြင်း၊ ကြောက်ရွံ့ခြင်းများ ဝယ်သူကိုပေး၍ ဈေးရောင်းမရပါ။ ဝယ်သူသည် အမြဲတမ်း မှန်ချင်မှ မှန်နိုင်မည်။ အထက်ပါဥပမာတွင် ကိုယ်သဘောကျမိသောဝတ်စုံသည် ကိုယ်နှင့် တော်မည် မတော်မည် မဝတ်ကြည့်ဘဲ ငွေခင်မမှန်းတတ်ခဲ့။ ဆွဲလေ ကျယ်လေ ဆွဲသားမို့ ဝတ်လျှင်ရမည်ထင်သည်က မှားသည်။ သို့သော် ပစ္စည်းပျက်စီးသွားသည်အထိ အဖြစ်ခံသော ရောင်းသူက ပိုမှားပါသည်။ ပျက်စီးသွားရခြင်းအတွက် ဝယ်သူကို ပြန်လည်တရားခံရှာခြင်းကတော့ အမှားတကာ့ အမှားပင်ဖြစ်သည်။

ကျွမ်းကျင်သောအရောင်းသမားမှန်လျှင် ဝယ်သူကို ဘုရင်လိုသဘောထားကာ ဆက်ဆံမည်ဖြစ်သည်။ ဝယ်သူ၏ ပစ္စည်းအပေါ်နှစ်သက်သည့်စိတ်၊ ဝယ်ချင်စိတ်ကို အရိပ်အခြည်မပျက်ကြည့်ကာ မဖျက်ဆီးမိအောင် ကြိုးစားမည်။ အရွယ်အစား၊ ဒီဇိုင်းနှင့် ဝတ်ဆင်ပုံကို လိမ္မာပါးနပ်စွာ ရှင်းလင်းပြသလိမ့်မည်။ ဝယ်သူကြိုက်သောပစ္စည်းနှင့် အဆင်မပြေဖြစ်နေလျှင် အတင်းထိုးမရောင်းဘဲ အလားတူပစ္စည်းမျိုးကို အသာအယာ မိတ်ဆက်ညွှန်ပြပေးမည်။ အားသာချက် အားနည်းချက်များကို နှိုင်းယှဉ်ပြောပြကာ အကြံပေးမည်။ ဝယ်ရန် မဝယ်ရန် အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်အောင် ဖော်ဖော်ရွေရွေ ကူညီပေးလိမ့်မည်။ ထိုအခါ လိုချင်တာ မဝယ်လိုက်ရလျှင်တောင် ဒီဆိုင်နှင့် ဒီအရောင်းသမားကို ဝယ်သူက ကျေနပ်ယုံကြည်သွားပြီး အသိမိတ်ဆွေများကိုလည်း လမ်းညွှန်တိုက်တွန်းတော့မည်ဖြစ်သည်။ မိမိ၏ ကုန်ပစ္စည်းမရောင်းလိုက်ရသည့်တိုင် မိမိနှင့်မိမိ၏ဆိုင် (မိမိလုပ်သောအလုပ်) ကို အမိအရ ရောင်းလိုက်နိုင်ခြင်းဖြစ်သည်။ အသက်မွေးပညာရှင် အရောင်းသမားစစ်စစ်၏ အလုပ်ဖြစ်သည်။

ယနေ့ကဲ့သို့ အင်တာနက်ခေတ်တွင် ဝယ်သူတစ်ဦး၏ ကျေနပ်စကား၊ မကျေနပ်စကားတို့ လူများအကြား ပျံ့နှံ့သွားရန် အလွန်လွယ်ကူသည်။ ထိုဂယက်သည် မိမိ၏အလုပ်အပေါ် လူအများ၏ အကဲဖြတ်မှုနှင့် အမြင်ကို အကြီးအကျယ်ရိုက်ခတ်သည်။ နာမည်ကြီးလုပ်ငန်းများ ရေရှည်အောင်မြင်ရခြင်း၏ သော့ချက်သည် ၎င်းတို့၏ ဝယ်သူများကို ဟင်ခနဲ ဟာခနဲ အံ့ဩဝမ်းသာ ကျေနပ်သွားအောင်လုပ်နိုင်စွမ်းဖြစ်သည်ဟုဆိုကြလေသည်။ ဝယ်သူကို ဘုရင်လို တန်ဖိုးထားဆက်ဆံနိုင်လျှင် အောင်မြင်မှုများ မလွဲမသွေရောက်ရှိလာပါလိမ့်မည်။
ဝယ်သူအမြဲမမှန်ပါ။ သို့သော် ဝယ်သူသည် ဘုရင်ဖြစ်ပါသည်။

 

ငွေခင်

(၈-၁၀-၂၀၁၇)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *